Thursday, December 17, 2009

ဆစ်ဒနီ ဘလော့ဂါသုံးဦးနဲ့ တွေ့ဆုံတဲ့နေ့

မငယ်နိုင်ဘလော့မှ တဆင့်ခံကူးယူသည်၊
ပြီးခဲ့တဲ့ စနေနေ့ (12/12/09) က ဆစ်ဒနီမြို့ Granville Towhall မှာ ကျင်းပသွားတဲ့ ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကို သွားဖြစ်ခဲ့ပါတယ်။ အစကတော့ ဒီအကြောင်း သတင်းရေးမလို့ပါပဲ ဒါပေမဲ့ ရောက်သွားတဲ့အချိန်က တော်တော်ကို နောက်ကျနေပြီဖြစ်လို့ ဖျော်ဖြေရေး အစီစဉ်ကိုတောင်မှ တ၀က်တပြက်ပဲ မှီလိုက်လို့ သတင်းတခုအဖြစ် ရေးရလောက်အောင် အချက်အလက် မစုံတဲ့အတွက် ဆစ်ဒနီ ကရင်ဘလော့ဂါတွေနဲ့ တွေ့ဆုံခဲ့တာ အပါအ၀င် ဓါတ်ပုံ၊ ဗွီဒီယိုနဲ့ အတွေ့အကြုံတွေကို မျှဝေရင်း ကျွန်မရဲ့ အဲဒီနေ့က ကြုံတွေ့ရတဲ့ တနေ့တာ အတွေ့အကြုံလေးဖြစ်နဲ့ပဲ တင်လိုက်ပါတယ်။ သတင်းအတိအကျကို စိတ်ဝင်စားသူများ ရှိပါက ဆစ်ဒနီ ကရင်ဘလော့ဂါတွေ ဖြစ်တဲ့ စောကျော်ခွိ၊ အဲခေါင်သောင့်နဲ့ အမိကရင်မြေတို့ တင်တဲ့အချိန်မှ စောင့်ဖတ်နိုင်ပါတယ်။
အမှန်က ဒီအခမ်းအနားလုပ်မယ်ဆိုတာ စောကျော်ခွိနဲ့ အဲခေါင်သောင့် ဘလော့ဂ်တွေမှာ မကြာခဏ ကြော်ငြာထားတာကိုပါ တွေ့နေရလို့ အစီစဉ် ရှိရှိနဲ့ သွားဖို့ ပြင်ဆင်ထားခဲ့ပါတယ်။ အဲဒီနေ့မှာ သားကို Home Bush မှာ ရှိတဲ့ စနေနေ့ ကျူရှင်ပို့ပြီး အပြန်မှာ အဲဒီနားက ဆစ်ဒနီဈေးမှာ ခါတိုင်းလို အကြာကြီး ဈေးဝယ်မနေတော့ပဲ ပန်းဈေးထဲမှာ ဘုရားပန်းတစည်းနဲ့ အသီးနှံတချို့ပဲ ၀ယ်ပြီး ပြန်လာခဲ့ပါတယ်။ ပြန်ရောက်ရင် ထမင်းဟင်း ချက်မစားတော့ပဲ အခမ်းအနားကို ချက်ချင်းတန်းသွားဖို့ ရည်ရွယ်ခဲ့ပေမဲ့ ခါတိုင်း မုန့်ဟင်းခါး ကျွေးလေ့ရှိတဲ့ အခမ်းအနားမှာ အခုတော့ အုန်းနို့ခေါက်ဆွဲ ကျွေးတယ်ဆိုတော့ ကျွန်မ မစားတဲ့ အစားအစာ ဖြစ်နေတာနဲ့ ထမင်းဟင်းချက်စားပြီးမှ သွားဖို့ ဖြစ်လာရတယ်။ ရေမိုးချိုး ထမင်းဟင်း စားပြီးတဲ့အခါမှာ အချိန်ကြည့်လိုက်တော့ ကလေးကြိုချိန်က နီးနေပြီး သားသား ကျူရှင်တက်တဲ့နေရာ Home Bush နဲ့ အခမ်းအနား လုပ်တဲ့နေရာ Granville က အိမ်ကနေ အရှေ့နှင့်အနောက် ဆန့်ကျင်ဘက် အရပ်မှာ ဖြစ်နေလို့ လမ်းမကြုံဘူး။ အမျိုးသားက ကျွန်မကို အခမ်းအနားအရင်ပို့ပြီးမှ ကလေးကြိုရင် ကလေးကြိုဖို့က တော်တော် နောက်ကျသွားမယ်၊ လောလောဆယ် ကလေးကို ကြိုရင်လည်း တော်တော်စော နေသေးတယ်ဆိုတော့ ကလေးကြိုချိန်ကို စောင့်ပြီးမှ ကလေးကြိုပြီး အခမ်းအနား သွားဖြစ်တော့ ကြားမှာ ပိုနေတဲ့ အချိန်တွေက အရာမရောက် ဖြစ်သွားပါတယ်။ သားသားကလည်း အိမ်ပြန်ရောက်တာနဲ့ ခဏ နားချင်သေးတယ်ဆိုလို့ အချိန်က ထပ်ကုန်ပြန်တယ် ဒါနဲ့ပဲ ကျွန်မတို့ အဲဒီနေ့က အခမ်းအနားကို တော်တော် နောက်ကျမှ ရောက်သွားခဲ့ပါတယ်။

ကျွန်မတို့ရောက်တဲ့အချိန်မှာ ဖျော်ဖြေရေး အစီစဉ်တွေတောင် စပြီးနေပြီ။ ကျွန်မတို့ရောက်တော့ ရုံကပြည့်နေပြီ ထိုင်စရာ ခုံသိပ်မရှိတော့ဘူး။ ကရင်ဝတ်စုံ ၀တ်ထားတဲ့ ကရင်တွေကတော့ အများဆုံးပေါ့။ ဒါပေမမဲ့ ဗမာနဲ့ မြန်မာနိုင်ငံသား တခြားတိုင်းရင်းသားတွေ၊ ဒေသခံ သြစကြေးလျား လူမျိုးတွေအပြင် ကျွန်မတို့ လုပ်တဲ့ အခမ်းအနားတွေမှာ တွေ့ရခဲလှတဲ့ အိန္ဒိယတွေ၊ ကပ္ပလီတွေ တချို့ကိုလည်း တွေ့လိုက်ရတော့ ဆစ်ဒနီကရင် အသိုင်းအ၀ိုင်းရဲ့ စည်းလုံးညီညွတ်ပုံနဲ့ စည်းရုံးရေး ကောင်းပုံကို ကျွန်မစိတ်ထဲမှာ မချီးကျူးပဲ မနေနိုင် ဖြစ်ရပါတယ်။ မြန်မာ တိုင်းရင်းသားတွေထဲမှာတော့ ဆစ်ဒနီမြို့မှာ နေထိုင်သူတွေအပြင် နယူးဆောက်ဝ်ဝေး ပြည်နယ်ထဲမှာ ရှိတဲ့ တခြားမြို့တွေကလည်း လာကြတာ တွေ့ရတယ်။ ဖျော်ဖြေရေးမှာ မဲလ်ဘုန်းက ကရင်အဖွဲ့တွေလည်း လာရောက်ဖျော်ဖြေကြတော့ ဒီအခမ်းအနားဟာ လူကတော်တော် စုံပါတယ်။

ကျွန်မတို့ ရောက်တဲ့အချိန်မှာ စုံတွဲဒုံးအက ကနေကြတယ်။ သားနဲ့ အမျိုးသားကတော့ ထိုင်ဖို့ ထိုင်ခုံနေရာ လိုက်ရှာနေကြတယ်။ ကျွန်မကတော့ ရောက်ရောက်ချင်း ထိုင်ခုံရှာဘို့လည်း သတိမရ၊ ကလေးနဲ့ ယောက်ျားကိုလည်း လှည့်ကြည့်မအားတော့ပဲ ဓါတ်ပုံရိုက်ဖို့ အရှေ့ကိုပဲ တက်လာလိုက်တယ်။ ကတဲ့အဖွဲ့တွေက စတိတ်စဉ်မြင့်ပေါ်မှာမဟုတ်ပဲ အောက်မှာ ကနေကြတယ်။ စဉ်မြင့်ပေါ်မှာတော့ ခေတ်ပေါ်တွေးဂီတ အစီစဉ်အတွက် အဆင်သင့် ပြင်ထားတဲ့ တူရိယာ တန်ဆာပလာတွေနဲ့ ပြည့်နေအောင် နေရာချထားတာ တွေ့ရပ့ါတယ်။ စဉ်မြင့်ရဲ့ နောက်ခံပန်းချီကားကို ကြည့်လိုက်တော့ ဆွဲထားတဲ့ ဖားအံ စွဲကပင်တောင်ပုံနဲ့ မီးရောင် မိတ်တုတ်မိတ်တုတ် ဖြစ်အောင် စံမံထားတဲ့ ကရင်အမျိုးသား အမှတ်အသား ဖါးစည်ကို စွဲကပင်တောင်အပေါ်မှာ တင်ပြီး ဆွဲထားတာ တွေ့ရတယ်။ အောက်ဘက်မှာတော့ စွဲကပင်တောင်ရဲ့ ဘယ်ဘက်နဲ့ ညာဘက် တဘက်စီမှာ ကရင်မောင်မယ်နှစ်ဦးပုံကို ဘယ်နှင့်ညာမှာ တယောက်စီ ဆွဲထားထာ တွေ့ရတယ်။ ပန်းချီက တော်တော်လေး အသက်ဝင်ပြီး လက်ရာကောင်းတာ တွေ့ရပါတယ်။ ကျွန်မက ဒီဘက်ဒေါင့်က ဓါတ်ပုံရိုက်နေတဲ့အချိန်မှာ ကရင်ဘလော့ဂါ စောကျော်ခွိ တယောက်လည်း ဟိုဘက်ထောင့်ကနေ ဓါတ်ပုံတွေ၊ ဗွီဒယိုတွေ စဉ်မြင့်ပေါ်ကတလှည့် အောက်မှာတလှည့် ချိန်ပြီး လိုက်ရိုက်နေတာ တွေ့ရတယ်။

ဒုံးအက ပြီးတာနဲ့ အစီစဉ် တခုနဲ့ တခုကြားကြေညာနေတဲ့ အချိန်မှာ ကျွန်မက အရှေ့ဆုံးမှာ ခုံအလွတ်တချို့ တွေ့တာနဲ့ ၀င်ထိုင်လိုက်တယ်။ ခဏကြာတော့ စောကျော်ခွိကလည်း ကျွန်မဘေးနားက ခုံမှာ လာထိုင်နှုတ်ဆက်ပြီး သူသီချင်းဆိုတဲ့ အလှည့်ရောက်ရင် ဗွီဒယို ရိုက်ထားပေးပါလို့ ပြောလာတယ်။ ကျွန်မက ရိုက်ထားပေးတာတင်မကဘူး ရိုက်ပြီး ဘလော့ဂ်မှာပါ တင်ပေးမယ်လို့ ပြောထားတယ်။ စောကျော်ခွိက "အဲခေါင်သောင့်နဲ့ တွေ့ပြီးပြီလား" လို့ မေးတော့ ကျွန်မက "ဘယ်တွေ့မလဲ ခုနကမှ ရောက်တယ် ပြီးတော့ အဲခေါင်သောင့်ကို တခါမှတောင် မတွေ့ဖူးသေးဘူးလို့" ပြောပြီး နောက်ကျရတဲ့ အကြောင်းအရင်းကို ရှင်းပြခဲ့တယ်။ ခဏနေတော့ စောကျော်ခွိ မိတ်ဆက်ပေးလို့ အဲခေါင်သောင့်ကို တွေ့ရတယ်။ အဲခေါင်သောင့်ဆိုလို့ ကြည့်လိုက်တော့ ခုနက ကဖွဲ့မှာပါနေတဲ့ တယောက် ဖြစ်နေတယ်။ စောကျော်ခွိရော အဲခေါင်သောင့်ပါ နှစ်ယောက်စလုံးက ကျွန်မ စတွေ့ဖူးချိန်မှာ ထင်ထားတာထက် အများကြီး ငယ်တဲ့ လူငယ်တွေ ဖြစ်နေတာတွေ့ရတယ်။ သူတို့နှစ်ယောက်စလုံးက "အစ်မကိုပဲ သိပ်မတွေ့တာ ကိုကျော်နိုင်ကို ကျတော့ အမြဲတွေ့နေတယ်" လို့ ပြောတယ်။ သူတို့နှစ်ယောက်နဲ့ စကားပြောနေစဉ် နောက်ထပ်တယောက်က ကျွန်မကို "အစ်မယောက်ျားဆီက အစ်မဘလော့ဂ်လိပ်စာရလို့ ကျွန်တော် အစ်မဘလော့ဂ်ကို အမြဲရောက်ပါတယ် နှုတ်ပဲ နှုတ်ဆက်ဖြစ်တာ" လို့ ပြောပြီး တွေ့ရတာ ၀မ်းသာကြောင်း လာနှုတ်ဆက်တော့ ဘယ်သူမှန်းမသိ ဖြစ်ပြီး ဘာပြန်ပြောရမှန်း မသိပဲ ဖြစ်နေချိန်မှာ စောကျော်ခွိက "အဲဒါ အမိကရင်မြေလေ အစ်မ မသိဘူးလား" လို့ မေးမှ မသိဘူး၊ ဘယ်တုန်းကရောက်လဲ ဘယ်မှာနေလဲလို့ ဘလော့ဂ်က ဘယ်တုန်းကစဖွင့်လဲလို့ ပြန်မေးရတယ်။ ဆစ်ဒနီမှာ ကရင်ဘလော့ဂါဆိုလို့ စောကျော်ခွိနဲ့ အဲခေါင်သောင့် နှစ်ယောက်ပဲ ရှိတယ်ထင်နေတာ နောက်တယောက် ရှိသေးတယ်ဆိုတာ သိရလို့ ကျွန်မ အံ့လည်းအံ့သြ ၀မ်းလည်းသာမိတယ်။

ဒီအခမ်းအနားမှာ ဘလော့ဂါသုံးဦးအပြင် အရင်က သြစကြေးလျားမရောက်ခင်နှင့် ရောက်ခါစက သိခဲ့ဖူးတဲ့ ကရင်မိတ်ဆွေဟောင်းတချို့ကိုပါ ပြန်တွေ့ရပါတယ်။ ကျွန်မကို သားသားက အိမ်ပြန်ချင်တယ်နဲ့ ခဏခဏ လာခေါ်ပြီး ဂျီတိုက်နေလို့ အခမ်းအနားကလည်း မပြီးသေးတာနဲ့ "ပြန်ချင်ရင် သားသားတို့သားအဖ ပြန်နှင့်တော့ မေမေ ရထားနဲ့ပဲ ပြန်လာတော့မယ်" ဆိုပြီး ပြောလိုက်တယ်။ နောက်မှ ကျွန်မ၀တ်ထားတဲ့ ရိုးရာအ၀တ်အစားကို သတိရပြီး ဒီအ၀တ်အစားဝတ်ပြီး ရထားနဲ့ မပြန်ချင်တာနဲ့ အနောက်ကို ကြည့်လိုက်တော့ သားအဖနှစ်ယောက် ထိုင်ရာမှာ မရှိတော့ပဲ အခန်းထဲက ထွက်ဖို့တံခါးဝမှာ ရောက်နေပြီ။ အဲဒါနဲ့ အတင်းပြေးခေါ်ပြီး "စောကျော်ခွိ သီချင်းပထမတပုဒ် ဆိုပြီးတာနဲ့ ပြန်မယ် ခဏစောင့်ပါ" လို့ ပြေးပြောရတယ်။

ကျွန်မ ရထားနဲ့ မပြန်ချင်ရတဲ့ အဓိကအကြောင်းအရင်းက ကျွန်မ၀တ်ထားတာ ကရင်စတိုင် ယက်ကန်းယက်လုပ်ထားတဲ့ ချဉ်အ၀တ်စကို မြန်မာစတိုင် ရင်ဖုံးအင်္ကျီပြန်ချုပ်ဝတ်ထားတော့ ကရင်အ၀တ်အစားကို ဗမာမှုပြုထားတဲ့ ကရင်ထမိန်ကို သင်တိုင်းနဲ့ မဟုတ်ဘဲနဲ့ ဗမာရင်ဖုံးအင်္ကျီနဲ့ ၀မ်းဆက်အဖြစ် ၀တ်ထားတော့ ထူးခြားနေပါတယ်။ ဒီအခမ်းအနားမှာတော့ အတော်များများက တိုင်းရင်းသားဝတ်စုံတွေ ၀တ်ထားကြတာ ဘာမှ သိသာထင်ရှားမှု ထူးခြားမှု မရှိပေမဲ့ ဘူတာရုံကို လမ်းလျှောက်သွားရင်တော့ ကျွန်မအသွင်ပြင်က လူအများ သတိထားမိလောက်အောင် ပေါ်လွင်နေလိမ့်မယ်။ ပြီးတော့ ကျွန်မက လမ်းလျှောက်မြန်သူပီပီ ထမိန်ဝတ်ပြီး လမ်းလျှောက်ရင် အမြဲတမ်း ထမိန်စဆွဲရတဲ့ အခက်အခဲရှိတော့ လမ်းလျှောက်ရတာ သက်တောင့်သက်သာ မရှိဘူး။ ဒါအပြင် ရိုးရာအ၀တ်အစား ၀တ်ပြီးသွားရင် အမြဲကြုံတွေ့ရတတ်တဲ့ အတွေ့အကြုံအရ လမ်းမှာ၊ ရထားထဲမှာ လူအများ အာရုံစူးစိုက်မှုကို ခံရပြီး တွေ့တဲ့သူအတော်များများက လှတယ်လို့ ပြောကြလိမ့်မယ် ဒါဆိုရင် ကျေးဇူးမတင်ပဲနဲ့ ဓလေ့အရ ကျေးဇူးတင်ပါတယ်နဲ့ ခဏခဏ ဟန်ဆောင်ပြီး ပြန်ပြောနေရလိမ့်မယ်။ ဒီစိတ်ကျဉ်းကြပ်တဲ့ ဒဏ်ကိုမခံနိုင်လို့ သူတို့သားအဖကို စောင့်ခိုင်းပြီး စောကျော်ခွိ သီချင်းဆိုလို့အပြီးမှာ သားတော်မောင် မျက်နှာငြိုးတာ မခံနိုင်လို့ စောကျော်ခွိတယောက်ကိုပဲ ကပြာကယာ နှုတ်ဆက်ပြီး တခြားဘယ်သူ့ကိုမှ နှုတ်ဆက်ချိန်မရလိုက်ဘဲ ပြန်လာလိုက်ရတယ်။ ဒီလိုနဲ့ပဲ ကိုယ်လုပ်ချင်တဲ့ ရည်ရွယ်ချက်အတိုင်း ပြီးအောင် မလုပ်နိုင်ပဲ သားတော်မောင်အတွက် ဖဲ့ပေးရတာ မနည်းတော့ပါဘူး။ စောကျော်ခွိ ဒုတိယတပုဒ် သီချင်းဆိုတဲ့အထိ မနေခဲ့တာ၊ အဲခေါင်သောင့်နဲ့ အမိကရင်မြေတို့ကို နှုတ်မဆက်ပဲ ပြန်လာလိုက်တာတွေအတွက် စိတ်မကောင်း ဖြစ်မိတယ်။

အိမ်ပြန်ရောက်တော့ ရိုက်လာတဲ့ ဗွီဒယိုတွေ၊ ဓါတ်ပုံတွေကို ကွန်ပြူတာထဲသွင်းပြီး ပြန်ကြည့်တော့ စောကျော်ခွိ သီချင်းဆိုတဲ့အချိန်မှာ ရိုက်ထားတဲ့ ဗွီဒယိုက အသံလည်းမရှင်း ပုံလည်းမရှင်း ဖြစ်နေတာကို တွေ့လို့ သုံးလို့မရတာကို တွေ့ရတယ်။ စောကျော်ခွိက အဆိုလည်းကောင်းတယ်၊ သံလည်းကောင်းပါတယ် အဲဒါ ကျွန်မ ကင်မရာကြောင့် ဖြစ်ရတာပါ။ ဒါကြောင့်မို့ ကျွန်မအတွက် ကြည့်တိုင်း ဘယ်တော့မှ မရိုးနိုင်လောက်အောင် စိတ်ဝင်စားတဲ့ ကရင်ဝါးညှပ်အကနဲ့ တိုင်းရင်းသားအကတွေထဲမှာ အကြိုက်ဆုံး နှစ်ခုထဲက တခုဖြစ်တဲ့ ဒုံးအကကိုပဲ အားလုံးကြည့်ရှုခံစားလို့ ရအောင် မျှဝေပြီး တင်ပေးလိုက်ပါတယ်။ ဒီအခမ်းအနားမှာ မိတ်ဆွေဟောင်းတွေနဲ့ တွေ့ရသလို မိတ်ဆွေအသစ်တွေနဲ့လည်း တွေ့ရတယ်၊ မတွေ့ဖူးခဲ့တဲ့ ဘလော့ဂါနှစ်ဦးနဲ့လည်း တွေ့ရတဲ့အတွက် အမှတ်တရ ရှိနေမှာ အမှန်ပဲ။ ကရင်နှစ်သစ်ကူးနေ့ အခမ်းအနား စီစဉ်သူအားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။ ဒါပေမဲ့ နောက်နှစ်တွေ လုပ်ရင်တော့ နွေခေါင်ခေါင် ပူအိုက်လှတဲ့ ရာသီမှာ လုပ်တဲ့ အခမ်းအနားမှာ ဧည့်ခံကျွေးမွေးရေး အစီစဉ်အတွက် အုန်းနို့ခေါက်ဆွဲတက် မုန့်ဟင်းခါးက ကျန်းမာရေးနဲ့လည်း ညီညွတ်၊ မြန်မာတိုင်းရင်းသားအားလုံး အကြိုက်လည်း ဖြစ်လို့ မုန့်ဟင်းခါး ကျွေးတာသာ အသင့်တော်ဆုံး ဖြစ်ကြောင်း နောက်နှစ်မှာ အခမ်းအနား ဖြစ်မြောက်ရေးကော်မရှင် ဖြစ်လာမည့် သူတွေကို ကြိုတင်ပြီး အကြံပြုလိုက်တယ်။

တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍကို ဒီထက်မက မြှင့်တင်နိုင်ပါစေ။
ဆစ်ဒနီမြို့နေ မငယ်နိုင်(http://nge-naing.blogspot.com/)ဘလော့မှ ကူးယူသည်၊
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment