Tuesday, November 3, 2009

မသမာနည်းဖြင့် တတိယနိုင်ငံမသွားနိုင်ရန် ဒုက္ခသည် များကို စိစစ်မည်

ရဲရင့် / ၃ နိုဝင်ဘာ ၂၀၀၉
တတိယနိုင်ငံများသို့ မရိုးသားသော နည်းလမ်းများဖြင့် သွားရောက်အခြေချသူများထဲတွင် ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည် စခန်း (၉) ခုအနက် မယ်လဒုက္ခသည်စခန်းမှ ထွက်ခွာသူများမှာ (၉၅) ရာခိုင်နှုန်းရှိသဖြင့် ယခုလလယ်မှစတင်ကာ ယူအန်အိပ်ခ်ျစီအာမှ စိစစ်မှုများ ပြုလုပ်မည်ဖြစ်သည်။

မယ်လဒုက္ခသည်စခန်းရှိ သီရိမင်္ဂလာဘုန်းတော်ကြီးကျောင်းကို အဝေးမှ လှမ်းမြင်နေရပုံ၊
မယ်လစခန်း ဒု-ဥက္ကဋ္ဌ စောထွန်းထွန်းက “တတိယနိုင်ငံကို မရိုးမသားနဲ့ ထွက်တာ မယ်လစခန်းက (၉၅) ရာခိုင်နှုန်းရှိတယ်လို့် ယူအန်ကပြောတယ်။ ဒါကြောင့် ဒီလကစပြီး နှစ်ကုန်တဲ့အထိ စိစစ်မှုတွေ လုပ်မှာဖြစ်တယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ဘန်ကောက်အခြေစိုက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (ယူအန်အိပ်ခ်ျစီအာ) ၏ ဒေသဆိုင်ရာ ဒု-တာဝန်ခံ သည် လွန်ခဲ့သည့်လက မယ်လစခန်းသို့ရောက်ရှိလာစဉ် စခန်းတာဝန်ရှိသူများနှင့်တွေ့ဆုံပြီး အဆိုပါကိစ္စကို ကိုင်တွယ်ဖြေရှင်းရန် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

မရိုးသားသည့် နည်းလမ်းများဖြင့် တတိယနိုင်ငံများသို့ ထွက်ခွာရာတွင် ပွဲစားများမှတဆင့်ငွေပေးပြီး ဓာတ်ပုံအစားထိုးကာ ဒုက္ခသည်အစစ်အမှန် မဟုတ်သူများဖြစ်သည့် လူသစ်များကို သွားခွင့်ပြုခြင်းဖြစ်သည်ဟု စခန်းတွင် သီတင်းသုံးသည့် ဘုန်းတော်ကြီးတပါးက မိန့်ကြားသည်။

အဆိုပါကိစ္စရပ်များတွင် မိမိတို့တစုံတရာ ပါဝင်ပတ်သက်ခြင်းမရှိဟု မယ်လစခန်း၏ တာဝန်ရှိသူများက ခေတ်ပြိုင်သို့ ပြောကြားသည်။

မြန်မာဒုက္ခသည်စခန်း (၉) ခုတွင် တတိယနိုင်ငံများသို့ ထွက်ခွာသူများထဲတွင် မယ်လစခန်းမှ အများဆုံးဖြစ်ပြီး ၂၀၀၆ ခုနှစ် နှောင်းပိုင်းမှ ယနေ့အထိ (၁၇,၀၀၀) ခန့်ရှိပြီဖြစ်သည်။

တတိယနိုင်ငံသို့ ထွက်ခွာခွင့်ရရှိရန် မယ်လစခန်းမှ ယူအန်အိပ်ခ်ျစီအာသို့ လျှောက်ထားသူများမှာ လက်ရှိစာရင်းများအရ (၇) ထောင်ခန့်ရှိသည်ဟု စခန်းတာဝန်ရှိသူတဦးက ပြောသည်။

အဆိုပါလျှောက်ထားသူ လူဦးရေ (၇) ထောင်ကို ယူအန်အိပ်ခ်ျစီအာမှ ကွင်းဆင်း၍ ဒုက္ခသည်အစစ်အမှန်များ ဟုတ်မဟုတ် စိစစ်သွားမည်ဟု သိရသည်။

ဒုက္ခသည်များအဖြစ် အသိအမှတ်ပြုခြင်းကို ယူအန်အိပ်ခ်ျစီအာနှင့် ထိုင်းပြည်ထဲရေးဌာန၏ အဆုံးအဖြတ်တွင်သာ မူတည်ပြီး အသိအမှတ်မပြုခံရသူများအနေဖြင့် ပြန်လည်ပို့ဆောင်ခြင်း ခံရနိုင်သည်ဟု ထိုင်းဝန်ထမ်းတဦးက ပြောသည်။

ထိုင်း-မြန်မာနယ်စပ်တွင် ဘန့်တုံယမ်း၊ ထမ်းဟင်၊ နို့ဖိုး၊ အုန်းဖျန်၊ မယ်လ၊ မယ်လာမို၊ မယ်လာအူးနှင့် ကရင်နီဒုက္ခသည်စခန်း
(၂) ခု အပါအ၀င် စခန်း (၉) ခုရှိပြီး လက်ရှိဒုက္ခသည် (၁၃၀,၀၀၀) ခန့် နေထိုင်လျက်ရှိသည်။
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment