ဝန်ကြီး ဦးအောင်မင်း တယောက် နောက်များ နောက်နေသလားလို့ တောင် စိတ်ထဲမှာ ဖြစ်လာရပါတယ်။ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ သွားရေးလာရေး အစရှိတဲ့ ကုန်ကျစရိတ်တွေ ဘယ်လို စီမံလဲဆိုတဲ့ သတင်းထောက်တယောက်ရဲ့ အမေးကို ၀န်ကြီး ဦးအောင်မင်းက "အိတ်ချိုက်ချဲ ချချယ်" ဆိုပြီး ပြန်ဖြေသွားတာပါ။ (အိတ်စိုက်ပဲ ချတယ်)။
ကျယ်ပြန့်ပြီး တဆင့်ပြီး တဆင့် သွားနေရတဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဖြစ်စဉ်အတွင်း ကုန်ကျစရိတ်တွေကို နိုင်ငံတော် ငွေ တပြားမှ မသုံးပဲ ကိုယ့်အိတ်ကိုယ်စိုက် လုပ်တယ် ဆိုတဲ့ ဦးအောင်မင်းတယောက် ထာဝရ ငြိမ်းချမ်းရေး မရခင်မှာပင် ဆင်းရဲမွဲတေ သွားဖို့ ရှိပါတယ်။ ကိုယ့်အိတ်ကိုယ် စိုက်ချတာကို အလှူတခုလိုပဲ သဘောထားတာကိုလည်း ထည့်ပြောသွားပါသေးတယ်။
ဒီလောက် အရေးကြီးလှတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် နိုင်ငံတော်မှာလည်း ခေါင်းစဉ်မရှိသေးသလို လွတ်တော်ကလည်း မချပေးသေးဘူးလို့လည်း ဆိုထားပြန်တော့ ဒီအတိုင်းသာဆို စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုအပေါ် စဉ်းစားစရာတွေ အများကြီး ရှိလာရပါတော့တယ်။ (အဲခေါင်သောင့်)