ကျော်မူးလာ၊ သြဂုတ် ၂၁၊ ၀၉ခုနှစ်၊မင်းလည်းကရင် ငါလည်းကရင်မို့
မင်းကိုအသည်းနင့်အောင် ငါချစ်ခဲ့တယ် …။
မင်းနှုတ်က ဖွင့်ဟလာတဲ့
ပျားရည်လိုချိုမြိန်တဲ့ အမျိုးချစ်တဲ့စကား
စာပေနဲ့ ယဉ်ကျေးမှုကို ထိန်းသိမ်းဖို့နဲ့
ဇွဲကပင်တောင် ရှိနေသရွေ့
တို့အချစ်တွေ ဘယ်တော့မှ မပြယ်ဘူးဆို …။
စက္ကန့်မိနစ်တိုင်း ရက်လနှစ်တွေ ပြောင်းသွားလဲ
ငါ့နားထဲ လေပြည်ညှင်းလေးတိုက်ခတ်သလို
သာယာနာပျော်ဖွယ် ကြားယောင်ဆဲပဲ …။
အခုတော့ ချစ်သူလေးရယ်
ငါ့ရင်မှာလောင်မြိုက်နေတဲ့မီးတွေ
မင်းဘယ်မြင်နိုင်တော့မှာလဲ
ကရင်မဟုတ်တဲ့ လူမျိုးခြားရင်ခွင်မှာ
မင်းဘ၀တွေ ပေးအပ်ပြီး
စည်းစိမ်ဓနတွေ တလှေကြီးနဲ့
ငါ့အသည်းကို မင်းခွဲထားခဲ့ပြီလေ …။
သွေးကစကားပြောတယ် ချစ်သူ
ကြာကြာဝါးမဲ့သွား အရိုးကြည့်ရှောင်ရတယ်
ငါ့အချစ်ကို မင်းစော်ကားတယ်
ငါ့ဘ၀ကို မင်းဖျက်ဆီးတယ်
ငါ့ရဲ့မျှော်လင့်ချက်ကို ချိုးပစ်ခဲ့တဲ့ ချစ်သူ
အခုတော့
မင်းအခြေအနေဘယ်လိုလဲ …။
မင်းကို မမုန်းပါဘူး ချစ်သူ
နာကျည်းမှုတွေလည်း မရှိပါဘူး
ဒါပေမယ့်
ရိုးသားတဲ့ ငါ့ရဲ့အချစ်တွေ မင်းသစ္စာဖောက်ခဲ့တယ်
မင်းရက်စက်ခဲ့တယ်
ဒီအတွက် ငါခံပြင်းတယ်ချစ်သူ …။
အရေးကြီးရင် သွေးနီးတယ်ဆိုပေမယ့်
မင်းသွေးရောသွားပြီလေ
ဘာမှမဆိုင်တော့တဲ့ ဒို့နှစ်ယောက်
အဆုံးသတ်ဇာတ်လမ်းလည်း ပြီးခဲ့ပြီချစ်သူ
မင်းနေတတ်သလိုသာ နေလိုက်ပါတော့ …။
ကျော်မူးလာ