Wednesday, June 10, 2009

နိုင်ငံတကာ ဖိအားပေးရန် KNU တောင်းဆို

မြန်မာနိုင်ငံ၌ လက်ရှိ ကြုံတွေ့နေရသည့် နိုင်ငံရေးနှင့် စစ်ရေးပြဿနာများကို အမြန်ဆုံး ဖြေရှင်းရေးအတွက် ကုလသမဂ္ဂ အပါဝင် နိုင်ငံတကာနှင့် ဒေသတွင်း အိမ်နီးချင်း နိုင်ငံများက တညီတညွတ်တည်း စစ်အစိုးရအား ဖိအားပေးရန် ကရင်အမျိုးသား အစည်းအရုံး (KNU) က ယမန်နေ့တွင် တောင်းဆိုလိုက်သည်။

ယမန်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် KNU ၏ ကြေညာချက်တွင် အနိုင်ရ နိုင်ငံရေးပါတီ၊ တိုင်းရင်းသား ခေါင်းဆောင်များနှင့် စစ်အစိုးရ ပါဝင်သော သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကိုလည်း အမြန်ဆုံး အကောင် အထည်ဖော်ဆောင်ရန် တိုက်တွန်း တောင်းဆိုထားသည်။

ထို့အပြင် စစ်ပြေး ဒုက္ခသည်များအတွက် အရေးပေါ်အကူအညီများကို အမြန်ဆုံးထောက်ပံ့ပေးရန် နိုင်ငံတကာရှိ (NGO) များ ပြည်တွင်းပြည်ပရောက် ကရင်အမျိုးသားများနှင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် အဖွဲ့ အစည်းများကိုလည်း ၎င်း KNU အဖွဲ့က တောင်းဆိုကြောင်း ရေးသားထားသည်။

ဇွန်လဆန်းမှစတင်၍ မြန်မာစစ်အစိုးရတပ်နှင့်တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်ဖွဲ့(DKBA) ပူး ပေါင်း တပ်များသည် ကရင်အမျိုးသားအစည်းအရုံး (KNU ) လက်အောက်ခံ KNLA တပ်မဟာ(၇)တပ်စခန်းများ ကိုဆက်တိုက် ထိုးစစ်ဆင်ခဲ့ပြီးနောက် ဤကဲ့သို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

၎င်း တိုက်ပွဲများကြောင့် ယမန်နေ့အထိ ကရင်ရွာသားပေါင်း ၄၀၀၀ ကျော် စစ်ပြေးဒုက္ခသည်အဖြစ်ထွက်ပြေးတိမ်း ရှောင်ခဲ့ရသည် ဟုသိရသည်။ ထွက်ပြေးလာသည့် ကရင်ဒုက္ခသည် အများစုမှာ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် အတွင်းရှိကျေးရွာများမှဖြစ်ပြီး ထိုင်းနိုင်ငံ တာ့ခ် ခရိုင်အတွင်းရှိ မဲ့သဝေါနှင့် မဲ့သလေမြို့နယ်များသို့ ထွက်ပြေး ရောက်ရှိလာကြောင်း သိရသည်။

ကရင်ဒုက္ခသည်များ၏ စားသောက်နေထိုင်ရေးနှင့် ပတ်သက်၍ မိုးတွင်းကာလဖြစ်သည့်အတွက် ကျန်းမာရေး အခက်အခဲများနှင့်လည် ရင်ဆိုင်နေရကြောင်း သိရှိရသည်။ ၎င်း ကရင်ဒုက္ခသည်များကို ကရင်ဒုက္ခသည်များ ကော်မတီ (KRC) မှ တဆင့် စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းလည်းသိရသည်။

တိုက်ပွဲများနှင့် ဆက်စပ်၍ KNU ၏ ထုတ်ပြန်ကြေညာချက်တွင်“နယ်ခြားစောင့်တပ်ဖွဲ့များအ ဖြစ် မြန်မာစစ်အစိုးရ က ပြောင်းလဲဖွဲ့စည်းတော့မည်ဖြစ်ရာ DKBA သည်လည်း ဖောင်စီးရင်းရေငတ် ဘ၀မှ စစ်အစိုးရ၏ လှည့်ကွက် ပယောဂကြောင့် ကျွန်သဘောက်ဘ၀သို့ လုံးလုံးလျားလျား ကျရောက်သွားရတော့မည့် အခြေအနေသို့ ဆိုက်ရောက်နေပြီဖြစ်သည်”ဟု ဆိုထားသည်။

ယခုအခါတွင် ၀ တပ်ဖွဲ့ (UWSA) ၊ ကိုးကန့်နှင့် SSA မြောက်ပိုင်း အပစ်ရပ်အဖွဲ့များက မိမိတို့၏ အမျိုးသား ကိုယ် ပိုင်ပြဌာန်းခွင့်များ မဆုံးရှုံးရအောင် သက်ဆိုင်ရာ ဒေသခံ ပြည်သူများ နှင့် လက်တွဲ၍ သီးခြားရပ်တည်နိုင်ရေး နအဖ၏ ကျွန်သဘောက်မဖြစ်ရေးအတွက် ရပ်တည်လုပ်ဆောင်မှုများကို DKBA အနေဖြင့် များစွာနမူနာယူသင့် သည်ဟုလည်း ၎င်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

နအဖ နှင့် အပစ်ခတ်ရပ်စဲထားသည့် အဖွဲ့များထဲမှ (DKBA)က နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲရန် သဘော တူခဲ့ပြီး ၎င်းထိန်းချုပ်ထားသော နယ်မြေ ဒေသများ၌ လွန်ခဲ့သည့် မေလအတွင်း သထုံမြို့နယ် နှင့် ဘာအံခရိုင်ရှိ ကျေးရွာဒေသခံများကို တပ်သားသစ်များ စုဆောင်းနေကြောင်းသိရသည်။

“DKBA ဟူ၍ စတင်ပေါ်ထွန်းလာချိန်မှစ၍ ယခုအထိ အခြေအနေမှန်များကို ပြန်ကြည့်လျှင် စစ်အစိုးရမှ DKBA ကို ကရင်အချင်းချင်း ပြည်လည်တိုက်ခိုက်သတ်ဖြတ်မှုတွင် အသုံးချခဲ့သဖြင့် DKBA တပ်ဖွဲ့ဝင်များကိုယ်တိုင်နှင့် သက်ဆိုင်ရာ မိသာစုများ အလွန်တရာ ထိခိုက်နစ်နာခဲ့ကြရသည်”ဟု ထုတ်ပြချက်တွင်ဖော်ပြထားသည်။

မြန်မာစစ်အစိုးရက KNU ကိုထိုးစစ်ဆင်တိုက်ခိုက်နေခြင်းသည် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကို နယ် ခြားစောင့်တပ်အဖြစ် အသွင်ကူးပြောင်းရေးကိစ္စကြောင့် ဖိအားပေးတာမျိုးဖြစ်နိုင်သည်ဟု မြန်မာ့အရေး လေ့လာ သူ ဦးအောင်နိုင်ဦးက ဧရာဝတီသို့ ပြောသည်။

“တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေကို နယ်ခြားစောင့် အသွင်ပြောင်းမယ့် ကိစ္စမှာ သူ့စကားကို နားမ ထောင်၊ပြောလို့မရတဲ့ သူတွေကိုလုပ်တဲ့အနေအထားမျိုးလို့ထင်တယ်”ဟု ဦးအောင်နိုင်ဦးက ဆိုသည်။
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment