Radio Free Asia
DKBA တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော်က ၊ ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ အပစ်အခတ် ရပ်စဲချင်တယ်ဆိုပြီး DKBA တပ်တွေအပေါ် ဩဇာညောင်းတဲ့ မြိုင်ကြီးငူဆရာတော် ဦးသုဇနက အောက်တိုဘာ ၁၇ ရက်နေ့မှာ ၊ KNU ထိန်းချုပ်ထားတဲ့ တပ်မဟာ ၇ နယ်မြေကို လာရောက် ဆွေးနွေးခဲ့ကြောင်း RFAက စုံစမ်းသိရှိရပါတယ်။
အဲဒီဆွေးနွေးပွဲကို KNU ဗဟိုကော်မတီဝင်တွေ ဖြစ်ကြတဲ့ KNLA တပ်ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမူတူး စေးဖိုးနဲ့ ၊ KNLA တပ်မဟာ၇ တပ်မဟာမှူး ဗိုလ်မှူးချုပ် ဂျော်နီအပါအဝင် ၊ အခြား KNU ဗဟိုကော်မတီဝင် ၂ ဦးပါ တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။မြိုင်ကြီးငူဆရာတော် ဦးသုဇနက ကရင်အမျိုးသားအချင်းချင်း လက်နက်ကိုင် တိုက်နေမဲ့အစား အပစ်အခတ် ရပ်စဲချင်ကြောင်း လာရောက်ပြောဆိုတာကို ၊ KNU ဖက်က လက်ခံနားထောင်ခဲ့ပြီး KNUဗဟိုမှာ ပြန်လည်တင်ပြ ဆွေးနွေးပြီးမှသာ အကြောင်းပြန်နိုင်လိမ့်မယ်လို့ အဲဒီဆွေးနွေးပွဲမှာ မြိုင်ကြီးငူဆရာတော်ကို အကြောင်းပြန်ကြားခဲ့ကြောင်း KNUဗဟိုနဲ့နီးစပ်တဲ့ သတင်းရပ်ကွက်က ဆိုပါတယ်။
KNUနဲ့ DKBA တပ်တွေကြား ၂၀ဝ၉ ခုနှစ်အကုန်မှာ အပစ်အခတ်ရပ်စဲပြီး ၂၀၁၀ နှစ်ဆန်းမှာ ငြိမ်းချမ်းရေး တည်ဆောက်သွားကြဖို့ မေတ္တာရပ်ခံတဲ့ စာတစောင်ကို ၊ မြိုင်ကြီးငူဆရာတော် ဦးသုဇနက ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက် နေ့စွဲနဲ့ ဖြန့်ဝေခဲ့ပါတယ်။မြိုင်ကြီးငူဆရာတော်နဲ့ တိုက်ရိုက်မေးမြန်းခွင့်ရဖို့ RFAက အကြိမ်ကြိမ် ကြိုးစားခဲ့စဉ်၊ အောက်တိုဘာ လဆန်းပိုင်းမှာတော့ မြိုင်ကြီးငူဆရာတော်နဲ့အရှေ့တောင်တိုင်း တိုင်းမှူးတို့ တွေ့ဆုံ ဆွေးနွေးနေကြတယ်ဆိုပြီး ဖားအံမြို့ မြိုင်ကြီးငူဆရာတော်ကျောင်းက ဒါယကာမတဦးက RFAကို ပြန်လည်ဖြေကြားခဲ့ပါတယ်။အဲဒီနောက်ပိုင်း ဆရာတော်ကိုယ်တိုင် အခုလို ကိုယ်တိုင် ဆောင်ရွက်လာတာပဲ ဖြစ်ပါတယ်။
မြိုင်ကြီးငူဆရာတော်အနေနဲ့ KNU နဲ့ DKBA ကြား အခုလို ငြိမ်းချမ်းရေးအတွက် စကားပြောဆိုဖို့ ကြိုးပမ်းနေချိန်မှာပဲ အောက်တိုဘာ ၁၇ရက်နေ့တုန်းက KNU တပ်မဟာ ၇ နယ်မြေထဲ KNU နဲ့ DKBAကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး DKBA ဖက်က ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ DKBA ၉၉၉ တပ် အရာရှိတဦးက RFA ကို အခုလို ပြောကြားပါတယ်။DKBA အရာရှိ။ ။ “တိုက်ပွဲကတော့ မနေ့တနေ့ကတော့ ဖြစ်နေတာပဲ။ ၁၇ ရက်နေ့တုန်းက DKBA နဲ့ KNU တပ်မဟာ ၇ ကပေါ့။ ကျွန်တော်တို့ DKBA နှစ်ယောက်သမား ဒဏ်ရာရတယ်။ ကရင်အမျိုးသားအချင်းချင်း ချစ်ချစ်ခင်ခင် နေလို့ ကောင်းတာပေါ့။”
DKBA တပ်ဟာ ဘာသာရေးအရ မညီမမျှဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ KNU အဖွဲ့ကနေ ၁၉၉၅ ခုနှစ်တုန်းက ခွဲထွက်ခဲ့တာ ဖြစ်ပါတယ်။