Friday, June 5, 2009

ထိုင်းနိုင်ငံဘက်သို့ ကရင်ဒုက္ခသည် ၇၀၀ကျော် ထပ်မံ ရောက်ရှိလာ

ဧရာဝတီ
မြန်မာစစ်အစိုးရတပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA) ပူးပေါင်းတပ်များနှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တို့အကြား တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် ထိုင်းနိုင်ငံဘက်သို့ ကရင်ဒုက္ခသည် ၇၀၀ ခန့် ထွက်ပြေးရောက်ရှိလာကြောင်းသိရသည်။

အဆိုပါ ကရင်ဒုက္ခသည်များသည် KNLA တပ်မဟာ (၇) ထိန်းချုပ်ထားသည့် ဒေသခံများဖြစ်ကြပြီး ထိုင်းနိုင်ငံ တာ့ခ်ခရိုင် အတွင်းရှိ မဲ့သဝေါမြို့နယ်များသို့ ထွက်ပြေးခဲ့ကြရခြင်း ဖြစ်သည်။

ကရင်ဒုက္ခသည်များသည် ကရင်ပြည်နယ် ဘားအံခရိုင်အတွင်းရှိ KNLA တပ်မဟာ(၇) တပ်စခန်းများကို မြန်မာ စစ်အစိုးရတပ်နှင့် DKBA တပ်ဖွဲ့များအကြား ဇွန်လဆန်းပိုင်းတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် ထိုင်းနိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်နေရခြင်းဖြစ်သည်ဟု ကရင်လူ့အခွင့်အဖွဲ့အစည်း (KHRG) မှ စောဖိုးရှဲက ဧရာဝတီသို့ ပြောသည်။

မြန်မာစစ်တပ်နှင့် DKBA တပ်များက ဒေသခံရွာသားများကို ပေါ်တာနှင့်မြေမြုပ် မိုင်းရှင်းအလုပ်သမားများ အဖြစ်ခေါ်ယူမည်ကို စိုးရိမ်သောကြောင့် ၎င်းတို့က ရွာမပြန်ရဲကြကြောင်း၊ ၎င်း ပူးပေါင်းတပ်ဖွဲ့များသည် တိုက်ပွဲ များထပ်မံဖြစ်ပွားရန်ရှိကြောင်းလည်း ၎င်းကဆိုသည်။

KNLA တပ်မဟာ (၇)မှ ဗိုလ်မှူးချုပ် ဂျော်နီက မြန်မာစစ်တပ်များနှင့် DKBA တပ်များက ၎င်းတို့ကို ပြန်တိုက်ရန် အင်အား စုနေကြောင်း၊ ယခုဖြစ်ပွားခဲ့သည့်တိုက်ပွဲများသည် DKBA ၉၉၉ တပ်ရင်းနှင့် စစ်အစိုးရတပ်မ ၂၂ လက် အောက်ခံ တပ်ရင်းတခုတို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့သည့်တိုက်ပွဲဖြစ်ကြောင်း ဧရာဝတီသို့ပြောသည်။

မြန်မာစစ်အစိုးရ တပ်မ (၂၂) လက်အောက်ခံတပ်တချို့နှင့် DKBA (၉၉၉) တပ်ဖွဲ့ဝင်များသည် တပ်မဟာ (၇) ဌာနချုပ်အနီးတွင် ဇွန်လ ၂ ရက်နေ့မှစတင်၍ တိုက်ပွဲ (၂) ကြိမ်ဖြစ်ပွားခဲ့ကြောင်းသိရသည်။

တိုက်ပွဲများထပ်မံ ဖြစ်ပွားခဲ့ပါက ကရင်ဒုက္ခသည်များထပ်၍ ရောက်ရှိလာမည်ဖြစ်ကြောင်း၊ ထွက်ပြေးလာသူများ အနေဖြင့် ၎င်းတို့၏ ရပ်တည်ရေးက အဆင်ပြေမည် မဟုတ်ကြောင်း ရွှေ့ပြောင်းကရင်ဒုက္ခသည်များ ကူညီစောင့် ရှောက်ရေးကော်မတီ(CIDKP)မှ စောစတိဗ်က ပြောဆိုသည်။
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment