Sunday, March 29, 2009

ကေအဲန်ယူ တိုက်ခိုက်မှုကြောင့် နအဖစစ်သည်၁၁ဦး ကျဆုံးထိခိုက်

ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)တပ်မဟာ ၄မှ နအဖ ၅၅၇ခြေမြန်တပ်ရင်း စစ်ကြောင်းကို မတ်လ ၂၇ရက်နေ့တွင် ရှောင်တခင်ဝင်ရောက်တိုက်ခိုက်ရာ ဒုရင်းမှူးအပါအ၀င် ၁၁ဦး အပြင်းအထန် ကျဆုံးဒဏ်ရာရရှိသည်ဟု သိရသည်။

ကေအဲန်ယူ တပ်မဟာ(၄)မှ တပ်ခွဲမှူးဗိုလ်ကြီးလေးသိန်းဦးစီးသည့် အင်အား ၁၅ဦးပါအဖွဲ့သည် ထိုနေ့နေ့လည် (၁၁:၃၀)နာရီတွင် တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ အမိုကျေးရွာတွင် အခြေစိုက်သည့် နအဖ ခမရ ၅၅၇စစ်ကြောင်း ၂မှ ဒုရင်းမှူး ဗိုလ်မှူး အောင်မျိုးသိန်းဦးစီးသည့် စစ်ကြောင်းကို လက်နက်ကြီးငယ်များဖြင့် ၀င်ရောက်တိုက်ခိုက်ခဲ့သည်ဟု ကေအဲန်ယူတပ်မဟာ ၄မှ ပေးပို့လာသည့် သတင်းများအရ သိရသည်။

နာရီဝက်ကြာသည့် အဆိုပါတိုက်ပွဲတွင် ဒဏ်ရာပြင်းထန်သူများကို ထားဝယ်မြို့ဆေးရုံသို့ ပို့ဆောင်ရာ ဆင်ဖြူဒိုင်ကျေးရွာအရောက်တွင် တပ်ခွဲမှူးဗိုလ်သက်အောင်(ကြည်း-၃၆၉၂၇)၊ တပ်ကြပ်ကြီးစိုးဝင်း(အမှတ်-၅၇၆၄၈၅)၊ တပ်ကြပ်ကြီးသန့်ဇင်အောင်(အမှတ်-၁၁၈၅၀)နှင့် တပ်ကြပ်ကြီးစိုးသန်း(အမှတ်-၆၇၈၄၉၂)တို့ လေးဦးမှာ ကျဆုံးသွားပြီး ဒဏ်ရာရရှိသည့် ကျန်စစ်သည်များမှာ တပ်ကြပ်ကြီးဇော်ထူးအောင်၊ ဒုတပ်ကြပ်ဇော်လင်းထိုက်၊ ဒုတပ်ကြပ်အောင်ဝင်း၊ တပ်သားဝင်းလွင်ထွန်း၊ တပ်သားရာဇာထွန်း၊ တပ်သားကျော်သူရနှင့် တပ်သားရဲထွတ်အောင်တို့ဖြစ်ကြောင်း သိရှိရသည်။

တိုက်ခိုက်ခံရသည့် နအဖစစ်ကြောင်းသည် တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ထီးထာ့ကျေးရွာကို အခြေပြုသည့် ရှေ့တန်းအမှတ် ၁၃စစ်ဆင်ရေးဌာနချုပ် လက်အောက်ခံရှေ့တန်းနည်းဗျူဟာ ၁မှူး ဗိုလ်မှူးကြီးသန်းမြင့် ကွပ်ကဲမှုအောက်မှ စစ်ကြောင်းတကြောင်းဖြစ်သည်ဟု ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်မှ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ထံသို့ ပေးပို့သော တိုက်ပွဲသတင်းများအရ သိရသည်။
ကရင်သတင်းစဉ်(KIC)
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment