Tuesday, May 21, 2013

ကရင် လက်နက်ကိုင်အဖွဲ့များ အားလုံး စည်းလုံးရေးနှင့် ငြိမ်းချမ်းရေး ကြိုးပမ်းကြမည် သန်းထိုက်ဦး|


ကရင်းအမျိုးသား စည်းလုံးရေးနှင့် ငြိမ်းချမ်းရေး ကော်မတီဝင်များ (ဓာတ်ပုံ – Poe Kwekabaw)
ကရင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ကရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အချင်းချင်း ပြန်လည် စည်းလုံးညီညွတ်မှုရရှိရန် ကရင်အမျိုးသား စည်းလုံးရေးနှင့် ငြိမ်းချမ်းရေး ကော်မတီဝင်များက ကြိုးပမ်းမည် ဖြစ်ကြောင်း သိရသည်။
ကရင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို လိုက်လံတွေ့ဆုံရန် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများနှင့် ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်တို့ ပါဝင်သည့် ကော်မတီတရပ် ဖွဲ့ပေးထားပြီး ဖြစ်ကြောင်း ကရင်အမျိုးသား စည်းလုံးရေးနှင့် ငြိမ်းချမ်းရေး ကော်မတီမှ ပြောခွင့်ရပုဂ္ဂိုလ် စောမက်သယူးအေးက ဧရာဝတီသို့ ပြောသည်။
လတ်တလောတွင် ယင်း ကော်မတီဝင်များက အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့် ကရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့ခန့်ကို တဖွဲ့ချင်းစီအလိုက် တွေ့ဆုံရန် စီစဉ်နေပြီ ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“အဓိက လက်နက်ကိုင် အဖွဲ့အစည်းတွေက အထူးသဖြင့် လက်နက်တွေ ကိုင်ဆောင်ထားတဲ့ အခါကျတော့ ပါးစပ်နဲ့ စကားပြောတာထက် သူတို့က လက်နက်နဲ့ပဲ ဖြေရှင်းကြတဲ့ သဘောမျိုးရှိတဲ့ အခါမှာ ပဋိပက္ခတွေ ထပ်မဖြစ်ရအောင် တဖွဲ့ချင်းစီကို ကျနော်တို့က တွေ့ဆုံမယ်၊ ညှိနိုင်းမယ်၊ အဲဒါကို ဦးတည်တာ ဖြစ်တယ်” ဟု စောမက်သယူးအေးက ဆက်ပြောသည်။
ကရင် ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA)၊ သံတောင် မြောက်ပိုင်း ပြည်သူစစ် အဖွဲ့၊ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA)၊ ကရင် အမျိုးသား အစည်းအရုံး (KNU)၊ နယ်ခြားစောင့်တပ်ဖွဲ့ အပါအ၀င် ၇ ဖွဲ့ခန့်ကို တွေ့ဆုံရန် စီစဉ်ထားကြောင်း ၎င်းက ဆိုသည်။
စောမက်သယူးအေး၏ အဆိုရ ၎င်းတို့ အနေဖြင့် ကရင်တိုင်းရင်းသား လက်နက် အဖွဲ့အစည်းများ အချင်းချင်း ပြန်လည် စည်းလုံးညီညွတ်မှု ရရှိရန် လုပ်ဆောင်နေခြင်းကို တိုင်းရင်းသား ရေးရာ ၀န်ကြီးတချို့က နိုင်ငံတော် အစိုးရက ကန့်ကွက်မည် မဟုတ်ကြောင်း ပြောကြားသည်ဟု သိရသည်။
ကရင်ပြည်နယ် ဘားအံမြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ဒေါ်နန်းခင်ထွေးမြင့်က အစိုးရ တပ်မတော် အနေဖြင့် မည့်ကဲ့သို့ သဘောထားရှိသည်ကို မသိရသော်လည်း ယခုကဲ့သို့ လုပ်ဆောင်နေခြင်း အပေါ် ကြိုဆိုကြောင်း ပြောသည်။
၎င်းက “လက်နက်ကိုင်ပြီး တဖွဲ့နဲ့ တဖွဲ့ မပြေလည်ရင် ပြည်တွင်းထဲက လူတွေ မြေဇာပင် အဖြစ်တွေနဲ့ ပိုပြီးခံရမယ်၊ ကရင်ပြည်နယ်က ကရင် လက်နက်ကိုင်တွေ တစုတစည်းတည်း ဖြစ်သွားတာကို ပိုပြီးတော့ ကျေနပ်တယ်” ဟု ဆိုသည်။
ကရင် အမျိုးသား စည်းလုံးရေးနှင့် ငြိမ်းချမ်းရေး ကော်မတီသည် ပြီးခဲ့သည့် မတ်လက ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင် ဟိုတယ်၌ ကျင်းပ ပြုလုပ်ခဲ့သည့် ကရင်ရေးရာ အစည်းအဝေးမှ တက်ရောက်သူ ၃၇ ဦးခန့်ကို ရွေးချယ် တင်မြောက်၍ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
ယင်း ကော်မတီဝင် ၃၇ ဦးတို့က ယခုလ ၁၈ ရက်နေ့မှ စတင်၍ ၂ ရက်ခန့်အကြာ ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးပွဲ တရပ် ကျင်းပခဲ့ရာ ကရင်တိုင်းရင်းသား အချင်းချင်း ပြည်လည် စည်းလုံး ညီညွတ်မှုရရှိရေး အပြင် ကရင်အမျိုးသားများ၏ အနာဂတ် အရေးတို့ကို ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ကရင် တိုင်းရင်းသားများ ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်ရေး၊ လူနေမှု ဘ၀ တိုးတက်မြင့်မား လာစေရေးနှင့် ကရင် လူမျိုးအများစု နေထိုင်သော ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ခရိုင်၊ မြို့နယ်၊ ကျေးရွာတို့မှ ကရင် လူမျိုး အချင်းချင်း တွေ့ဆုံ ဆွေးနွေးခွင့် ပေးရေး တို့ကို ဦးစားပေး ဆောင်ရွက်ရန် အချက် ၁၀ ချက်ကို ချမှတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
Monday, May 20, 2013

နိုင်ငံသားစီစစ်ရေးကဒ် မရှိသေး၍ KNU/KNLA PC စီးပွားရေးလုပ်ကိုင်ရန် ခက်ခဲ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈမ)။      ။ KNU/KNLA PC (ငြိမ်းချမ်းရေးကောင်စီ)သည် အစိုးရက လုပ်ပိုင်ခွင့်ပေးမည်ဆိုပါက
လေကြောင်းလိုင်း ပြေးဆွဲခြင်းနှင့် အခြေခံအဆောက်အအုံနှင့်ဆိုင်သော စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လိုသော်လည်း နိုင်ငံသား စီစစ်ရေး ကဒ်မရှိဟု KNU/ KNLA PC (ငြိမ်းချမ်းရေး ကောင်စီ)မှ အထူးစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး တိုက်ဂါးက မဇ္ဈိမကိုပြောသည်။

 အထူးစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးတိုက်ဂါးက "ကျွန်တော်တို့အစီအစဉ်ရှိတယ်။ အခွင့်အရေးရှိပြီဆိုရင် ကျွန်တော်တို့ လေယာဉ်ပျံတွေ ဆွဲမယ်။ ယိုးဒယားနဲ့ ရန်ကုန်ပြေးဆွဲမယ်။ မဲဆောက်နဲ့ မော်လမြိုင်တို့ အခု ကျွန်တော့် တပည့်တွေ လုပ်ထားတာတွေ ရှိတယ်။ ယိုးဒယားမှာ။ ကျွန်တော်လည်းလုပ်ချင်တယ်။ ဒါပေမယ့် မှတ်ပုံတင် မရှိဘူး ”ဟု ပြောသည်။

KNU/KNLA PC (ငြိမ်းချမ်းရေးကောင်စီ) အနေဖြင့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန် ဆန္ဒရှိသော်လည်း အစိုးရမှ လုပ်ပိုင်ခွင့်မပေးကြောင်း ၊ ထို့အပြင် ကုမ္ပဏီထောင်မည် ဆိုပါက နိုင်ငံသား စီစစ်ရေး ကတ်ပြား ရှိရန် လိုအပ်သော်လည်း လက်နက်ကိုင်အဖွဲ့များ အနေဖြင့် မရရှိသေးသောကြောင့် စီးပွားရေး လုပ်ကိုင်ရန် မလွယ်ကြောင်း ဗိုလ်မှူးတိုက်ဂါးကပြောသည်။

ဗိုလ်မှူးတိုက်ဂါးက "မှတ်ပုံတင်က အကိုသွားလုပ်တာ တစ်နှစ်ကျော်ရှိပြီ။ ကိုယ်တိုင်သွားလုပ်တာ မရသေးဘူး။
ပြောတော့ ဗိုလ်မှူးတိုက်ဂါး ဘာမှမပူနဲ့ ၃ရက်အတွင်းလုပ်ပေးမယ်ပြောတယ်။ ကျွန်တော်တို့စဉ်းစားတာ။ မှတ်ပုံတင်မရရင် ကရင်မှတ်ပုံတင်လုပ်မယ်။ ကရင်ပြည်နယ်မှာ ကရင်ဘယ်နှယောက်ရှိလဲ။ စာရင်းကောက် မယ်။ ကျွန်တော်တို့ကရင်မှတ်ပုံ ကျွန်တော်တို့လုပ်မယ်။" ဟု ဆိုသည်။

ထို့အပြင် KNU/KNLA PC အနေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အခြေခံ အဆောက်အအုံ (Infranstructure)
နှင့် ဆိုင်သော လမ်းဖောက်လုပ်ရေး၊ လျှပ်စစ်မီးကိစ္စများကို BOT (တည်ဆောက်၊ လုပ်ကိုင်၊ လွဲပြောင်း) စနစ်ဖြင့် လုပ်ကိုင်လိုကြောင်း KNU/KNLA PC(ငြိမ်းချမ်းရေးကောင်စီ) ဗဟိုကော်မတီမှ ပြည်သူ့
ဆက်ဆံရေးနဲ့ နိုင်ငံခြားရေးရာ အကြီးအကဲ ဒေါက်တာ သေမထီ လက်ခ်လန်က မဇ္ဈိမကိုပြောသည်။

KNU/KNLA PC (ငြိမ်းချမ်းရေးကောင်စီ)နှင့် ကရင်ပြည်နယ်ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလက နေပြည်တော်တွင် ပဏာမသဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီး အချက်ခုနှစ်ချက် သဘောတူညီခဲ့သည်။ ထိုသဘောတူညီချက်တွင် စီးပွားရေးနှင့် ပတ်သက်သောအချက်အနေဖြင့် ကုမ္ပဏီ၏စီးပွားရေး၊ ဆက်ဆံရေးရုံးများကို ဘားအံ၊ မြဝတီ၊ ဘုရားသုံးဆူ၊ ကော့ကရိတ်၊ မောတောင်၊
ကော့သောင်းတို့တွင် ထားရှိရမည်ဟု ပါရှိသည်။

ထိုကိစ္စနှင့်ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဦးခင်ရီနှင့် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မင်းတို့အား မဇ္ဈိမက ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ်မရခဲ့ပေ။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဦးခင်ရီနှင့် Norwegian Refugee Council(NRC)တို့မှ ၂၀၁၂ခုနှစ်တွင် KNU ထိန်းချုပ်နယ်မြေထဲမှာရှိသော ပဲခူးတိုင်း
ကျောက်ကြီးမြို့၊ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့တစ်ဝိုက်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် မိုးပွင့်စီမံချက် အဖြစ် အသက်၁၀နှစ်အရွယ်မှစကာ နိုင်ငံသား စိစစ်ရေး ကတ်ပြားများ အခမဲ့ ဆောင်ရွက်ပေးခဲ့သည်။

KNU မှ ၄င်းတို့ ရင်ဆိုင်နေရဆဲ အခက်အခဲများကို နော်ဝေး အစိုးရအား တင်ပြ


KNU နှင့် အစိုးရ ကိုယ်စားလှယ်တို့ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးစဉ် KNU နှင့် အစိုးရ ကိုယ်စားလှယ်တို့ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးစဉ် (ဓါတ်ပုံ HMS)
ကရင် အမျိုးသား အစည်းအရုံး (KNU) သည် အစိုးရနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် အရေးကြီးသော စခန်းဆင့် () ရပ်၌ အခက်အခဲ ရှိနေဆဲဖြစ်ကြောင်း နော်ဝေးနိုင်ငံခြားရေး ဒုတိယ ဝန်ကြီးMr. Torgeir Larsen နှင့် ခေတ္တ တွေ့ဆုံစဉ် ပြောကြား ခဲ့သည်ဟု KNU အထွေထွေ အတွင်းရေးမှူး ပဒို ကွယ်ထူးဝင်းက ဆိုပါသည်။  
အစိုးရနဲ့ ငြိမ်းချမ်းရေး တည်ဆောက်တဲ့ နေရာမှာ အရေးကြီးတဲ့ အခက်အခဲ () ခု ရှိနေတယ်။ အဓိက ကတော့ အပစ် အခတ် ရပ်စဲတဲ့နေရာမှာ  Code of ethic (ကျင့်ဝတ်) တွေ ရှိရမယ်။ ပြီးတော့ အပစ်ရပ်တဲ့ နေရာမှာ အပြန်အလှန် ယုံကြည်မှုတွေ တည်ဆောက်ဖို့ လိုတယ်။ ဒီတော့ တပ်နေရာတွေ ပြန်ချဖို့ လိုအပ်တယ်။ ပြီးတော့ တခါ အပစ်လည်း ရပ်လိုက်ရော အဲဒီ အပစ်ရပ်တဲ့ ဒေသမှာ မြေသိမ်းမှုတွေ တခါထဲ ဖြစ်လာတော့ တာပါဘဲ။ ဒါကို အစိုးရနဲ့ ဆွေးနွေးတဲ့နေ ရာမှာ အဲဒီ အခက်အခဲတွေ ရှိနေဆဲလို့ နော်ဝေး အဖွဲ့ကို ကျနော် တင်ပြလိုက်တယ်ဟု ဆိုပါသည်။
KNU သည် အစိုးရနှင့် တနှစ်ကျော်ကြာ အပစ်အခတ် ရပ်စဲလာခဲ့သည့် အလျှောက် ရေရှည် အပစ်အခတ် ရပ်စဲရေးကို မျှော်မှန်းတဲ့ အကြောင်း၊ အထူးသဖြင့် စစ်ရေး ကိစ္စများ၌ ယုံကြည်မှုများ မတည်ဆောက်နိုင်မှီ အပစ်ရပ်ဒေသက မြေယာ သိမ်းဆည်းမှု ကိစ္စများ ထပ်မံ ဖြစ်ပေါ်လာသဖြင့်  နှစ်ဖက် ဆက်ဆံရေးအား အဆိုးဖက်ကို တွန်းအားပေးစေသလို ဖြစ်ပွားလာနေကြောင်း နော်ဝေး အဖွဲ့အား တင်ပြခဲ့ပါသည်။ ဤသို့ကြောင့် ယင်းပြသနာများအား နော်ဝေးဖက်မှ ကြားဝင်ပြီး ၀ိုင်းဝန်း ဖြေရှင်းပေးနိုင်ရန် အကူအညီ ပေးသင့်ကြောင်း ဆိုပါသည်။
ဤကဲ့သို့ တင်ပြ လိုက်သဖြင့် နော်ဝေး နိုင်ငံခြားရေးဒုတိယ ဝန်ကြီးသည် KNU ၏ တင်ပြချက်အပေါ် မြန်မာ အစိုးရအား ဆက်လက်တင်ပြ ဆွေးနွေးသွားမည်ဟု ဆိုပါသည်။ ထို့အပြင် မြန်မာ့ ငြိမ်းချမ်းရေး ကိစ္စအတွက် အထောက်အကူ ဖြစ်စေသော စီမံကိန်းများကိုလည်း ဆက်လက် လည်ပတ် သွားနိုင်စေရန် ဆက်လက် အကူအညီ ပေးသွားမည် ဖြစ်သည်ဟု ဆိုသွားပါသည်။
အထူးသဖြင့် ပညာရေး၊ ကျန်းမာရေး၊ အသက်မွေး ၀မ်းကြောင်း ပညာရပ်များနှင့် လူသားများ၏ စွမ်းရည်မြုင့်တင်မှုများ၌ ဆက်လက် ထောက်ပံ့ ကူညီမည်ဟု ဆိုပါသည်။
နော်ဝေး နိုင်ငံခြားရေး ဒုတိယ ဝန်ကြီးနှင့် အတူ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေး သံအမတ်ကြီးနှင့် နော်ဝေး နိုင်ငံဒုက္ခသည် ဆိုင်ရာ ကောင်စီ (Nor- wegian Refugee Council-NRC) တို့လည်း ပါလာခဲ့ပါသည်။
KNU အဖွဲ့သည် နော်ဝေးနိုင်ငံခြားရေး ဒုတိယ ဝန်ကြီးနှင့် အဖွဲ့အား ပြီးခဲ့သည့် မေလ (၁၄) ရက်တွင် ကရင်ပြည်နယ် ဖါးအံမြို့၌ တွေ့ဆုံ ဆွေးနွေး ခဲ့ခြင်း ဖြစ်ပါသည်။ ယင်းတွေ့ဆုံမှုတွင် KNU အထွေထွေ အတွင်းရေးမှူး ပဒို ကွယ်ထူးဝင်း ခေါင်းဆောင်ပြီး၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂျော်နီ၊ တပ်မဟာ () မှူးနှင့် ဗဟို ကော်မီတီဝင် တစ်ဦး တို့က ပါဝင်ဆွေးနွေး ခဲ့ပါသည်။
နော်ဝေးနိုင်ငံခြားရေး ဒုတိယ ဝန်ကြီးနှင့် အဖွဲ့သည် ၄င်းတို့ အကူအညီ ပေးရန်ရှိသော OSS စနစ်ဖြင့် ဒေသခံ ကရင်ပြည်သူ များအား အခမဲ့ နိုင်ငံသား စီစစ်ရေး ကတ်ပြား ထုတ်ပေးရန် အစိုးရ ကိုယ်စားလှယ်နှင့် သဘောတူ စာချုပ် ချုပ်ဆို ခဲ့ပါသည်။ ယင်းစာချုပ်ကို မေလ (၁၅) ရက်နေ့ နံက်ပိုင်းတွင် နော်ဝေး ဒုက္ခသည် ဆိုင်ရာ ကောင်စီ (Nor- wegian Refugee Council-NRC) နှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီး ဌာနတို့က ကရင်ပြည်နယ် ပိုင်ကျုံမြို့ နယ်ခွဲ နောင်ဘိုကြီးကျေးရွာ ဘုန်းကြီးကျောင်း ဓမ္မာရုံတွင် ချုပ်ဆိုခဲ့ပါသည်။
ယင်းအခမ်းအနားတွင် KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂျော်နီက ဝေးလံ ခေါင်သီသော ကရင်ဒေသများသို့ လာရောက် အကူအညီ ပေးခဲ့သော နော်ဝေးနိုင်ငံနှင့် သက်ဆိုင်ရာ လူကြီးမင်းများအား ကရင်ပြည်သူ ကိုယ်စားကျေးဇူး တင်ရှိကြောင်း ပြောကြား ခဲ့ပါသည်။
ထို့အတူ  နော်ဝေးနိုင်ငံမှ Country Director Mr.Christopher Bleers ကလည်း သဘောတူ စာချုပ်နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြား ခဲ့ပါသည်။နော်ဝေး အစိုးရ၏ အခမဲ့ နိုင်ငံသား စိစစ်ရေး ကတ်ပြား ထုတ်ပေးခြင်း အစီအစဉ်သည် ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းရှိ တောနယ်များပါ သက်ရောက် သည်ဟု ဆိုပါ သည်။

Sunday, May 19, 2013

မိုးကျတော့မည် ... ၊ ကျောင်းဖွင့်တော့မည် ... ကချင်ပြည်နယ်အတွင်းရှိ စစ်ဘေးဒုက္ခသည် တစ်သိန်းဝန်းကျင်မှာ ဒုက္ခသည် စခန်းများတွင်သာ ခိုလှုံနေရ

AddThis Social Bookmark Button
kachin2-may19
မိုင်းနား ဘက်စုံဖွံ့ဖြိုးရေးခြံ KBC ဒုက္ခသည် စခန်းအတွင်း မြင်ကွင်းကို မေ ၁၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ထွန်းလင်းအောင်)
မြန်မာနိုင်ငံ၏ မိုးဦးရာသီသည် လာမည့် ဇွန်လဆန်းတွင် စတင်မည်ဖြစ်ပြီး အခြေခံ ပညာကျောင်းများလည်း စတင်ဖွင့်လှစ်တော့မည် ဖြစ်သော်လည်း ကချင်ပြည်နယ် အတွင်းရှိ စစ်ဘေးဒုက္ခသည် များမှာမူ နှစ်နှစ်နီးပါး ကြာမြင့်လာသည့် လက်ရှိအချိန်အထိ စစ်ဘေးဒုက္ခသည် စခန်းများတွင် နေထိုင်နေရဆဲဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် ကေအိုင်အေ အဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ်ပွားမှုသည် ၂၀၁၁ ခုနှစ် ဇွန် ၉ ရက်တွင် စတင်ခဲ့ပြီး ၂၀၁၃ ခုနှစ် ဇွန် ၉ ရက်တွင် နှစ်နှစ် ပြည့်မြောက်တော့မည် ဖြစ်သည်။
"အခုအချိန်အထိ စခန်းတွေမှာ နေရတဲ့ သူဦးရေဟာ အားလုံးပေါင်း တစ်သိန်းဝန်းကျင် ရှိပါတယ်။ သူတို့အတွက် လတ်တလော အရေးတကြီး လိုအပ်ချက်က နံပါတ် (၁) အစားအစာ၊ နံပါတ် (၂) ပညာရေးပါ" ဟု ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်ခွန်ဂျာက မေ ၁၈ ရက်တွင် ပြောကြားသည်။
၂၀၁၁ ခုနှစ်အတွင်း တိုက်ပွဲများ စတင်ဖြစ်ပွားရာ ဒေသသည် ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် တာပိန်ရေအားလျှပ် စစ်တည်ရှိရာ ဒေသတစ်ဝိုက်တွင် ဖြစ်သည်။ နောက်ပိုင်း၌ တိုက်ပွဲဖြစ်ပွားမှုသည် မြစ်ကြီးနားမြို့နယ်၊ ၀ိုင်းမော်မြို့နယ်၊ မန်စီမြို့နယ်များသို့ပါ သက်ရောက်မှုများ ရှိလာခဲ့သည်။  
၂၀၁၁ ခုနှစ် ဇွန်၊ ဇူလိုင်လများမှ စတင်ကာ ဒေသခံများသည် နေထိုင်ရာ ကျေးရွာများကို စွန့်ခွာမှုများ ရှိလာခဲ့သည်။ မြို့ပေါ်ကယ်ဆယ်ရေး စခန်းများ၊ ကျေးရွာများမှ သာသနိက အဆောက်အအုံများတွင် ဖွင့်လှစ်သော ကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံမှုများအပြင် တောတွင်းကယ်ဆယ်ရေး စခန်းများသို့ ရောက်ရှိခိုလှုံသူများလည်း ရှိလာခဲ့သည်။
လက်ရှိတွင် တရုတ်နိုင်ငံနှင့် နယ်စပ်ဒေသများ၌ တောတွင်းကယ်ဆယ်ရေး စခန်းများ မရှိတော့ဘဲ မြို့ပေါ်စခန်းများနှင့် မြို့နှင့် အလှမ်းမဝေးသော စခန်းများ၌ ဆက်လက် နေထိုင်နေကြသည်ဟု သိရသည်။
ကချင်ပြည်နယ် အစိုးရ လက်အောက်တွင် ဒုက္ခသည် စခန်းပေါင်း ၁၀၅ ခုရှိပြီး ကျေးရွာပေါင်း ၂၉၉ ရွာမှ ဒုက္ခသည်ပေါင်း ၃၉၀၀၀ ကျော်မှာ ဒုက္ခသည် စခန်းများတွင် ခိုလှုံနေကြရသည်။ လိုင်ဇာမြို့အနီးရှိ ဒုက္ခသည် စခန်းများမူ ဒုက္ခသည်ပေါင်း ၆၅၀၀၀ ကျော်ရှိပြီး ကချင်ပြည်နယ် အစိုးရ လက်အောက်တွင် ရှိသော စခန်းများထက် လိုအပ်ချက် များနေကြောင်းလည်း သိရသည်။
မိုးရာသီ ၀င်လာတော့မည်ဖြစ်၍ ဒုက္ခသည် စခန်းအချို့တွင် အမိုးအကာ လိုအပ်ချက်များ၊ ဆေးဝါး၊ ကျောင်းသူကျောင်းသားများ၏ ကျောင်းထားနိုင်ရေး ကိစ္စရပ်များကို ပူပန်နေရကြောင်း သိရှိရသည်။
အခုအချိန်အထိ စခန်းတွေမှာ နေရတဲ့ သူဦးရေဟာ အားလုံးပေါင်း တစ်သိန်းဝန်းကျင် ရှိပါတယ်။ သူတို့အတွက် လတ်တလော အရေးတကြီး လိုအပ်ချက်က နံပါတ် (၁) အစားအစာ၊ နံပါတ် (၂) ပညာရေးပါ . . . . .
"အခု လောလောဆယ်မှာ စခန်းတွေရဲ့ တချို့မိုးကာတွေ ပေါက်ပြဲကုန်ပြီး အဲဒီထက် အရေးတကြီး လိုအပ်တဲ့ အိမ်သာနဲ့ ကျောင်းသားကိစ္စတွေ ဦးစားပေးနေရတယ်။ မိုးရောက်ရင် အဖျားအနားထူတော့ ဆေးဝါးလည်း လိုအုံးမယ်" ဟု ၀ိုင်းမော်မြို့နယ် KBC ဒုက္ခသည် စခန်းမှ တာဝန်ခံ ကိုဒေါင်ခေါင်က ပြောကြားသည်။
kachin1-may19
ဝိုင်းမော် သာဂရ ဘုန်းကြီးကျောင်း ဒုက္ခသည်စခန်းမှ ကလေးငယ်တစ်ဦးအား မေ ၁၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ထွန်းလင်းအောင်)
နေရပ်မှ တိမ်းရှောင်ရသူ ဒေသခံ ကချင်၊ ရှမ်းနှင့် အခြားတိုင်းရင်းသား ဦးရေသည် လက်ရှိတွင် တစ်သိန်းဝန်းကျင် ရှိနေရာ၌ ကျောင်းနေအရွယ် ကလေးဦးရေမှာ လေးသောင်းမှ ငါးသောင်းဝန်းကျင် ဖြစ်သည်ဟု ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ သိရသည်။
"မနှစ်ကတောင် ပညာဆက်သင်ခွင့် မရတဲ့ ကျောင်းသားကျောင်းသူတွေ ရှိခဲ့ပါတယ်။ တချို့ကူညီကြတယ်ဆိုတာ မူလတန်းကိုပဲ အဓိက ကူညီကြတာမျိုးပါ။ မနှစ်က ကလေးတွေရဲ့ ကျောင်းစာအုပ်ကအစ အကုန်ကူညီလိုက်တဲ့ လူမှုရေးအဖွဲ့တွေ လိုမျိုးလည်း ဒီနှစ် အခုအချိန်အထိ ကူညီတာ မရှိသေးပါဘူး" ဟု ဒေါ်ခွန်ဂျာက ဆိုပါသည်။
ဒုက္ခသည် စခန်းများတွင် ခိုလှုံနေကြသူ အများစုမှာ ကျောင်းနေအရွယ် ကလေးများဖြစ်ပြီး ကျောင်းသားဦးရေပေါင်း ၂၀၁၂ ခုနှစ်အတွင်း ၈၀၀၀ ကျော် ရှိခဲ့သည်ဟု ပြည်နယ်ပညာရေးမှူး၏ ပြောကြားချက်အရ သိရသည်။
"လွန်ခဲ့တဲ့ နှစ်ကတော့ စာသင်ခန်း မလုံလောက်မှုတွေ၊ ဆရာ ဆရာမ မလုံလောက်မှုတွေ ရှိခဲ့ပါတယ်။ ပညာရေးဘက်မှာ ကျွန်တော်တို့ ပညာရေး ဌာနဘက်က ကူညီသလို ကျောင်းသားတွေရဲ့ ဗလာစာအုပ်၊ ၀တ်စုံ စတာတွေကိုတော့ ပြည်နယ်အစိုးရနဲ့ UNDP၊ UNICEF တို့ ပူးပေါင်းပြီး ပံ့ပိုးမှုတွေ လုပ်ပါတယ်။ ဒီနှစ်တော့ ယာယီစာသင်ဆောင် အလုံအလောက် ရှိထားပါပြီ" ဟု ပြောပါသည်။
စစ်၏ သက်ရောက်မှုများကြောင့် ကချင်ပြည်နယ်တွင်းရှိ ကျေးရွာပေါင်း ၃၀၀ ကျော်မှ ဒေသခံများသည် နေရပ်ကို စွန့်ခွာခဲ့ရသည်။
"လွန်ခဲ့တဲ့ လကတည်းက ထောက်ပံ့ကြေး မရတော့ဘူး။ အပြင်ကို အလုပ်ထွက်လုပ်နိုင်ရင်တော့ ကလေးတွေအတွက် မုန့်ဖိုး ရသေးတယ်။ ကျွန်မမှာ ကျောင်းသားတွေ များတော့၊ ကျောင်းဖွင့်မှာကို စိတ်ပူနေရတယ်" ဟု မြစ်ကြီးနားမြို့ ဆွတ်ငိုင်တောင်ဒုက္ခသည် စခန်းမှ ကျောင်းသားမိဘတစ်ဦးက ပြောပါသည်။
ဒုက္ခသည် စခန်းများတွင် ခိုလှုံနေကြသူ အများစုမှာ တောင်ယာလုပ်ငန်း၊ လယ်ယာလုပ်ငန်းနှင့် ခြံလုပ်ငန်း လုပ်ကိုင်သူအများစု ဖြစ်ပြီး မိုးမကျမီ ရွာပြန်ရန် ဆန္ဒရှိနေကြကြောင်း ၎င်းတို့၏ ပြောပြချက်အရ သိရှိရသည်။
ဝိုင်းမော်မြို့ ဒုက္ခသည် စခန်းမှ ဦးအိုက်စံက "ဒီအချိန်ပြန်ရင်တော့ နည်းနည်းမီသေးတယ်။ ဒါပေမဲ့ မျိုးလည်းမရှိဘူး၊ ခိုင်းစရာ နွားလည်း မရှိတော့ဘူးဆိုတော့ ဘယ်လိုလုပ်မလဲ" ဟု ပြောကြားသည်။
KBC ဒုက္ခသည် စခန်းတွင် နေထိုင်သူ တစ်ဦးကမူ "ဒီနှစ်တာ စိုက်ထားတဲ့ လိမ္မော်ပင်တွေ မရှင်းရလို့ကတော့ အားလုံးသေပြီ၊ ရွာကိုမြန်မြန်ပြန်ရမှ ကောင်းမှာ" ဟု ပြောပြသည်။
ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများ အဓိက လုပ်ကိုင်ရာ စီးပွားရေးမြို့ဖြစ်သော ဖားကန့်မြို့နယ်၌လည်း ၂၀၁၁ ခုနှစ် ဇန်န၀ါရီလတွင် တိုက်ပွဲများ ဖြစ်ပွားမှု ရှိခဲ့ကာ လုပ်ငန်းနှောင့်နှေးမှုများ ဖြစ်ပေါ်ခဲ့သည်။
ဖားကန့်မြို့နယ်တွင် သြဂုတ်လကုန်ပိုင်း၌ တပ်မတော်နှင့် ကေအိုင်အေ အဖွဲ့တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာကာ မူရင်းနေရပ်မှ စစ်ဘေးရှောင်၍ ဒုက္ခသည် စခန်းများသို့ ခိုလှုံရောက်ရှိသူများလည်း ရှိခဲ့သည်။
ယခုအခါ ဒုက္ခသည် စခန်းများသည် မြစ်ကြီးနားမြို့နယ်၊ ဗန်းမော်မြို့နယ်၊ မိုးမောက်မြို့နယ်၊ ၀ိုင်းမော်မြို့နယ်တို့တွင် တည်ရှိနေသည်။
ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းကမူ ဒုက္ခသည် စခန်းများ၏ လိုအပ်ချက်များကိုမူ အချိန်နှင့်တစ်ပြေးညီ ပံ့ပိုးကူညီလျက် ရှိသည်ဟု ဆိုသည်။
"အဓိက ကူညီကတော့ UNDP၊ UNICEF နဲ့ အသင်းအဖွဲ့ အများ ဖြစ်ပါတယ်။ အဲဒီ အသင်းအဖွဲ့တွေ လစ်ဟာတဲ့ နေရာကိုပဲ ပြည်နယ်အစိုးရက ကူညီတာပါ" ဟု ဆိုသည်။
"မိုးကာလရောက်ရင် အဓိက လိုလာတဲ့ လိုအပ်ချက်ကတော့ ကလေးတွေ ကျောင်းနေဖို့ပဲ။ ဒါတစ်ခုကတော့ ကသီလင်တ ဖြစ်နိုင်တယ်။ ကျန်တဲ့ နေရေးအပိုင်းကတော့ အဆင်ပြေပါတယ်။ စားရေးကလည်း အထိုက်အလျောက် အဆင်ပြေတယ်လို့ ပြောနိုင်ပါတယ်။ အဓိက လိုအပ်တာကတော့ ကလေးတွေ ကျောင်းဖွင့်ချိန်ပဲ" ဟု ရှမ်းတိုင်းရင်းသား စစ်ဘေးဒုက္ခသည်များ ခိုလှုံနေထိုင်ရာ ၀ိုင်းမော်မြို့နယ် သာဂရကယ်ဆယ်ရေး စခန်းမှ ဦးစိုင်းအောင်က ပြောကြားသည်။
ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် ကေအိုင်အေတို့အကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို ၁၉၉၄ ခုနှစ်က လက်မှတ်ရေးထိုးခဲ့ကာ နှစ်ပေါင်း ၁၇ နှစ်အကြာ၌ တစ်ကျော့ပြန် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခြင်း ဖြစ်သည်။
၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရရှိပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် တိုင်းရင်းသား လက်နက်ကိုင်မျိုးစုံ၊ အဖွဲ့အစည်းမျိုးစုံ ပေါ်ပေါက်လာပြီး ပြည်တွင်းလက်နက်ကိုင် ဆူပူမှုများ ဖြစ်ပွားရာတွင် ကချင်ပြည်နယ်လည်း ပါဝင်လာခဲ့သည်။
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီမှ ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းချက်အရ ၁၉၆၃ ခုနှစ် ဇွန် ၁၁ ရက်တွင် ကချင်လွတ်မြောက်ရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ လာရောက်ဆွေးနွေးသော်လည်း သဘောတူညီမှု မရရှိခဲ့ဘဲ တိုက်ပွဲများသာ ဆက်လက်ဖြစ်ပွားခဲ့သည်။
၁၉၈၀ ပြည့်နှစ် သြဂုတ်လမှ ၁၉၈၁ ခုနှစ် မေလအထိ ၁၀ လကြာ နှစ်ဖက်အပြန်အလှန် အပစ်အခတ် ရပ်စဲခဲ့သည်။
ထို့နောက် ၁၉၉၀ ပြည့်နှစ် အောက်တိုဘာ ၁၈ ရက်တွင် တပ်မတော်ထောက်လှမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ကချင်လွတ်မြောက်ရေး အဖွဲ့ (ကေအိုင်အို) ကိုယ်စားလှယ် အဖွဲ့တို့ တွေ့ဆုံခဲ့သည်။ ၁၉၉၂ ခုနှစ် အောက်တိုဘာ ၂၄ ရက်တွင် အစိုးရနှင့် ကေအိုင်အိုတို့ ပြန်လည်တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်ဟု မှတ်တမ်းများအရ သိရှိရသည်။
၁၉၉၄ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။ ၂၀၁၁ ခုနှစ် ဇွန် ၉ ရက်တွင်မူ တပ်မတော်နှင့် ကေအိုင်အေတို့အကြား တစ်ကျော့ပြန် တိုက်ပွဲများ ဖြစ်ပွားလာခဲ့သည်။
လက်ရှိ ကာလသည် စစ်ဖြစ်ပွားသည့်ကာလ နှစ်နှစ်နီးပါး ရှိခဲ့ပြီဖြစ်ပြီး ကချင်ပြည်နယ်တွင်း စီးပွားရေး၊ လူမှုရေးပိုင်းဆိုင်ရာ သက်ရောက်မှုများစွာ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများက ဆိုပါသည်။ ကချင်ပြည်နယ်တွင်း ဒုက္ခသည်များကို လူသားချင်းစာနာသော ထောက်ပံ့မှုများ ရနိုင်ရန်၊ စိတ်ဓာတ်ရှင်သန်လာရန်နှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရန်၊ အခြေခံ အဆောက်အအုံများ ပြန်လည်တည်ဆောက်ရန်၊ ကလေးငယ်များ၏ ပညာရေးအတွက် စီစဉ်ပေးနိုင်ရန်တို့လို အပ်နေသည်ဟု သိရှိရသည်။

Eleven

Saturday, May 18, 2013

ဝါရှင်တန်ရောက် ဦးသိန်းစိန် မြန်မာမိသားစုတွေနဲ့တွေ့ဆုံ၊ ဆန္ဒပြမှုနဲ့လည်းကြုံ

Sunday, May 19, 2013
အမေရိကန် ပြည်ထောင်စုကို ရောက်နေတဲ့ သမ္မတ ဦးသိန်းစိန်ဟာ ဒီကနေ့ ၀ါရှင်တန်ဒီစီမှာ ရှိတဲ့ မြန်မာ သံရုံး မှာ အမေရိကားရောက် မြန်မာမိသားစုတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ 


 မြန်မာသံရုံးရှေ့ သမ္မတ ဦးသိန်းစိန်အား ကန့်ကွက်ဆန္ဒပြနေစဉ်၊ ဓာတ်ပုံ- Zaw Win

အဲဒီမှာတော့ သမ္မတ ဦးသိန်းစိန်က လက်ရှိ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်တွေကို ရှင်းပြခဲ့ပြီး တိုင်းပြည်ပြန် လည် ထူထောင်ရေးမှာ ပြည်ပကို ရောက်နေတဲ့ မြန်မာတွေ အားလုံးကပါ ပူးပေါင်း ပါဝင်ကူညီဖို့၊ 
နောက် မြန်မာ အပေါ် အမေရိကန်က ပိတ်ဆို့ ဒဏ်ခတ်အရေးယူမှု ဥပဒေ တွေက အသက်ရှိနေသေးပြီး လုံးဝ ရုပ်သိမ်းသွားသေးတဲ့ အခြေအနေမဟုတ်လို့ ဒါတွေကို လုံးဝ ရုတ်သိမ်းသွား စေဖို့ သူကိုယ်တိုင်လာ တာဖြစ်ကြောင်းတွေ ပြောသွားပါတယ်။ 

အခုလို လူပေါင်း ၃၀၀ လောက်တက်ရောက် တဲ့ မြန်မာမိသားစုတွေနဲ့ သမ္မတ ဦးသိန်းစိန်တွေ့ဆုံပွဲမှာ ရင်းရင်းနှီး နှီးနဲ့ တွေ့ဆုံခဲ့တဲ့အကြောင်း သမ္မတ ပြောခွင့်ရ ဦးရဲထွဋ်က သူ့ဖေ့စ်ဘုတ်မှာ အခုလို ရေးသား ထားပါတယ်။ 

"အမေရိကန်နိုင်ငံကို ရောက်ရှိနေတဲ့ သမ္မတကြီးဟာ မလ ၁၈ ရက်နေ့ ညနေမှာ အမေရိကန် လင်ကွန်း အထိမ်းအမှတ်အဆောက်အဦကို သွားရောက် လေ့လာခဲ့ပါတယ်။ အဲဒီကနေ မြန်မာသံရုံးကို သွားရောက်ပြီး အမေရိကန်နိုင်ငံရောက် မြန်မာတိုင်းရင်းသားများနဲ့ ချစ်ချစ် ခင်ခင် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ပါ တယ်" လို့ ဦးရဲထွဋ်က ဆိုပါတယ်။


ဒါပေမယ့် သမ္မတ ဦးသိန်းစိန်ကို မြန်မာသံရုံးအပြင်ဘက်မှာ ဆန္ဒပြမှုနဲ့ ကြုံဆုံခဲ့ရပါတယ်။ 


ဒီဆန္ဒပြပွဲဟာ အချိန်တိုအတွင်း ဖြစ်မြောက်အောင်လုပ်ဆောင်ခဲ့တာဖြစ်လို့ လူသိပ်မရှိလှပေမယ့် ဦးဆောင် သူ တွေနဲ့လုပ်တဲ့ ဆန္ဒပြပွဲ မဟုတ်ပဲ အသိစိတ်နဲ့ လုပ်တဲ့ ဆန္ဒပြပွဲဖြစ်တယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူတဦးက ဧရာဝတီ ကို ပြောပါတယ်။ 

“ အခု ဆန္ဒပြတာက ရှစ်လေးလုံး ကျောင်းသား အများစုပါ။ မနက်ဖြန်လည်း VOA ရှေ့မှာ ဆန္ဒပြဖို့ ရှိပါ တယ်” လို့ ကိုဇော်ဝင်းက ဧရာဝတီကို ပြောပါတယ်။ 

ဆန္ဒပြပွဲမှာ အဓိက တောင်းဆိုထောက်ပြတာတွေကတော့ ပြုပြင်ပြောင်းလဲရေးတွေကို တကယ်ထိ ထိ
ရောက်ရောက်လုပ်ဖို့နဲ့ နိုင်ငံတကာကို လိမ်ညာနေတာတွေရပ်ဖို့၊ တိုင်းပြည်ဆင်းရဲနေရတာက စစ်အုပ်စု က ပြည်သူ့ ဆန္ဒတွေနဲ့ ပြည်သူ့အခွင့်အရေးတွေ ပိတ်ဆို့ထားလို့ ဖြစ်တယ်ဆိုပြီး ပြောဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။ 

"စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲရေးတွေ အမြန်ဆုံးလုပ်ပါ" "လိမ်ညာမှုတွေ ရပ်တန်းကရပ်ပါ” လို့ သူက ဆိုထား ပါတယ်။ 

သမ္မတ ဦးသိန်းစိန်နဲ့အတူ အစိုးရ ၀န်ကြီးတွေလည်း လိုက်ပါလာခဲ့တဲ့ လိုက်ပါလာရင်း အခု အမေရိကန် ခရီးစဉ် မှာ အမေရိကန်သမ္မတ အိုဘားမားနဲ့ တွေ့ဆုံမှုဟာ မြန်မာပြည်သူတွေ အကျိုးရှိတဲ့တွေ့ဆုံမှုတွေ သာဖြစ်သင့် ကြောင်းလည်း ဆန္ဒပြသူတွေက တိုက်တွန်းထားပါတယ်။ 

ဒီအပြင် မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍကို ဆုတ်ဖယ်ပေးဖို့ အုပ်ချုပ်ရေးမှာ စစ်တပ်က  ကြိုးကိုင်နေတာတွေ၊ ပြည်သူကို စစ်အုပ်စုက ဖိနှိပ်ပိတ်ပင်မှုတွေ အဆုံးသတ်ပြီး ပြည်သူ့အခွင့်အရေး အပြည့်အ၀ပေးမှသာလျှင် ပြည်သူ ချမ်းသာပြီး တိုင်းပြည်ချမ်းသာလာမှာဖြစ်တာကြောင့် ဒါကို  တိုက်တွန်း လိုတယ်လို့ ဆန္ဒပြသူတွေက ဆိုကြ ပါတယ်။

အပျော်လွန်ပြီး ဝန်ထမ်းနဲ့ KNU ငြိမ်းချမ်းရေးအဖွဲ့ ခိုက်ရန်ဖြစ်

အခင်းဖြစ်ပွားရာ ရေအားလျှပ်စစ်ဝန်းရှေ့
ယခုနှစ် သင်္ကြန်ကာလတုန်းက ပဲခူးတိုင်း ရွှေကျင်မြို့နယ်အတွင်း KNU ငြိမ်းချမ်းရေးအဖွဲ့နဲ့ ရွှေကျင် ရေအားလျှပ်စစ်က ၀န်ထမ်းအချို့ အပျော်လွန်ပြီး ခိုက်ရန်ဖြစ်ပွားခဲ့ကြကြောင်း ရွှေကျင်မြို့ခံများထံမှ သိရှိရပါတယ်။ အဲဒီရန်ပွဲမှာ ငြိမ်းချမ်းရေး အဖွဲ့ဝင်တစ်ယောက် ခေါင်းကွဲသွားတာကြောင့် ငြိမ်းချမ်းရေး အဖွဲ့တွေက မကျေနပ်ဘဲ ရေအားလျှပ်စစ်ရုံးဝင်းသို့ သွားရောက်ကာ သောင်းကျန်းခဲ့ကြတယ်လို့ ပြောပါတယ်။
ရေအားလျှပ်စစ် ၀င်းတံခါးက ပိတ်ထားတော့ အပြင်ကနေဘဲ တောင်းဆိုခဲ့ရာ တာဝန်ရှိတဲ့ ၀န်ထမ်းလူကြီးတွေကလည်း ပဉ္ဇင်းဘောင် တက်နေကြတာကြောင့် ကျန်ရှိတဲ့ အကြီးအကဲ တချို့မှ ငြိမ်းချမ်းရေးအဖွဲ့ထံ ပဉ္ဇင်းဝတ်က လူထွက်ပြီးရင် လူကြီးများ အနေနဲ့ လာရောက် တောင်းပန်ပါမယ်အကြောင်း ပြောကြားပြီး ဖြန်ဖြေလိုက်ရတယ်လို့ သိရပါတယ်။ သင်္ကြန်ကာလအပြီး နောက်ပိုင်းမှာ ရေအားလျှပ်စစ်ရုံးက လူကြီးတွေက သွားရောက်ညှိနှိုင်း တောင်းပန်လိုက်ရာ ပြေလည်သွားတယ်လို့ ဆိုပါတယ်။ ပြဿနာဖြစ်ပွားတဲ့ ငြိမ်းချမ်းရေးအဖွဲ့ကတော့ ရွှေကျင်မြို့၊ ခြေတော်ကျေးရွာမှာ အခြေပြုနေတဲ့ ငြိမ်းချမ်းရေးအဖွဲ့လို့ သိရပါတယ်။ ဒါတောင် သင်္ကြန်ကာလတုန်းက လုံခြုံရေးအတွက် စိတ်ပူလို့ တပ်ရင်း - ၇ က KNU အဖွဲ့ဟာ ယူနီဖောင်း အပြည့်အစုံနဲ့ ရွှေကျင်မြို့လယ်မှာ လုံခြုံရေး လာလုပ်ပေးသွား တယ်လို့လဲ သိရပါသေးတယ်။ တပ်ရင်း - ၇ က လုံခြုံရေး ယူမဲ့ကိစ္စကို ရွှေကျင် စစ်ဗျူဟာနဲ့ မြို့နယ်ရဲတပ်ဖွဲ့တို့က ညှိနှိုင်းပြီး ဆောင်ရွက်ပေးကြောင်း မြို့ခံများက ပြောပါတယ်။
ရွှေကျင်မှာ စစ်ဗျူဟာရုံးအဆင့် ဗျူဟာမှူး ဗိုလ်မှူးကြီးတစ်ဦးက ရုံးထိုင်နေသလို ကျောက်ကြီးတွင်လည်း KNU ဆက်ဆံရေးရုံး ရှိနေတဲ့အပြင် မြို့ထဲမှာ KNU နှင့် လုံခြုံရေးအရ အတူပူးတွဲ လုပ်ကိုင်နေတဲ့ အထဲက အဲဒီလိုဖြစ်စဉ် ဖြစ်ပွားရတာကတော့ မဖြစ်သင့်ဘူးလို့ မြို့ခံများက ဆိုပါတယ်။ အာဏာပိုင် အဖွဲ့အစည်းများ အနေနဲ့ မလိုလားအပ်ဘဲ ပြဿနာများ မဖြစ်ပွားစေရန် ပေါင်းစပ်ညှိနှိုင်း ထိန်းထိန်းသိမ်းသိမ်း ပြုလုပ်သင့်ကြောင်း မြို့ခံများက သုံးသပ် ပြောဆိုသွားပါတယ်။

ခြေတုလက်တု စက်ရုံ မိုဘိုင်းဝန်ဆောင်မှုပေးမည်

စက်ရုံတွင် ခြေတုတစ်ချောင်း ထုတ်လုပ်နေသည်ကို ဧပြီလကုန်ပိုင်းက တွေ့ရစဉ်။ ဓာတ်ပုံ - PMMZစက်ရုံတွင် ခြေတုတစ်ချောင်း ထုတ်လုပ်နေသည်ကို ဧပြီလကုန်ပိုင်းက တွေ့ရစဉ်။ ဓာတ်ပုံ - PMMZ
ကရင်ပြည်နယ်ရှိ ဘားအံခြေတု လက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာန (Hpa-an
Orthopaedic Rehabilitation Centre) မှ ရပ်ဝေး ခေါင်သီဒေသများရှိ ခြေတုလက်တု လဲလှယ်
မည့်သူများအတွက် မိုဘိုင်း (ဒေသများအရောက် သွားရောက် ၀န်ဆောင်မှုပေးမည့်) အစီအစဉ်
ပြုလုပ်နိုင်ရန် ပြင်ဆင်နေသည်။
"ကျွန်တော်တို့ ဌာနနဲ့ အလှမ်းဝေးလွန်းတဲ့နေရာတွေက လူနာတွေအတွက် ဒီအစီအစဉ်ကို စဉ်းစား
ဖြစ်တာပါ။ ခြေတုလဲဖို့လိုအပ်တဲ့ ပစ္စည်းတွေအစုံအလင် သယ်ဆောင်သွားမှာပါ။ ၀န်ဆောင်မှု
အသစ်အဖြစ် အစီအစဉ်ရေးဆွဲနေပါတယ်"ဟု ဘားအံခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေး
ဌာနမှ ဒုတိယ မန်နေဂျာ ဦးထွန်းထွန်းလတ်က ပြောသည်။
အဆိုပါ ခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာနသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ
ကော်မတီ၏ ကူညီပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ တာဝန်ယူဆောင်ရွက်သည့် လုပ်ငန်း
ဖြစ်ပြီး ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကယားပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်းနှင့် တနင်္သာရီ
တိုင်းဒေသကြီးများတွင် ၂၀၀၃ ခုနှစ်မှစတင်၍ ဌာနများ ဖွင့်လှစ်ထားရှိသည်။
"စဖွင့်တဲ့အချိန်ကနေ ခုချိန်ထိတော့ တစ်ယောက်စကားတစ်ဆင့်နဲ့ ဌာနကို လာရောက်သူအရေ
အတွက် ပိုများလာတယ်။ ဘယ်လိုလာမရမလဲ မသိတဲ့သူတွေကိုလည်း ပထမတစ်ခေါက်လာဖူးသူ
တွေက လမ်းညွှန်ခေါ်လာပေးကြတယ်။ တစ်နှစ်ပတ်လုံးလာကြပေမယ့် နွေရာသီ ကျောင်းပိတ်ရက်
မှာတော့ ကလေးအတွက် သီးသန့်စီစဉ်ပေးတယ်" ဟု ဦးမင်းမင်းလတ်က ပြောသည်။
တပ်ဆင်ပြီးသော ခြေတုတစ်ချောင်းသည် ရာသီဥတုဒဏ်၊ အသားကျုံ့ခြင်း၊ ကြွခြင်းများကြောင့်
သုံးနှစ်တစ်ကြိမ် မလဲမနေရ လဲလှယ်သင့်ပြီး ခြေဖ၀ါးပိုင်းများကို အဓိက ပြန်လည်တပ်ဆင်ပေးရ
ကြောင်း ဘားအံခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာန၊ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်
သန်စွမ်းရေးဌာနမှူး Mr Joel Nininger က ပြောသည်။
"ခြေတုလက်တုတပ်ဆင်ရတဲ့ အဖြစ်များသူတွေက မြေမြှုပ်မိုင်း၊ မွေးရာပါ ရောဂါပါသူတွေနဲ့
ရုတ်တရက် ထိခိုက်ဒဏ်ရာရသူတွေပါ။ ပြန်လည်တပ်ဆင်ရာမှာ နည်းပညာပိုင်းက အလွန်အရေး
ကြီးပါတယ်။ ခြေစဖြတ်တဲ့အချိန်မှာ ဖြတ်ထားတာ မသပ်ရပ်ရင် ကျွန်တော်တို့ ခြေတုပြန်လုပ်တဲ့
အချိန်မှာတော့ အခက်အခဲဖြစ်ပါတယ်"ဟု Mr Joel Nininger က ပြောသည်။
ဘားအံ ခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာနမှ နှစ်စဉ် ခြေတု အချောင်း ၁၀၀ ကျော်
ပုံမှန်ထုတ်လုပ်လျက်ရှိပြီး ခြေတုလက်တု လာရောက် တပ်ဆင်သူများအတွက် ခြေတု၊
လမ်းလျှောက်လေ့ကျင့်ခန်း၊ အားပြုအကူပစ္စည်းများ (လက်ထောက်၊ ချိုင်းထောက်၊ လမ်းလျှောက်
အကူ-ထောင့်လေးထောင့်ဖရိန်၊ တုတ်ကောက်)၊ ဘီးတပ်ကုလားထိုင်၊ ခြေအိတ်များ၊ နေရာထိုင်ခင်း၊
စားစရာ နှင့် ခရီးစရိတ်များ အခမဲ့ထောက်ပံ့ ပေးလျက်ရှိသည်။