Monday, October 26, 2009

ဒီကေဘီအေ ဘာလဲ

စောဗေလုဝ (သနူးထူးဂျာနယ်၊ သြဂုတ် ၂၀၀၉ မှ … )
နအဖ နိုင်ငံခြားရေး ၀န်ကြီးမှပြောသော ၂၀၀၉ ဇွန်လအတွင်း ကရင်ပြည်နယ်ထိုးစစ်တွင် နအဖမှ လုံးဝ မပါဝင်ခဲ့ပါဆိုသည့် အဓိပ္ပါယ်ကို မြင်ကြည့်ခြင်း

၂၀၀၉ ခုနှစ် ဇွန်လဆန်းပိုင်းတွင် ကရင်ပြည်နယ် ကေအဲန်ယူ ထိန်းချုပ်ရာ တပ်မဟာ (၇) ဘားအံခရိုင်အတွင်း နယ်မြေ စိုးမိုးရေးအတွက် နအဖနှင့် ဒီကေဘီအေ တို့မှ ပူးတွဲ စစ်ဆင်ရေးတခု ထိုးစစ်ဆင် တိုက် ခိုက်ခဲ့သည်။
ကရင်ပြည်နယ်အတွင်း ထိုကဲ့သို့ မိုးရာ သီ ထိုးစစ်ကြောင့် ကျေးရွာ (၂၀) နီးပါးခန့်ရှိ တောင်ပေါ် ဒေသနေ ကရင်လူမျိုးများသည် စစ်ပွဲကြောင့် ထိုင်းနိုင်ငံ ဘက်ခြမ်းသို့ ထွက်ပြေး ရောက်ရှိလာကြသည်၊
စစ်ပွဲကိုကြောက်၍ ထွက်ပြေးလာသော ကရင်လူမျိုး ဒုက္ခသည် ရွာသူရွာသားများမှာ ထိုင်းနိုင်ငံဖက်ခြမ်းရှိ နယ်စပ်မြို့ဖြစ်သော မဲတန် (တပ်ဆောင်ရမ်း) မြို့နယ်အတွင်းရှိ မဲ့အူစူကျေးရွာ (အူးသူထ) တွင် လူဦးရေ (၅၀၀) ကျော်။ နိုဘိုးကျေးရွာ။ မဲတရိကျေးရွာ။ မဲ့တရိနွဲ့ (ကလေထ) နှင့် မဲသဝေါ ကျေးရွာ များတွင် အိမ်ထောင်စုပေါင်း (၅၀၀) ကျော်။ လူဦးရေ (၃၅၀၀) ခန့်တို့ ထွက်ပြေး လာခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။

ကရင်ဒုက္ခသည် ကရင်လူမျိုး ပြည်သူလူထုများမှ ထိုင်းနိုင်ငံသို့ ထွက်ပြေး ရောက်ရှိလာသည်ကို မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဌာနမှ ထိုသူများသည် ဒုက္ခသည် မဟုတ်ကြောင်း၊ ထိုသူများသည် ကေအဲန်ယူ၏ မိသားစုများ ဖြစ်ကြောင်း၊ ယခု စစ်ဆင်သည့် နေရာသည် ကျေးရွာများ လုံးဝ မရှိသော တောကြီးဖြစ် ကြောင်းနှင့် ယခုစစ်ဆင်ရေးသည် ဒီကေဘီအေနှင့် ကေအဲန်ယူတို့၏

နယ်မြေလုပွဲ တိုက်ပွဲ ဖြစ်ကြောင်း၊ မိမိတို့ ဗမာ့တပ်မတော် အနေနှင့် လုံးဝ ပါဝင်ပတ်သတ်ခြင်း မရှိကြောင်း မြန်မာစစ်အစိုးရ၏ ဇွန်လ(၁၃) ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဥရောပသမဂ္ဂ ဥက္ကဌ၏ ထုတ်ပြန်ချက်ကို ပြန်လည် ငြင်းဆိုထားသည်ကို တွေ့ရသည်။

ဥရောပသမဂ္ဂ၏ သတင်းအချက်အ လက်များသည်လည်း သောင်းကျန်းသူ သူပုန်များ ထံမှရယူသော အခြေအမြစ် မရှိသည့် သတင်းဖြစ်သည်ဟု စွပ်စွဲထားပြန်သည်။


ဇွန်လ (၁၃) ရက်နေ့တွင် တပ်မဟာ (၇) ၌ ရင်ဆိုင်တိုက်ပွဲ အကြီးအကျယ် ဖြစ်ပြီးနောက် ကေအဲန်အယ်လ်အေမှ ခံစစ်သေ မထားရှိတော့ဘဲ ပျောက်ကျားစစ်ကို ပြောင်း လဲလိုက်ပြီးနောက် တပ်မဟာ(၇)၏ ထိန်းချုပ်ရာ နယ်မြေများကို ဒီကေဘီအေတို့မှ ၀င်ရောက် နေရာယူထား လိုက်သည်ကို တွေ့ရမည် ဖြစ်သည်။

ကေအဲန်ယူ တပ်မဟာ (၇) နယ်မြေကို ဒီကေဘီအေတို့မှ ရရှိ နေရာယူသည့်အပေါ် အဖွဲ့အစည်း သတ်မှတ်ချက် အမှတ်အသား တခုခုကို စိုက်ထူလွှင့်တင်လေ့ ရှိသည်။ ထိုသို့ စိုက်ထူ လွှင့်တင်ရာတွင် ဒီကေဘီအေများသည် ကရင်အမျိုးသား ဖြစ်သည့်အလျှောက် ကရင်အမျိုးသား အလံတော်ကို လွှင့်ထူရမည် ဖြစ်သည်။ ဒီကေဘီအေ စတင်ဖြစ်ပေါ် ခဲ့စဉ် ကတည်းက ကရင်ပြည်နယ် တခုလုံးကို ဒီကေဘီအေများအား ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးမည်ဟု အာမခံကတိစကား ဆိုခဲ့သည်ကို မှတ်တမ်းအရ သိရှိနိုင်ပါသည်။
ယခုလက်ရှိအချိန်တွင် ကေအဲန်ယူ တပ်မဟာ (၇) ဌာနချုပ် နယ်မြေတွင် မြန်မာစစ် အစိုးရအလံအား စိုက်ထူထားသည်ကို တွေ့ရသည် ဖြစ်သည့်အတွက် နအဖ ပြောသော ယခု စစ်ဆင်ရေးတွင် ဗမာ့တပ်မတော်မှ လုံးဝ မပါဝင်ပါ ဆိုသော အချက်ကို လုံးဝ သံသယ ဖြစ်မိပါသည်။

အကယ်၍ ဒီကေဘီအေ မှ ဗမာ့တပ်မတော် မပါဘဲ မြန်မာစစ်အစိုးရ အလံအား တင်ခဲ့သည်ဆိုသော် ဒီကေဘီအေအား ဘယ်လို အဖွဲ့အစည်း ဘယ်လို တပ်မတော်ဟု သတ်မှတ်ပါမည်နည်း။
ဒီကေဘီအေသည် ကရင်လူမျိုး၏ အမျိုးသားရေးကို တကယ် ဆောင်ရွက်ခဲ့သည် ရှိသော် လက်ရှိ တိုက်ပွဲဝင်ခဲ့သော နယ်မြေ ဒေသကို ထိန်းချုပ်နိုင်ပါက (ဗမာ့တပ်မတော် လုံးဝ မပါဝင်ပါက) လွှင့်ထူရမည့် အလံတော် မှာ ကရင်အမျိုးသား အလံတော်သာ ဖြစ်ရ မည်ဟု သုံးသပ်မိသည်။

လက်ရှိတွင် မြန်မာစစ်အစိုးရ၏ အလံကို လွှင့်ထူခြင်းအားဖြင့် ဒီကေဘီအေသည် အမျိုး ဘာသာ သာသနာကို ဦးထိပ် ဆောင် ရွက်သော အဖွဲ့ မဟုတ်ကြောင်း၊ ကရင်အမျိုးသားရေးအတွက် ဆောင်ရွက်သော အဖွဲ့အစည်း မဟုတ်ကြောင်း ပို၍ ပေါ်လွင်စေပါ သည်။

ထိုသို့ မဟုတ်ပါက ယခု စစ်ဆင်ရေးတွင် ဗမာ့တပ်မတော်သည် မည်သည့်အခန်းကဏ္ဍမျှ လုံးဝ ပါဝင်ခဲ့မှု မရှိသည်ကို ယုံရခက်ခက် ဖြစ်မိပါသည်။
ဒါမှမဟုတ် ဒီကေဘီအေသည် ဒီကေဘီအေ မဟုတ်တော့ဘဲ ဗမာ့တပ်မတော် လုံးလုံး ဖြစ်နေသည်ဟု သတ်မှတ်ရမည် ဖြစ်သည်။
ထို့ကြောင့် ၂၀၀၉ ခုနှစ် ဇွန်လဆန်းပိုင်း မှစ၍ ကေအဲန်ယူ တပ်မဟာ (၇) ဘားအံခရိုင် အတွင်း ထိုးစစ်ဆင်ခဲ့သော မိုးတွင်းစစ်ဆင်ရေးသည် ဒီကေဘီအေနှင့် ကေအဲန်ယူတို့၏ နယ်မြေလုပွဲသာ ဖြစ်ကြောင်း၊ ထို ထိုးစစ်တွင် ဗမာ့တပ်မတော်သည် မည်သည့် အခန်းကဏ္ဍမှ လုံးဝ ပါဝင်ပတ်သက်ခဲ့ခြင်း မရှိပါ ဆိုသော အဓိပ္ပါယ်ကို မည်သူတွေက မည်သို့ အဓိပ္ပါယ် ဖွင့်ဆိုမလဲ ဆိုတာကိုဘဲ သိချင်နေမိပါတော့ သည်။

စောဗေလုဝ

(သနူးထူးဂျာနယ်၊ သြဂုတ် ၂၀၀၉ မှ … )
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment