Thursday, October 29, 2009

ကရင်ငြိမ်းကောင်စီက နယ်ခြားစောင့်တပ်ကို ငြင်းပယ်ဟု ဆို

နယူးဒေလီ (မဇ္စျိမ)။ ။ စစ်အစိုးရက ကမ်းလှမ်းထားသော နယ်ခြားစောင့် တပ်အသွင်ပြောင်းရေးကို မထင်မှတ်ထားသော ကရင် ငြိမ်းချမ်းရေးအဖွဲ့တခုက ငြင်းဆန်လိုက်သည်။

ကရင်ငြိမ်းကောင်စီမှ ဗိုလ်မှူးချုပ်ရင်နု

ယခုလဆန်း ၁ ရက်နေ့တွင် မြန်မာစစ်တပ်မှ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်၊ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်နှင့် ထိပ်တန်း စစ်အရာရှိ ၂၀ ဦးက KNU/KNLA Peace Council ဥက္ကဋ္ဌ ဗိုလ်ချုပ်ဌေးမောင်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိများကို ကရင်ပြည်နယ် ဘားအံမြို့တွင် တွေ့ဆုံခဲ့ရာ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် အဆိုပြုသည်ကို ကရင်ပြည်နယ် မြဝတီမြို့အခြေစိုက် ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA Peace Council ငြင်းပယ်လိုက်ခြင်းဖြစ်သည်။

“ကျနော်တို့ လူမျိုးတွေ အရင်လိုမျိုး နအဖ စစ်တပ်က ဖိနှိပ်တာမျိုး မလိုချင်တော့ဘူး။ လူထုနဲ့ ဆန့်ကျင်တဲ့ ဆန္ဒဖြစ်လို့ နယ်ခြားစောင့်တပ်ကို ကျနော်တို့ ငြင်းပယ်တာပါ” ဟု ကောင်စီ၏ စစ်ရေးချုပ်- စစ်ထောက်ချုပ် ဗိုလ်မှူးချုပ်ရင်နုက မဇ္ဈိမကို ပြောသည်။

ယခုလ ၂ဝ ရက်နေ့တွင် KNU/KNLA Peace Council က စစ်အစိုးရ ကမ်းလှမ်းသည့် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးကို အချက် ၃ ချက်ဖြင့် ငြင်းပယ်သည့် ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်ဟု သူက ထပ်လောင်းပြောဆိုသည်။

သို့သော် ထိုင်းနိုင်ငံအခြေစိုက် စစ်ရေးလေ့လာသူ ဦးဝင်းမင်းက KNU/KNLA Peace Council နယ်ခြားစောင့်တပ် ငြင်းပယ်သည်ဟု မကြားမိ ကြောင်းနှင့် စစ်အစိုးရဘက်က စစ်ရေးအရ တုံ့ပြန်ခြင်း ရှိမရှိကိုမူ စောင့်ကြည့်ရမည် ဖြစ်ကြောင်း ပြောသည်။

သူက '' ဝ' တို့၊ ကချင်တို့ နေရာတွေမှာ ပြင်နေတာ ရှိတာပေါ့။ သူတို့ ပြောတဲ့အတိုင်း မလုပ်ရင် ချမယ်ဆိုတဲ့ အနေအထားမျိုးတွေ ဖြစ်လာမှာ တော့ စိုးရိမ်တာပေါ့။ ... ဒါပေမဲ့ သူတို့က နောက်ဆုံး အနေအထားထိတော့ ညှိမယ့်သဘော ရှိပါတယ်။ တိုက်မလား၊ ညှိမလားဆိုတာတော့ စောင့်ကြည့်ရမယ့် သဘော ရှိတာပေါ့'' ဟု ပြောသည်။

နယ်ခြားစောင့်တပ်အရေး ယခုလို ပယ်ချလိုက်သဖြင့် KNU/KNLA Peace Council နှင့် နအဖ စစ်တပ်အကြား တင်းမာမှု တစုံတရာ မရှိနိုင် ကြောင်း ဗိုလ်မှူးချုပ်ရင်နုက ဆိုသည်။

“တင်းမာမှု မရှိနိုင်ပါဘူး။ သူတို့က ကျနော်တို့ကို လုပ်ပါလို့ ကမ်းလှမ်းတာကို ကျနော်တို့က မလုပ်ဘူးပြောတာ ဘာမှမဖြစ်ပါဘူး။ နောက်ထပ် လာတွေ့လည်း ကျနော်တို့က ဒီနယ်ခြားစောင့်တပ်ကို မလုပ်ဘူးလို့ ငြင်းမှာပဲ” ဟု သူက ပြောဆိုသည်။

“ကျနော်တို့ကို စစ်မတိုက်ဘူးလို့ ပြောတာပဲ။ သူတို့ပြောတယ်ဆိုတော့ မတိုက်ဘူးပေါ့” ဟုလည်း KNU/KNLA Peace Council ဗိုလ်မှူးချုပ်က ဖြည့်စွက် ပြောဆိုသည့်အပြင်၊ ၎င်းတို့တပ်တွင် လက်နက်ကိုင်အင်အား ၁၀၀၀ ကျော် ရှိသည်ဟု ဆိုသည်။

ကရင်အမျိုးသား အစည်းအရုံး KNU ဗဟိုကော်မတီဝင်နှင့် တပ်မဟာ ၇ ထိပ်ပိုင်းခေါင်းဆောင် ဖြစ်ခဲ့သူ ဗိုလ်ချုပ်ဌေးမောင်သည် KNU ၏ ခွင့်ပြုချက်မယူဘဲ နအဖ စစ်တပ်နှင့် စေ့စပ်ဆွေးနွေးခဲ့သဖြင့် ၂၀၀၇ ခုနှစ် ဇန်နဝါရီလတွင် KNU က သူ့ကို တာဝန်မှ ရပ်ဆိုင်းကာ အဖွဲ့မှ ထုတ်ပယ်ခဲ့သည်။

ထိုအခါ ဗိုလ်ချုပ်ဌေးမောင် ဦးဆောင်သည့် အဖွဲ့သည် စစ်အစိုးရနှင့် အပစ်ရပ်ကာ ငြိမ်းချမ်းရေး ယူခဲ့ခြင်း ဖြစ်သည်။
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment