Wednesday, October 14, 2009

ကရင်နှစ်ဖွဲ့ ပေါင်းစည်းရေး မြိုင်ကြီးငူ ဦးဆောင်ရန် ကမ်းလှမ်း

မဇ္ဈိမ (ချင်းမိုင်) ။ ။ အသေအကြေ တိုက်ခိုက်နေကြသော အဓိက ကရင်အဖွဲ့ကြီး နှစ်ခုအတွင်း ငြိမ်းချမ်းရေး တည်ဆောက်ရေးအတွက် မြိုင်ကြီးငူ ဆရာတော် ဦးသုဇနအနေဖြင့် ဦးဆောင်ဦးရွက်ပြုပါရန် ကမ်းလှမ်း လိုက်ကြသည်။

ဆရာတော် ဦးသုဇန နှင့်ဒီကေဘီအေအဖွဲ့များ
လာမည့် နှစ်သစ်ကူးမတိုင်မီ “အပစ်အခတ် ရပ်ဆဲကာ ငြိမ်းချမ်းသာယာမှု” ကို တည်ဆောက်ကြရန် ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) နှင့် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ရယူထားသော ဒီမိုကရက်တစ် ဗုဒ္ဓဘာသာ ကရင် အစည်းအရုံး (ဒီကေဘီအေ) တို့အား ဆရာတော် ဦးသုဇနက ယခင် လ ၂၉ ရက်နေ့တွင် တိုက်တွန်း ရေးသားခဲ့ခြင်းအပေါ် ကေအန်ယူ တပ်မဟာ ၆ ဒူးပလာယာခရိုင်ဥက္ကဌ စောရွှေမောင်းက ပြန်လည်ရေးသား လျှောက်ထားလိုက်ခြင်း ဖြစ်သည်။

“နှစ်သစ်ကူးမတိုင်ခင် ဒီကေဘီအေ နဲ့ ကေအန်ယူ တွေ့ဆုံ စကားပြောနိုင်ရေးအတွက် တိုက်တွန်းထားတဲ့ အပေါ်မှာ ဆရာတော်ကလည်း ဒီကေဘီအေရဲ့ နာယကကြီး ဖြစ်တဲ့အလျောက် တိုက်တွန်းတာထက် ပိုပြီးထိရောက်မှု ရှိအောင် ပါဝင်ပြီးတော့ ဆောင်ရွက်လိုက်မယ်ဆိုရင် အမြန်နည်းနဲ့ တွေ့နိုင်အောင် ရုံးမှာဘုတ်အဖွဲ့တွေ ထိုင်ပြီးတော့ ဦးသုဇနထံကို ဥက္ကဌက သူရေးပို့လိုက်တာပေါ့” ဟု တပ်မဟာ (၆) ပြန်ကြားရေး တာဝန်ခံ ဗိုလ်ကြီး ထဲနေက မဇ္ဈိမကို ပြောသည်။

ကိုယ်ပိုင် ပြဌာန်းခွင့်အတွက် လက်နက်ကိုင် တော်လှန်သည့် အင်အားကြီး ကရင်အမျိုးသား အစည်းအရုံး အဖွဲ့အတွင်း ခရစ်ယာန်ဘာသာ ကိုးကွယ်သော ကရင်များနှင့် ဗုဒ္ဓဘာသာ ကိုးကွယ်သော ကရင်များ ၁၉၉၄ ခုနှစ်တွင် ကွဲထွက် သွားခဲ့ပြီးနောက် အသေအပျောက် များလှသော တိုက်ပွဲများ ဖြစ်ပေါ်ခဲ့သည်။

ဗုဒ္ဓဘာသာအဖွဲ့က ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်- ဒီကေဘီအေဟူ၍ အမည်ပေးကာ ယခုနေပြည်တော်တွင် ရုံးစိုက်နေသော စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ယူခဲ့သည်။

ကျန်ရစ်သော ကေအန်ယူကို စစ်အစိုးရက ချေမှုန်း ထိုးစစ်ဆင်ရာတွင် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူရွာတွင် အခြေစိုက်ထားသော ဒီကေဘီအေကိုပါ နယ်မြေစိုးမိုးရေး အခွင့်အလမ်းပေး ရှေ့တန်းတင် တိုက်စေခဲ့ရာ အဖွဲ့နှစ်ဖွဲ့အကြား အသေအပျောက်များခဲ့ပြီး အပြန်အလှန် လုပ်ကြံသတ်ဖြတ်မှုများလည်း လိုက်ပါခဲ့သည်။

ငြိမ်းချမ်းရေး ရောင်ခြည်သမ်း ကမ်းလှမ်းမှုနှင့် ပတ်သက်ပြီး ကေအန်ယူ ဗဟိုဌာနချုပ်မှလည်း သဘောတူညီကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

“ဗဟိုက သဘောတူပါတယ်။ ဆိုလိုတာကတော့ အားလုံးအတွက် ခေါင်းဆောင်ဖို့ပေါ့။ သူတို့က ဦးသုဇန ကို အကုန်လုံး တာဝန်ပေးထားတာဘဲ။ နောက်ပြီးတော့ ဦးသုဇန စာရေးတာလဲရှိတယ်လေ။ ဗဟိုက အဲဒါ လေ့လာနေတယ်။ အောင်မြင်တယ် မအောင်မြင်ဘူး ဆိုတာကတော့ စကားပြောကြည့်မှပဲ သိရမယ်” ဟု ကေအန်ယူ ဒုဥက္ကဌ ဒေးဗစ်သာကပေါက မဇ္ဈိမကို ပြောသည်။

မြိုင်ကြီးငူ ဆရာတော်၏ စာအတွင်း၌ “နှစ်ဘက် လက်နက်ကိုင်များ အနေဖြင့် မိမိတို့ ကရင်အမျိုးသား အချင်းချင်း တိုက်ခိုက်သတ်ဖြတ် နေကြသည်ကို ရပ်ဆိုင်း၍ သွေးချင်းများတို့၏ အကျိုးကို သယ်ပိုးကြစေလိုသည်” ဟု ပါရှိသည်ကို တွေ့ရသည်။

ကရင်တို့အတွက် အထိနာလှသော အကွဲအပြဲ ဖြစ်မှုနှင့် ပတ်သက်၍ မြိုင်ကြီးငူဆရာတော်ကို ကွယ်လွန်လေပြီး ဖြစ်သော ကေအန်ယူ ဥက္ကဌဟောင်း ဗိုလ်ချုပ်မြက ပြစ်တင် ဝေဖန်ခဲ့ဖူးသည်။ လေ့လာသုံးသပ်သူများက စစ်အစိုးရက စနစ်တကျ ထိုးခွဲခဲ့သည်ဟု ဆိုသည်။

ပြန်လည် ပေါင်းစည်းရေးနှင့် ပတ်သက်ပြီး ဒီကေဘီအေဘက် အမြင်ကို မဇ္ဈိမက စုံစမ်းခဲ့ရာ အမည်မဖော်လိုသည့် ဒီကေဘီအေ ၉၉၉ တပ်ရင်းအရာရှိ တဦးက မြိုင်ကြီးငူ ဆရာတော်၏ ဆုံးဖြတ်ချက် အခရာကျသည်ဟု ပြောသည်။

“ကျနော်တို့ကတော့ ဆရာတော်ရဲ့လမ်းညွန်မှုအောက်မှာပဲလေ။ ဆရာတော်ပြောတဲ့ အတိုင်းပဲ လုပ်ရမှာပဲလေ။ ကျနော်တို့တွေက ဆရာတော် သားသမီးတွေဆိုတော့ ဆရာတော်ပြောတဲ့ အတိုင်းပဲလုပ်ရမှာပေါ့” ဟု မြဝတီမြို့နယ် ရွှေကုက္ကိုအခြေစိုက် ဒီကေဘီအေ ၉၉၉ တပ်ရင်း အရာရှိက မဇ္ဈိမကို ပြောသည်။
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment