Saturday, February 27, 2010

၂၀၁၀ခုနှစ် ဂျပန်ရောက်ကရင်များ၏ မိတ်ဆုံစားပွဲကို အောက်ပါ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်

အကြောင်းအရာ၊၊ ၊၊ ရေလယ်အဆောက်အဦးပေါ်မှာ ရေသတ္တဝါများကိုကြည့်ရင်း ဂျပန်ရောက် ကရင်များ မိတ်ဆုံစားရအောင်၊၊
၂၀၁၀ ခုနှစ် ဂျပန်ရောက်ကရင်များ မိတ်ဆုံစားပွဲကို အောက်ပါအစီအစဉ်အတိုင်း ပြုလုပ်မည်ဖြစ်ပါ၍ ဂျပန်ရောက်ကရင်များ အားလုံးဖိတ်ကြားအပ်ပါသည်၊၊ တယောက်ကို ဝင်ကြေးမပါ ယန်း ၁၂၀၀ စီ ထည့်ဝင်၍ ကရင်မျိုးချစ်များ ပိုမိုရင်းနှီး မိတ်သဟာရဖွဲ့ရအောင် ဖိတ်ကြားအပ်ပါသည်၊၊ (မှတ်ချက်၊၊ ၊၊ လူတဦးလျှင် ဝင်ကြေးယန်း ၁၅၀ )

ဂျပန်ရောက် ကရင်အမျိုးသားအချို့ပုံ။
အစီအစဉ်
နေ့ရက် ၊၊ ၊၊ ၂၀-၆-၂၀၁၀
အချိန် ၊၊ ၊၊ ညနေ ၄း၀၀ မှ ည ၇း၃၀
နေရာ ၊၊ ၊၊ KIYOSUMI SHIRAKAWA KOEN
KIYOSUMI SHIRAKAWA OEDO _LINE၊ ထွက်ပေါက် A-3 ဘူတာပေါ်တည့်တည့်
-နေရာအစီအစဉ်အတွက် ၆-၆-၂၀၁၀နေ့တွင် နောက်ဆုံးထား၍ လူဦးရေစာရင်းပေးသွင်းကြပါရန် မေတ္တာရပ်ခံအပ်ပါသည်၊၊

အသေးစိတ်သိလိုပါက အောက်ပါပုဂ္ဂိုလ်များကို ဆက်သွယ်နိုင်ပါသည်။
စောဘလှသိန်း ၀၉၀၄၂၄၆၃၃၇၉ --- နော်လှဥမ္မာဝင်း ၀၈၀၅၅၀၁၆၅၂၉

စောသဆဲလ် ၀၈၀၄၁၉၄၆၅၂၉ --- နော်လေးဖေါ်မင်း ၀၉၀၈၀၄၀၁၃၁၁
စောကပေါ်ထူး ၀၉၀၉၉၆၂၈၉၂၁ --- နော်သိန်းသိန်း ၀၈၀၆၅၆၈၅၅၅၄
စောဆဲနေဗလု ၀၈၀၃၅၄၆၅၀၄၆ ---- နော်ပေါ်လင်း ၀၈၀၅၈၆၈၂၅၂၇
စညီညီလွင် ၀၈၀၆၈၁၂၇၆၆၈--------စောကျော်ထင်ထူး ၀၈၀၆၇၈၃၃၆၁၅
ကရင်အမျိုးသားအဖွဲ့ချုပ်(ဂျပန်) ၀က်ဆိုက်ဘ်မှ ကူးယူဖော်ပြသည်။

Friday, February 26, 2010

ကျနော်နှင့် (ယွားဟေလူ) သို့မဟုတ် ပွိုင့် (၄၉၁) - အပိုင်း (၆)

ဆောင်းပါးရှင် - ဖထီး မန်းရောဘဇန်
စီမံချက်အဆင့် (၁) ဖြစ်သည့် (ကီးဒို) ခံစစ်ကုန်း ခိုင်မာရေးကို စတင်လုပ်ကိုင်ရန် တပ်မှူးများကို ခေါ်ယူလိုက်သည်။ (ကီးဒို) ခံစစ်ကုန်းထိပ်ရှိ ခြုံနွယ်၊ မြက်ပေါင်းများ၊ သစ်ပင် များကို စုပေါင်းရှင်းရန် ဗိုလ်တင့်လွင်နှင့်အဖွဲ့၊ ဝါးခုတ်ရန် ဗိုလ်နောင်နောင် နှင့်အဖွဲ့၊ အိမ်ဆောက်ဖို့ အိမ်တိုင်ခုတ်ရန် ဗိုလ်သောထူးအဖွဲ့၊ (ကီးဒို) ခံစစ်ကုန်းပတ်လည် ကတုတ် ကျင်းတူးးရန် ဗိုလ်ကော် လာနှင့်အဖွဲ့တို့ကို အသီးသီး တာဝန်ပေးအပ်လိုက်သည်။ (၇) ရက် တစ်ပါတ် အတွင်း အပြီးလုပ်ကိုင်ကြရမည်။ စီမံချက် အတိုင်း ရဲဘော်များ တက်ညီ လက်ညီ လုပ်ကိုင်နေကြပါသည်။


(The enemy of my enemy is my friend) ဆိုသည့် ခေါင်းဆောင်ကြီး စောဘဦးကြီး၏ လမ်းညွန်ချက်အတိုင်း လုပ်ဆောင် ရန် မိမိတို့ တောင်ဘက်ပိုင်းရှိ (ဒညတ) ဗိုလ်သွေး၏ အဖွဲ့ကို စည်းရုံးဖို့ ပြင်ဆင်သည်။ လူအင်အား၊ လက်နက်အင်အား တို့ကို လေ့လာသည်။ တစ်ပါတ်အတွင်း ဗိုလ်သွေးတို့၏ အခြေအနေစုံကို သိရှိသည်။
မှတ်ချက်။
ဗိုလ်သွေးသည် ဒေါက်တာ မန်းမြင့်ဆိုင်၏ ညီအစ်ကိုဝမ်းကွဲ တော်သည်။ တပ်ရင်း (၁ဝ) မှ မသင်္ကာသဖြင့် ဖမ်းဆီးစစ်ဆေး ခြင်းအား ခံရစဉ် အညှင်းခံထားရသဖြင့် (KNU) ကို စိတ်နာ နေသူဖြစ်ကြောင်း သိရသည်။

လူအင်အား (၃ဝ) ခန့်ရှိပြီး လက်နက် လေးငါးခြောက်လက်ခန့်သာ ရှိသည်ဟု သိရှိရသည်။ ဗိုလ်သွေးနှင့် တွေ့ရန်အတွက် ဗမာစကားတတ်သော ရွာသား (ဦးနေအေး) ကို ခေါ်ယူ၍ “ကျနော် ဗိုလ်သွေးနဲ့ တွေ့ချင်တယ်၊ သူ့နဲ့တွေ့နိုင်အောင် စီစဉ် ပေးပါ”ဟု ပြောလိုက်သည်။ သုံးလေးရက် အတွင်း ဗိုလ်သွေးနှင့် (အန်းထောင်း) ရွာတွင် တွေ့ကြသည်။ မြစ်ဝကျွန်းပေါ်သား ချင်းလည်းဖြစ်၊ မိမိအကြောင်းကို သိရှိထားပြီးလည်း ဖြစ်သည့်အပြင် ဥက္ကဌကြီး မန်းဘဇန်၏ ဂုဏ်အရှိန်ကြောင့်လည်း ဖြစ် နိုင်ပါသည်။ ဘာပြဿနာမျှ မရှိဘဲ တွေ့ဆုံပွဲ ချောမောအောင်မြင်ခဲ့ပါသည်။ စည်းရုံးရေး ပထမအဆင့် အောင်မြင်သွားပြီ ဖြစ်သည်။ ဆက်လက် စည်းရုံးရပေဦးမည်။

နောက်တစ်ပါတ် ရိက္ခာကိစ္စ (ချုံဖေါင်း) တွင် တပ်ထောက်ဗိုလ်သန်းဝင်းနှင့် ဝယ်ရန်အသွား ဗိုလ်သွေးကို ဝင်တွေ့သည်။ အိပ်ရာတွင် မူးနေသည်။ သောက်ထားသည်မှာ တစ်ပါတ်ခန့် ရှိနေကြောင်း သိရှိရသည်။ နောက်များမကြာမှီ ဗိုလ်သွေးကို သွားတွေ့ပြန်သည်။ ၄င်းစခန်းသို့ သွားလည်ရန် ဖိတ်ခေါ်သဖြင့် သွားလည်ခြင်း ဖြစ်သည်။ စခန်းကို ဝင်သည်နှင့် ဆေး ခြောက်အနံ့များက ဆီးကြိုနေသည်။ ဆေးခြောက်ရှူထားလို့ ထင်သည်၊ မျက်စေ့နှစ်ကွင်းစလုံး နီရဲနေကြသည်။ စစ်ဝတ်စုံ ဝတ်ထားသူ တစ်ဦးနှစ်ဦးသာရှိပြီး ကျန်သူများမှာ အရပ်ဝတ်များသာ ဖြစ်ကြသည်။

မိမိတို့လည်း (ကီးဒို) ခံစစ်ကုန်း တောင်ထိပ်ပါတ်လည်၌ (၁ဝ) လံကွာ တဲအိမ်များ ဆောက်လုပ်ပြီးနေပါပြီ။ အလံတိုင်စိုက်ထူရန် နေရာ၊ တန်းစီလူစစ်ရန် ကွင်းနေရာများ ပြင်ရန် ရှိနေပြန်သည်။ မြေမညီသဖြင့် မြေညှိရန် ရှိသည်။ နောက်တစ်ပါတ်အပြီး မြေညှိရန် စီမံရပြန်သည်။ ဗိုလ်ကော်လာနှင့်အဖွဲ့ ဆက်သွယ်ရေးမြောင်း တူးရာဝယ် ပြီးသလောက် ရှိနေပါပြီ။ မိမိတပ်ဖွဲ့ရှိ တပ်မှူးများသည် မြေပုံဖတ်နည်း (Compass) ကြည့်နည်း၊ မိမိနေရာ ရှာဖွေနည်း၊ မြေပုံ မြေပြင် တောင်ကြောလိမ်များကဲ့သို့ ကွဲလွဲချက်များ ရှာဖွေခြင်း၊ အကဲကြည့်ခြင်း၊ လက်နက်ကြီးပစ်နည်း၊ ပစ်ပိုင်နယ် ခွဲခြားခြင်း၊ ပုံသေပစ် လမ်းကြောင်းများ သတ်မှတ်ခြင်း၊ သတ်ကွင်းများထားခြင်း စသည့် စစ်ပညာများကို တတ်မြောက် ထားကြပြီး ဖြစ်သည်။

မိမိတို့၌ရှိသော စစ်သုံးမြေပုံမှာ အမေရိကန်တပ်သုံး စစ်သုံးမြေပုံသာရှိပြီး အင်္ဂလိပ်စစ်တပ်သုံး တစ်လက်မတစ်မိုင် မြေပုံမရှိပါ။ သို့သော် ပြဿနာမရှိ အားလုံးကြည့်တတ်ကြသည်။ မြေပုံကို ခင်းပြီး တပ်မှူးများကိုခေါ်ကာ အကယ်၍ ရန်သူထိုးစစ်ဆင်လာပြီဆိုရင် (ကီးဒို) ခံစစ်ကုန်းကို တက်လာဖို့ တောင်ကြောသုံးကြော ရှိသည်။ ထိုတောင်ကြော သုံးကြော ကြားမှာ မတ်စောက်သော ချိုင့်တွေသာ ရှိပါသည်။

“မင်းသာ ရန်သူ့တပ်မှူးဖြစ်ရင် မင်းဘယ်လိုလုပ်မလဲ” လို့ တစ်ဦးချင်းမေးရာ ဘယ်လိုလုပ်မယ်၊ ညာလိုလုပ်မယ်လို့ အသီးသီးပြောကြသည်။ “ဒါဆိုရင် ဗိုလ်တင့်လွင် မင်းအဖွဲ့က ဒီတောင်ကြောထိပ်မှာ စောင့်ပစ်မဲ့ ကတုတ်နှစ်လုံးဆောက်။ ဗိုလ်ထူးထူးနဲ့ အဖွဲ့က ဟိုတောင်ကြောထိပ်မှာ ကတုတ် နှစ်လုံး၊ ဗိုလ်နောင်နောင်အဖွဲ့က ဟိုဘက်ချမ်း ပွိုင့် (၄၉၁) တောင်ကုန်းကို တက်မဲ့ တောင်ကြောထိပ်မှာ ကတုတ်နှစ်လုံးဆောက်” ဟု ညွန်ကြားလိုက်ပါသည်။
စည်းလုံးခြင်းရဲ့ အင်အား ဘလော့မှ ကူးယူဖော်ပြသည်။
Wednesday, February 24, 2010

မကြောက်နဲ့ ကော်သူးလေရှိတယ်

ဗမာစစ်တပ်ရဲ့ အနိုင်ကျင့် ဖိနှိမ့်မှုအမျိုးမျိုးကို ခံစားနေရတဲ့ ကရင့်အိုင်ဒီပီများနဲ့ အဆိုပါ အိုင်ဒီပီများရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို အသက်ပေးကာကွယ်နေတဲ့ ကော်သူးလေလို့ခေါ်တဲ့ ကရင့်တော်လှန်ရေးသမားများအတွက် ဂုဏ်ပြုသီဆိုထားတဲ့ မကြောက်နဲ့ ကော်သူးလေရှိတယ် အမည်ရ သီချင်းကို ခံစားကြည့်ရှူနိုင်ပါတယ်။ အဆိုပါသီချင်းကို နှစ် ၆၀ပြည့် ကရင့်တော်လှန်ရေးနေ့ ဂုဏ်ပြုသီချင်းဗီစီဒီခွေမှ ကူးယူခြင်း ဖြစ်ပြီး အားကော်ရေးစပ်ကာ နော်ဟူးဖိုမှ ခံစားသီဆိုထားခြင်း ဖြစ်ပါတယ်။

လက်နက်ကြီးထိမှန်၍ ကျောင်းသား ၃ဦး ထိခိုက်သေဆုံး

ဖေဖော်ဝါရီလ ၂၅ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ် ဖာပွန်ခရိုင် ခေးပူကျေးနယ်အတွင်းရှိ စာသင်ကျောင်းတကျောင်းအား နအဖစစ်တပ်က လက်နက်ကြီးများဖြင့် လှမ်း၍ ပစ်ခတ်ခဲ့ရာ ကျောင်းသားတဦးသေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ (Free Burma Ranger) က ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။

ယခုလ ၁၉ရက်နေ့တွင် ခေးပူကျေးနယ်တွင် လှုပ်ရှားနေသည့် နအဖ အမှတ်(၇) နည်းဗျူဟာတပ်ဖွဲ့သည် တာယူပလော(ခေါ်) တာသူးခီးရှိ ရွာပုန်းရွာရှောင်(အိုင်ဒီပီ)နေထိုင်ရာသို့ လက်နက်ကြီး ၅လုံးထက်မနည်း လှမ်းပစ်ခတ်ခဲ့ရာ ကလေးများ စာသင် ကြားနေသည့် စာသင်ကျောင်းကို လက်နက်ကြီးကျည်တလုံး ကျရောက်သည့်အတွက် ဆယ်ကျော်သက်အရွယ် ကျောင်းသား ၃ဦး ထိမှန်ကာ တဦးမှာ သေဆုံးသွားရခြင်းဖြစ်သည်ဟု (Karen Teacher Working Group-KTWG)မှ ကျောင်းဆရာတဦးက ပြောသည်။

“တာသူးခီးနဲ့ မနီးမဝေးမှာ နအဖ အမှတ် (၇) နည်းဗျူဟာတပ်ဖွဲ့ ရှိတယ်။ အဲဒီတပ်ဖွဲ့က ဒီလ ၁၉ရက်မနက် ၉နာရီကျော် လောက်မှာ ရွာသူရွာသားတွေ ရှိနေတဲ့နေရာကို လက်နက်ကြီးနဲ့ ၅လုံး၊ ၆လုံးလောက် လှမ်းပစ်တယ်။ အလုံးများတော့ စာသင် ကျောင်းထဲကို တလုံးကျလာပြီး ကလေး ၃ယောက်ကို ထိသွားတယ်။ အဲဒီအထဲက တယောက်ဟာ ဒဏ်ရာပြင်းထန်တော့ သေဆုံးသွားတယ်”ဟု ၎င်းက ပြောသည်။

ယင်းသို့ နအဖ စစ်တပ်၏ လက်နက်ကြီးထိမှန်သွားသည့် ကျောင်းသားလေးများမှာ စောရိုဘီမူး ၁၆နှစ်၊ စောအယ်ကော်သော ၁၂နှစ်နှင့် စောရီးရီ ၁၀နှစ်တို့ဖြစ်ကြပြီး စောရိုဘီမူးမှာမူ ၀မ်းဗိုက်တွင် ထိမှန်သည့်ဒဏ်ရာ အလွန်ပြင်းထန်သောကြောင့် နီးစပ် ရာဆေးခန်းသို့ ပို့ဆောင်ရန် ကြိုးပမ်းခဲ့သော်လည်း ဖေဖော်ဝါရီလ ၂၁ရက်နေ့တွင် သေဆုံးသွားခဲ့သည်ဟု FBR က သတင်း ထုတ်ပြန်ခဲ့သည်။



လူဦးရေ ၃၀၀ကျော် နေထိုင်သည့် တာယူပလော(ခေါ်)တာသူးခီး ပြည်တွင်းရွာပုန်းရွာရှောင်နေရာတွင် ပြီးခဲ့သည့် ရက်အနည်း ငယ်က အဆိုပါစစ်တပ်မှ မကြာခဏ လာရောက်ပစ်ခတ်ခဲ့သော်လည်း ယခုလို စာသင်ကျောင်းထိမှန်ကာ ကျောင်းသားများ ထိ ခိုက်သေဆုံးမှုမှာ ပထမဦးဆုံးအကြိမ် ဖြစ်သည်။

ဘူးသိုမြို့နယ်အတွင်းရှိ ခေးပူကျေးနယ်သည် ဖာပွန်ခရိုင်၏ မြောက်ဖက်စွန်းတွင်ဖြစ်ပြီး လွန်ခဲ့သည့် ၂နှစ်ဝန်းကျင်ကတည်းက နအဖ စစ်တပ်ကို ပုန်းရှောင်ရင်း အိုင်ဒီပီဒေသ ဖြစ်လာခဲ့ရသည်။
Saturday, February 20, 2010

ကျနော်နှင့် (ယွားဟေလူ) သို့မဟုတ် ပွိုင့် (၄၉၁) - အပိုင်း (၅)

ဆောင်းပါးရှင် - ဖထီး မန်းရောဘဇန်
မိမိစဉ်းစားမိသည်။ သမ္မာကျမ်းစာထဲမှ (Promise Land) သည် (ပျားရည်နှင့် နွားနို့) စီးဆင်းရာ အရပ်ဖြစ်သည်ဟု ကြားဖူး သည်၊ ယခုရောက်ရာ အရပ်သည် သွားလာရန် ခက်ခဲသောတောင်ကုန်းနှင့် မိနစ် (၃ဝ) ခန့် ရေဆင်းခပ်၊ ရေဆင်းချိုးရမည့် နေရာ ဖြစ်သည်။ မတတ်နိုင်၊ အခက်အခဲဟူသမျှ ကျော်ဖြတ်နိုင်ရမည်၊ ရှေ့မှာရှိတဲ့ ဆူးညှောင့်ခလုတ် မှန်သမျှ ရှင်းထုတ်နိုင် ရမည်ဟု မိမိတို့ ထွက်မလာမှီ ဆုံးဖြတ်ထားပြီးလည်း ဖြစ်သည်။ နယ်မြေအခြေအနေ၊ ရန်သူ့အခြေအနေများကို လေ့လာ သိရှိပြီး (မိုးတောင်) သို့ ပြန်လာ သည်။ မိမိရဲဘော်များကို ပြန်ခေါ်ရန် စီစဉ်သည်။

ဖာထီး မန်းရောဘတ်ဇန်နှင့် ကရင်ရဲဘော်များပုံ။
(ယွားဟေလူ) သို့ မိမိတို့အားလုံး ချောချောမောမော ရောက်သွားပါပြီ။ ကြိုတင် ကြည့်ရှုထားပြီးဖြစ်၍ တပ်ဖွဲ့ ရုံးစိုက်မည့် နေရာ၊ ဗိုလ်ထိန်လင်းဦးစီး ကျောင်းသားတပ်ဖွဲ့နေရာ၊ နယ်စပ်ဂိတ်နေရာ၊ သင်တန်းကွင်းနေရာ၊ ဆေးရုံ၊ ရိက္ခာရုံ စသည့် စီစဉ်ထားသော နေရာများသို့ သက်ဆိုင်ရာဌာန တာဝန်ခံများကို ပြောပြသည်။ ရေရှိသော နေရာ၌ မြေပြန့်ရှိ သဖြင့် ဆေးရုံ၊ ရိက္ခာရုံ ထားမည်ဖြစ်သည်။ ဆေးအဖွဲ့၊ ရိက္ခာအဖွဲ့များက သတ်မှတ်ပေးသော နေရာကို ခုတ်ထွင်ရှင်းရန် ဖြစ်သည်။

နယ်ခြားဂိတ်နေရာ၌ ဗိုလ်စိုင်းမွန်တို့အဖွဲ့ကို ထားပြီး မိမိနှင့် ရုံးအဖွဲ့သည် စိုးမိုးကုန်း (ကီးဒို) ကုန်း၌ နေရာချမည် ဖြစ်သည်။ နောက်နေ့တွင် သက်ဆိုင်ရာ ဌာနတာဝန်ခံများနှင့် ရဲဘော်များ သတ်မှတ်ထားသည့် နေရာသို့ နေရာရှင်းရန် လှုပ်ရှားကြ တော့သည်။ မိမိသည် နံနက်စာစားပြီး (ကီးဒို) ကုန်းသို့ ဗိုလ်တင့်လွင်နှင့် တပ်စိတ်တစိတ်ခေါ်ပြီး နေရာ သွားရှင်းတော့သည်။ နယ်ခြားဂိတ်မှ တောင်ကြောအတိုင်း တက်ရမည်ဖြစ်သည်၊ လမ်းမရှိ၊ လဲနေသော သစ်ပင်ကြီးများပေါ် ခက်ခက်ခဲခဲ တက် သွားရသည်၊ ပုံမှန် နာရီဝက်ခရီးကို နှစ်နာရီခန့် တက်ရသည်။ လမ်းတလျောက် တချို့အပင်များ၏ အရွက်သည် လက်ကို ထိမိပါက (ဘောက်ဖတ်) ထိသလို ယားယံနာကျင်လာသည်။ အခက်အခဲပေါင်းစုံ ရင်ဆိုင်နေ ရသည်။

တစ်ပါတ်ခန့်အကြာ တပ်ရင်း (၁ဝ) မှ ပြန်တမ်းတစ်ခု ရောက်လာသည်။ မိမိတို့အဖွဲ့အား စစ်ကြောင်း (၃) ဟု သတ်မှတ် လိုက်သည်။ မိမိတို့ အုပ်ချုပ်မှုအောက်တွင် ဗိုလ်ခိုင်ရာဇာ (အိန္ဒိယ ကျွန်းတစ်ကျွန်းတွင် ကရင်၊ ရခိုင်တပ်မှူးတချို့နှင့် ရက်စက်စွာ အသတ်ခံလိုက်ရသူ) ဦးစီးသော ရခိုင်အမျိုးသားအဖွဲ့၊ ဗိုလ်အဒူလာ ဦးစီးသော ကော်သူးလေ မွတ်စလင် လွတ် မြောက်ရေးတပ်ဖွဲ့ ရှိသည်။ စစ်ကြောင်း (၃) အဆင်ပြေချောမွေ့စေရေးအတွက် ရခိုင်နှင့် မွတ်စလင်အဖွဲ့များကို စစ် ကြောင်းရုံးသို့ ပြန်လာရန် ညွှန်ကြားလိုက်သည်။ လူစုံ ရောက်လာပြီဖြစ်၍ စည်းဝေးပွဲပြုလုပ်သည်။ အချက် (၃) ချက် ချမှတ် လိုက်သည် -

- ပထမအချက်၊ အဆင့်(၁)၊ (အခြေခံစခန်းခိုင်မာရေး)၊

- ဒုတိယအချက်၊ အဆင့်(၂)၊ (လူထုစည်းရုံးရေး)နှင့်

- တတိယအချက်၊ အဆင့်(၃)၊ (ပင်လယ်ပြင်စိုးမိုးရေး) တို့ဖြစ်သည်။

နယ်မြေအခြေအနေနှင့် ပါတ်သက်ပြီး -

“ဘုတ်ပြင်းမှာ ခလရ (၂၂၄) ရှိတယ်၊ ကော့သောင်မှာ တစ်ခွဲ၊ (မာရမ်း) မှာ တစ်ခွဲရှိတယ်။ စခန်းရဲ့တောင်ဘက်မှာ (ဗိုလ်သွေး) ဦးစီးတဲ့ (ဒညတ) အဖွဲ့တို့ရဲ့ မြောက်ဘက်မှာ (ဗဂုံမာန်) ဦးစီးတဲ့ မွန်အဖွဲ့၊ မွန်အဖွဲ့နဲ့ ကျနော်တို့ကြားမှာ (ရတနာပုံ) မိုင်းရှိတယ်၊ ရန်သူရှိတယ်၊ (ကရသူရိ) ဂွင်မှာလှုပ်ရှားနေတဲ့ (ဓါးပြ) အဖွဲ့ရှိတယ်။ လူနဲ့ လက်နက် အင်အားတွေ မသိသေးဘူး၊ ဒီအဖွဲ့တွေ ရန်သူကိုသာ ဆန့်ကျင်ရင် ငါတို့ မဟာမိတ် ဖွဲ့ရမယ်။”

“(The enemy of my enemy is my friend) ဆိုတဲ့ (ဒဿန) ကို အကောင်အထည် ဖေါ်ရမယ်။ ယာယီဘဲဖြစ်ဖြစ်၊ အမြဲတန်းဘဲဖြစ်ဖြစ် ဖွဲ့ရမယ်၊ ရန်သူ မများလာအောင် လုပ်ရမယ်၊ နဝတ (နအဖ မဖြစ်မှီ) ကိုဦးတည်တိုက်ဘို့၊ ရန်သူတစ်ဦးထဲ ထားဘို့ဖြစ်တယ်။”

“လူထုစည်းရုံးရေးနဲ့ ပတ်သက်လို့ (နာကဖရောင်) (ဇဒိန်) စတဲ့ ကရင်ရွာတွေ၊ (လေညှာ) စတဲ့ (ပသျှူး - ဘိတ်) ရွာတွေဟာ စခန်းနဲ့ (၃) ရက်လောက် သွားရတယ်။ ဒါပေမဲ့ စခန်းရဲ့ အရှေ့ချမ်းမှာ (ထိုင်း) ရွာတွေရှိတယ်။ (လူထု) စည်းရုံးရေးဆိုရင် ဘယ်လူထုဘဲဖြစ်ဖြစ် စည်းရုံးရမယ်၊”

“လူထုဆိုရင် ဘယ်လူမျိုးဘဲဖြစ်ဖြစ် အလုပ်အကျွေးပြုရမယ်၊ စည်းရုံးရမယ်”

“စည်းရုံးရေးလုပ်တာ လေသွားကန်တာ မဟုတ်ဘူး၊ အလုပ်အကျွေးသွားပြုတာ၊ ဇိမ်နဲ့ ထိုင်ပြီး လူထုကို ခိုင်းစားတာ မဟုတ်ဘူး၊ လူထုလုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်တာ ဖြစ်တယ်။ လူထုပြသနာကို ကူညီဖြေရှင်းပေးတာ၊ လူထုအခက်အခဲကို ကူညီတာ ဖြစ်တယ်။”

“ပင်လယ်ပြင်စိုးမိုးရေးကို တတိယအဆင့်မှာ ထားတယ်၊ (ကော့သောင်း) က ဘိတ်ကျွန်းစု တွေအထိ ဘာစီးပွားရေးတွေရှိတယ်၊ ငါးဖမ်းလှေ (ကြီး၊ လတ်၊ ငယ်) ဘယ်လောက် ရှိတယ်၊ ပုလဲ - ငှက်သိုက်လုပ်ငန်းတွေ ဘာတွေရှိတယ်ဆိုတာ ဒီမလာခင်ကတည်းက လာစုံစမ်းထားပြီးဖြစ်တယ်။ အဓိကအချက်ဟာ ရန်သူကို ချေမှုန်းနိုင်ဘို့ မိမိကိုယ်ကို ခိုင်မာ တောင့်တင်းအောင် တည်ဆောက်ရမယ်။ ဒီစခန်းဟာ ဒို့ရဲ့အခြေခံစခန်းဘဲ။”

“ဒီစခန်းခိုင်မာဘို့ စည်းဝိုင်း (Circle) (၃) ခုထားတယ်။

- အတွင်းစည်း၊ ပထမစည်းဝိုင်းဟာ ဒီစခန်းဖြစ်တယ်၊

- အလယ်စည်း၊ ဒုတိယစည်းဝိုင်းဟာ (ပလာအော) ချောင်းအထိဖြစ်ပြီး၊

- အပြင်စည်း၊ တတိယစည်းဝိုင်းကတော့ (ဘုတ်ပြင်း) နားအထိ ဖြစ်တယ်။

အဆင့် (၁) အနေနဲ့ အတွင်းစည်းကို အရင်လုပ်မယ်။
ဗိုလ်သွေးရဲ့ (ဒညတ) အဖွဲ့ကို အရင်စည်းရုံးမယ်၊ နောက် မွန်အဖွဲ့၊ ပြီးရင် (ကရသူရိ) က (ဓါးပြ) အဖွဲ့ကို မိတ်ဆွေမဖြစ်တောင် ဒို့ကိုမတိုက်ဘို့၊ မဆန့်ကျင်ဘို့ (ကြားထား) လုပ် ရမယ်။”

“အတွင်းစည်း စီမံချက်ကတော့ အခိုင်အမာစခန်းဟာ (ကီးဒို) ကုန်းဖြစ်တယ်၊ သူ့ရဲ့ အောက်နားက တောင်ကြောကို အရံအဖြစ်ထားမယ်။ ပွိုင့် (၄၉၁) ကုန်းကို မေ့ထားလို့ မရဘူး၊ အားလုံးကို စိုးမိုးထားတယ်။ ခက်တာက ဒီကုန်းဟာ အမှန်မှာ နယ်ခြား သတ်မှတ်ရာမှာ ရေဝေကုန်းတန်းအတိုင်း နယ်ခြားသတ်မှတ်ရမယ်၊ ခုတော့ကွာ တောင်ထိပ် မရောက်ခင် ဘေးကပါတ်ပြီး ဆွဲသွားတယ်၊ ဒီတော့ စိုးမိုးကုန်းဟာ တဘက်နိုင်ငံဘက်ခြမ်းမှာ ရှိနေတယ်။ တိုက်ပွဲဖြစ်ရင် ရန်သူဟာ ဒီကုန်းကို အရယူမှာ ဖြစ်တယ်။ အဲဒီကနေ တို့ကို ဦးနှိမ် ပစ်ထားရင် တို့ခေါင်းဖေါ်နိုင်မှာ မဟုတ်ဘူး၊ ဒါကြောင့် ဒီနေရာကို အရယူထားရမယ်”


“ဒီစီမံချက်တွေအတိုင်း ငါတို့တပ်ဖွဲ့က အတွင်းစည်းခိုင်မာရေးကို လုပ်မယ်။”

ဗိုလ်ရာဇာနဲ့ ဗိုလ်အဒူလာတို့အဖွဲ့ကတော့ ရှေ့တန်းပြန်ထွက်ပြီး (နာကဖရောင်၊ ဇဒိန်နဲ့ လေညာ) ဘက်မှာ ပြန်လှုပ်ရှားကာ လူထုစည်းရုံးရေးနဲ့ ရန်သူ့လှုပ်ရှားမှုတွေကို စောင့် ကြည့်ရန်၊ ပိုင်ရင်တိုက်ရန် လမ်းညွှန်ချက်များ ချမှတ်ပြီး အစည်းအဝေး ရုပ်သိမ်းလိုက်သည်။

အပိုင်း (၆) ကို နောက်တစ်ပတ်တွင် ဆက်လက် ဖေါ်ပြပါမည်။
စည်းလုံးခြင်းရဲ့ အင်အားဘလော့မှ ကူးယူသည်။

ကော့ကရိတ်မြို့ ဗုံးပေါက်ကွဲမှုကြောင့် အရပ်သား ၁၁ဦး ထိခိုက်ေ

ဖေဖော်ဝါရီလ ၁၉ရက်။ စောထွန်းနိုင် (ကေအိုင်စီ)

ကရင်ပြည်နယ် ကော့ကရိတ်မြို့၌ ယနေ့ နေ့လည်ပိုင်းတွင် ဗုံးနှစ်လုံးပေါက်ကွဲမှုကြောင့် အရပ်သား ၉ဦး ဒဏ်ရာရရှိကာ ၂ဦး ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။

ထိုပေါက်ကွဲမှုနှင့်ပတ်သက်၍ ကော့ကရိတ်မြို့ခံတစ်ဦးက “ဒီနေ့ ကော့ကရိတ်မြို့ နာရီစင်အနီးမှာ ဗုံးတလုံး အရင် ပေါက်ကွဲ တာ အရပ်သား သုံးဦးဒဏ်ရာရရှိပြီး နှစ်ဦးကတော့ ပွဲချင်းပြီးသေဆုံးသွားတယ်။ အဲလိုပေါက်ကွဲပြီး နောက် ဆယ်မိနစ်ကြာ တော့ ရဲစခန်းအနီးမှာ ဗုံးနောက်တလုံး ထပ်မံပေါက်ကွဲသေးတယ်။ အဲဒီမှာတော့ သေဆုံးသူ မရှိပေမဲ့ ၆ဦးတော့ ဒဏ်ရာရသွား တယ်”ဟု ကေအိုင်စီကို ပြောသည်။


ပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးသူများကို ကော့ကရိတ်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ၎င်းဗုံးပေါက်ကွဲမှုမှာ ကရင်အမျိုးသားအ စည်းအရုံး(ကေအဲန်ယူ)၏ လက်ချက်ဖြစ်သည်ဟု ကော့ကရိတ်ရှိ ရဲအသိုင်းအ၀ိုင်းက ပြောဆိုနေကြကြောင်း အဆိုပါ ကော့က ရိတ်မြို့ခံက ပြောသည်။

ကေအဲန်ယူ ဒူးပလာယာခရိုင် အတွင်းရေးမှူး စောလစ္စတန်က “ကရင်ပြည်နယ်မှာ ဗုံးပေါက်ကွဲတိုင်း နအဖက ကေအဲန်ယူကို စွပ်စွဲနေတာ သူတို့ လုပ်ရိုးလုပ်စဉ်ပဲ။ ဒီဖြစ်ပွားမှုဟာ ကျနော်တို့နဲ့ မဆိုင်ပါဘူး။ လူထုကို ထိခိုက်စေမယ့် အဲဒီလိုလုပ်ရပ်မျိုး လုံးဝ မလုပ်ဖို့ ကျနော်တို့ အောက်ခြေက လူတွေကို ညွှန်ကြားထားပြီးသားပါ”ဟု ကေအိုင်စီကို ပြောသည်။

လွန်ခဲ့သည့် ဇန်န၀ါရီလ ၂၆ရက်နေ့ ကရင်ပြည်နယ် ကျောက်ကြီးမြို့နယ်မှ ဗုံးပေါက်ကွဲမှုနှင့် လွန်ခဲ့သည့် ၂၀၀၉ ခုနှစ် ဒီဇင် ဘာလ ၁၆ရက်နေ့က ဖာပွန်မြို့ရှိ ကရင်နှစ်သစ်ကူးပွဲတော်အတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာတွင် ကေအဲန်ယူ၏လက်ချက် ဖြစ်သည်ဟု နအဖက တဖက်သတ် စွပ်စွဲခဲ့သည်။

ယခုရက်ပိုင်းသည် ကုလသမဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား မြန်မာနိုင်ငံ ရောက်ရှိနေချိန်ဖြစ်သလို အလားတူ ၂၀၀၉ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄)ရက်နေ့ကလည်း မစ္စတာကင်တားနား မြန်မာ့ခရီးစဉ်အ တွင်း ကရင်ပြည်နယ်သို့ လာရောက်ခဲ့စဉ်က မြ၀တီမြို့၌ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရမှုမှာလည်း ကေအဲန်ယူ လက်ချက်ဖြစ် သည်ဟု နအဖက သတင်းထုတ်ပြန်ခဲ့သည်။
Saturday, February 13, 2010

ဒီကေဘီအေအပေါ် ပဒိုမန်းရှာလားဖန်း ထားရှိခဲ့သည့် သဘောထား

၁။ ကေအဲန်ယူကို မဆန့်ကျင်ရ။

၂။ ကရင်ပြည်သူကို ဖိနှိမ့်အနိုင်မကျင့်ရ။

၃။ နအဖခိုင်းတာကို မလုပ်ရ။

၎။ မူးယစ်ဆေးဝါးမလုပ်ရ။

အထက်ပါအချက်လေးချက်ကို ဒီကေဘီအေမှ လိုက်နာလျှင် ကေအဲန်ယူနှင့် ပြန်လည် ပေါင်းထုတ်နိုင်သည်ဟု ၆ကြိမ်မြောက် ကရင်စည်းလုံး ညီညွတ်ရေး နှီးနှောဖလှယ်ပွဲတွင် စာရေးသူ မေးသည့်မေးခွန်းကို ပုံပါအတိုင်း ပဒိုမန်းရှာလားဖန်းက ပြန်လည်ဖြေကြားခဲ့သည့် အချက်များ ဖြစ်သည်။

ကျော်အဲခေါင်သောင့်

ပဒိုမန်းရှာ အတ္တုပတ္တိ

ဖဒိုမန်းရှာလဖန်းသည် ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်သားဖြစ်ပြီး ၁၉၆၂ ခုနှစ် ဇူလိုင်(၇) ရက်အရေးတော်ပုံပေါ်ပေါက်ချိန်၌ ရန်ကုန်တက္ကသိုလ်တွင် ကျောင်းတက်နေဆဲ ကျောင်းသားတစ် ဦးဖြစ်သည်။ ၁၉၆၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ၀ိဇ္ဇာဘွဲ့ရရှိပြီး ၁၉၆၅ ခုနှစ်တွင် ကရင်တော် လှန်ရေးနယ်ပယ်သို့ ခြေစုံပစ်ဝင်ရောက်ခဲ့သည်။ ၁၉၆၆ ခုနှစ်တွင် ထိုစဉ်က KNU အထွေထွေ အတွင်းရေးမှုး ဖဒိုစကောလယ် ထောနှင့်အတူ တရုပ်ပြည်နယ်စပ်နှင့် ရှမ်းပြည်ဒေသများ သို့ကွင်းဆင်း စည်းရုံးရေး၌ လိုက်ပါခဲ့သည်။ ၁၉၇၅ ခုနှစ်၌ KNUP နှင့် KNU တို့ပေါင်းစည်း ညီညွတ်ရေး လုပ်ပြီးချိန်၌ ညောင်လေးပင်ခရိုင်၌ တာဝန်ကျပြီး ခရိုင်တွဲဖက် အတွင်းရေးမှုး တာဝန်ထမ်းဆောင်ခဲ့သည်။ (၁၉၇၆ - ၇၇ - ၇၈ )ခုနှစ်များတွင် KNLA တပ်မတော်နှင့်အတူ တသားထဲ နေထိုင်ခဲ့သည်။ (၂၀၀၀) ခုနှစ် KNU ကွန်ဂရက်မှ စတင်ကာ အထွေထွေ အတွင်းရေးမှုးအဖြစ် ရွေးချယ်ခြင်းခံရကာ လုပ်ကြံခံ ရချိန် (ယနေ့) အထိတာဝန် ထမ်းဆောင်ခဲ့သည်။ ကွယ်လွန်ချိန်၌ အဝေးရောက်နေသော အင်္ဂလန်နိုင်ငံနေ ဇိုရာဖန်းအပါအ၀င် သားသမီးလေးဦးကျန်ရှိခဲ့ပြီး ဇနီးဖြစ်သူ နန့်ရွှေကျင်မှာ လွန်ခဲ့သော သုံးနှစ်ကျော်ကကွယ်လွန်ခဲ့ သည်။
ဖဒိုမန်းရှာသည် ၁၉၆၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် သို့စတင်ပညာသင်ကြားခဲ့ပြီး ၁၉၆၆ တွင်သမိုင်းဘာသာရပ်ဖြင့် ဘွဲ့ ရရှိကာ ကရင်တော်လှန်ရေး တွင် ပါဝင်ခဲ့သူဖြစ်သည်။ရန်ကုန်တက္ကသိုလ်ရှိ ကျောင်းသားသမဂ္ဂအဆောက်အဦးကြီးကို ဖြိုဖျက်ကာ ကျောင်းသားများကို နှိပ်ကွပ်သည့် ၁၉၆၂ ဆဲဗင်းဇူလိုင်နှင်ကြုံခဲ့သည့် ဖဒိုမန်းရှာသည်ရေဆန် ဟူသော ကလောင်အမည်ဖြင့် စာများ ကဗျာများ ရေးသားခဲ့သည်။

ပဒိုမန်းရှာရေးသားသည့် နာမည်ကြီးကဗျာတပုဒ်
ချစ်သမီးသို့

သမီးရေ…
ဂန္ထ၀င်ခရီးမှာ
နေ့ခရီးကြောင်တောင် နေရောင်ခြည်အောက်
တောင်မြောက်ဘယ်မှာ မသိပါ၍
ရပ်နေသူလည်းရှိပါသည်။

ညဥ့်နက်သန်းခေါင် လမ်းစမှောင်လည်း
တောင်မြောက်သေချာ သိနေပါ၍
လိုရာသွားနေသူများလည်း ရှိပါသည်၊

လေပြင်းအတိုက် လှိုင်းအရိုက်မှာ
ငိုရှိုက်အော်မြည် ဆောက်တည်ရာမဲ့
လွင့်ပျက်နေသူများလည်း ရှိပါသည်၊

မုန်တိုင်းကထန် လှိုင်းကထန်လည်း
ရေဆန်လေကြမ်း ခရီးလမ်းကို
ဖြတ်သန်းနေသူတွေလည်း ရှိပါသည်၊

သမီးရေ--
စေတနာနှင့် အသိ
သတိနှင့်သီလ၊ ၀ီရိယနှင့် ပညာ
သစ္စာနှင့် သမာဓိ၊ သတ္တိနှင့် စွန့်လွတ်မှု
အရင်းပြု ခရီးနှင် ဂန္ထ၀င်ရက်မြတ်
ရဲရဲမြတ်လော့ သမီး-----။

ရေဆန်(ပဒိုမန်းရှာလာဖန်း)
Thursday, February 11, 2010

ခွေးက လူကို သတ်တဲ့နေ့(သို့) ကော်သူးလေအတွက် သွေးစွန်းတဲ့ ချစ်သူများနေ့

(ပဒိုမန်းရှာအတွက် နှစ်နှစ်ပြည့် အောက်မေ့ဖွယ် အမှတ်တရ ဆောင်းပါး)
ဇကောလောက်မှ ဇောက်မနက်ပဲ အသားထဲက လောက် ထွက်သူများရဲ့ လက်ချက်နဲ့ ကရင့်အမျိုးသားတော်လှန် ရေးကို မှန်ကန်စွာ ဦးဆောင်မှုပေးနေခဲ့တဲ့ ဖထီးမန်း ရှာ(ပဒိုမန်းရှာလားဖန်း) ကျဆုံးသွားခဲ့ရပါတယ်။ မြန်မာ ပြည် အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ တန်းတူအခွင့်အ ရေးရရှိရေးနဲ့ ဒီမိုကရေစီ ထွန်းကားလာရေး အတွက် အရှိန်မြင့် ချီတက်လာတဲ့ တော်လှန်ရေး လမ်းကြောင်း လမ်း ခုလတ်တွင် ယခုလို ခေါင်းဆောင်ကောင်း တယောက် ဆုံးရှုံးသွားခဲ့ရတဲ့အတွက် ကရင့်တော် လှန်ရေး အတွက်ရော မြန်မာပြည် ဒီမိုကရေစီရေး အတွက်ပါ များစွာ ထိခိုက်နစ်နာ ခဲ့ရပါတယ်။
ဖထီးမန်းရှာ လုပ်ကြံခံရတာ လာမယ့် ၂၀၁၀ခုနှစ် ဖေ ဖော်ဝါရီလ ၁၄ရက် နေ့မှာ နှစ်နှစ်တင်းတင်း ပြည့်ပြီဖြစ် သော်လည်း ကျနော့်အတွက်ကတော့ မနေ့တနေ့က လိုပဲ ခံစားနေရဆဲပါ။ ဖထီးမန်းရှာလုပ်ကြံခံရတဲ့ အကြောင်းကို တွေးမိတိုင်း ရင်ထဲမှာ အမြဲပဲ အမှတ်ရနေ မိပြီး ယူကျုံးမရတဲ့စိတ်၊ နှမြောတသတဲ့ စိတ်၊ ၀မ်းနည်းကြေကွဲတဲ့ စိတ်တွေဟာလည်း ရင်ထဲ နှလုံးသားထဲမှာ ဖော်ပြမရနိုင် လောက်အောင်ပဲ တရိတ်ရိတ် ဖြစ်ပေါ်လာခဲ့ရပါတယ်။
ပဒိုမန်းရှာ လုပ်ကြံခံရသည့် ကြေကွဲဖွယ်ရာ သတင်းမှတ်တမ်း ဗီဒီယို။
“ဓါးကိုဖျက်ဝါးမျက်၊ လူကိုဖျက်အရက်၊ အမျိုးသားတော် လှန်ရေးကိုဖျက် အမျိုးသားသစ္စာဖေါက်နှင့် အချောင်သမား“ အောင်ပွဲသည် တိုက်ရဲသူအတွက် ဖြစ်သည်(အာဇာနည်မျိုး သေရိုးမရှိပါ)

ဆောင်းပါးအဆက် သူလုပ်ကြံခံရတဲ့အချိန်ဟာ ကျနော်မဲဆောက်က ကရင်သတင်းဌာန(KIC) သတင်းစာတိုက်မှာ အလုပ်လုပ်နေတဲ့ အချိန်ပါ။ အဲဒီနေ့ဟာ လစဉ်ထုတ်သတင်းစာစောင်ကို ပုံနှိမ့်တိုက်အပ်ထားပြီးဖြစ်တာကြောင့် ရုံးဝန်ထမ်းများဟာ စိတ်ပြေလက်ပျောက်နဲ့ တလတာလုံးလုံး လစဉ်ထုတ် သတင်းစာတစောင်ဖြစ်မြောက်ဖို့ လုံးပန်းခဲ့ရတဲ့ ပင်ပန်းနွမ်းနယ်မှု လေးတွေကို အတိုးချပြီး အနားယူကြတဲ့နေ့ ဖြစ်ပါတယ်။ နောက်ပြီးတော့လည်း ဖေဖော်ဝါရီလ ၁၄ရက် ချစ်သူများနေ့လည်း မဟုတ်ပါလား။

အဲဒီနေ့မနက်မှာ ဖာထီးမန်းရှာဟာ ကျနော်တို့ရဲ့ ရုံးရှေ့ကို ကိစ္စတခုနဲ့ ရောက်လာခဲ့ပါသေးတယ်။ သူကိုယ်တိုင် ကားပေါ်ကနေ မဆင်းပေမယ့်လည်း သူ့ကို ကားမောင်းပို့ပေးနေတဲ့ သူ့ရဲ့သားကြီး စောစေးစေးက စာရွက်စာတမ်းတချို့ လာပို့သွားပါတယ်။ ကားပေါ်ကို လှမ်းကြည့်လိုက်တော့ သူအမြဲပဲ ၀တ်နေကျ အဖြူရောင်ဝစ်စကုတ်အကျီာင်္နဲ့ ဖထီးကို တွေ့ရပြီးတော့ ကျနော့ဘေးနားမှာရှိနေတဲ့ လူတယောက်ကိုတောင်မှ အဖိုးကြီးလည်း ကားပေါ်မှာ ပါလာတယ်လို့ ပြောလိုက်မိပါသေးတယ်။

ဝစ်စကုတ်အကျီာင်္ဝတ်ထားတဲ့ အဲဒီနေ့က ဖထီးရဲ့ ပုံရိပ်ကို ယခုချိန်ထိ ပြန်လည်မြင်ယောင်မိနေသေးသလို အသက်ရှင်လျှက်နဲ့ ဖထီးကို နောက်ဆုံးအကြိမ် တွေ့ရခြင်းလည်း ဖြစ်ပါတယ်။ အသက်ရှင်လျှက်နဲ့ ဖထီးကို နောက်ဆုံးတွေ့ရမယ်ဆိုတာ အဲဒီအချိန်က ဘယ်လိုမှ ထင်မထားခဲ့မိပါဘူး။ အချိန်ကတော့ ထိုင်းစံတော်ချိန် မနက် ၁၀နာရီပတ်ဝန်းကျင်လောက် ရှိပါလိမ့်မယ်။

အဲဒီနေ့နေ့လည်မှာတော့ အခင်ဆုံးအစ်ကိုကြီး စောကျော်ခလော့ခ် (ဇွဲကပင်ဝက်ဆိုဘ်)က အိမ်ကို အလည်လိုက်သွားဖြစ်ပါတယ်။ စောကျော်ခလော့ခ်ရဲ့အိမ်က မယ်တော်ဆေးခန်းနဲ့လည်း နီးတော့ သူ့အိမ်မှာ အေးအေးဆေးဆေးအနားယူကြပြီးတော့ ညနေပိုင်းမှာ ဘော်လုံးပွဲ ကြည့်ဖို့ မော်တော်ဆိုင်ကယ်လေး စီးကာ သူ့အိမ်ကနေ ထွက်လာခဲ့ကြပါတယ်။ မော်တော်ဆိုင်ကယ် နှစ်ယောက်သားစီးပြီး ဟိုအကြောင်းဒီအကြောင်း ပြောရင်းကနေ သူ့လက်ကိုင်ဖုန်းမြည်သံ ထွက်လာပါတယ်။
မော်တော်ဆိုင်ကယ်ကို လမ်းနဘေးမှာ ရပ်ပြီး ဖုန်းဆက်သူထံမှ ဖုန်းဆက်ရတဲ့ အကြောင်းရင်းကို မေးမြန်းပြောဆိုတဲ့ အချိန်မှာတော့ သူ့ဆီက တစုံတရာ ထူးခြားတုန်လှုပ် စွာနဲ့ ပြောဆိုနေတာကို တွေ့ရပါတယ်။ သူတို့ ပြောနေတဲ့ စကားတွေ အားလုံးကို မသိရပေမယ့်လည်း သူတို့ပြောနေတဲ့စကားတွေက သွေးရိုးသားရိုးမဟုတ်မှန်း ကျနော့စိတ်ထဲမှာအလိုလိုနဲ့ ကောက်ချက်ချလိုက်မိပါတယ်။ ချက်ချင်းပဲ သူကကျနော့ဘက်လှည့်ပြီးတော့ လာ--ဟိုဘက်ရုံးမှာ သွားမယ်။ အရေးကြီးတယ် ပြောပြီး မော်တော်ဆိုင်ကယ်ကို ၀ုန်းခနဲ မောင်းထွက်သွားပါတော့တယ်။ ကျနော်လည်း အံ့သြတုန်လှုပ်မိကာ ဘာမှတုန့်ပြန်စကားပြန်မပြောနိုင်ပဲ မော်တော်ဆိုင်ကယ်နောက်မှာပဲ တကောက်ကောက် ပါသွားခဲ့ရပါတယ်။
သွားမယ့်ရုံးဆိုတာက မယ်တော်ဆေးခန်းနားက နယ်လှည့်ကျောပိုးအိတ်အဖွဲ့ရုံးပဲ ဖြစ်ပါတယ်။ အဲဒီရုံးကိုရောက်တော့ ကိစ္စတခုနဲ့ မဲဆောက်ကို ရောက်လာတဲ့ ခုနကဖုန်းဆက်သူ(ဗိုလ်ကြီးစောဝင်းကျော်၊ တပ်မဟာ ၅) နေတဲ့အခန်းကိုပဲ တန်းသွားခဲ့ကြပါတယ်။ သူနေတဲ့အခန်းကိုသွားပြီး ထိုင်မယ်လို့လုပ်တဲ့အချိန်မှာပဲ ပဒိုမန်းရှာလုပ်ကြံခံလိုက်ရပြီးတော့ ပွဲချင်းပြီး သေဆုံးသွားပြီဆိုတဲ့ စကားကို ဗိုလ်ကြီးဝင်းကျော်က ကျနော်တို့ကို တုန်ယင်နေတဲ့ သူ့ရဲ့အသံနဲ့ ပြောပြပါတယ်။
သူ့ဆီက အဲဒီစကားလုံးကို သေသေချာချာကြားရတော့ မယုံကြည်နိုင်လောက်အောင်လည်း ဖြစ်ခဲ့ရပါတယ်။ ဘာလုပ်ရမယ်၊ ဘာပြောရမယ်မှန်း မသိပဲ ပါးစပ်အဟောင်းသားနဲ့ တိတ်ဆိတ်ငြိမ်သက်ခဲ့ရပါတယ်။ ဒါပေမယ့် တကြိမ်တခါမှ မခံစားဖူးခဲ့တဲ့ ၀မ်းနည်းကြေကွဲတုန်လှုပ်ခြောက်ခြားတဲ့စိတ်တွေဟာ ကျနော့ရဲ့ရင်ထဲ အသဲထဲ နှလုံးသားထဲ၊ ခေါင်းထဲစတဲ့ ခနကိုယ်တခုလုံးထဲကို လွမ်းမိုးလိမ့်ဝင်လာပါတော့တယ်။

တခန်းလုံးလည်း တိတ်ဆိတ်ငြိမ်သက်သွားပြီးတော့ ၀မ်းနည်းကြေကွဲတဲ့စိတ်နဲ့အတူ ဒေါသစိတ်များပါ ပေါက်ကွဲ ထွက်ကျလာခဲ့ရပါတယ်။ မယုံကြည်နိုင်လောက်အောင်ပဲ ကိုယ့်ကိုယ်ကို ကိုင်တွယ်စမ်းသပ်ကာ ငါအိမ်မက်မက်နေတာလားလို့တောင် မေးခွန်းတွေ ထုတ်ခဲ့မိပါသေးတယ်။

မဟုတ်ပါဘူး။ ငါ့အိမ်မက်မဟုတ်ဘူး။ ငါပုံမှန်ပဲ။
ငါ့နားနဲ့ တကယ်ကြားနေ ရတာပဲလို့ ကိုယ့်ကိုယ်ကို အသိစိတ်ပြန်ပေးဝင်းလိုက်ပြီးတော့ ဘာလုပ်ရမလဲ၊ ဘာလုပ်သင့်သလဲ ကိုယ့်ကိုယ်ကို တွေဝေနေတဲ့အချိန်မှာပဲ အိတ်ကပ်ထဲက လက်ကိုင်ဖုန်းကလေးကို ဘယ်သူမှ အမိန့်မပေးပဲ တန်းကောက်ကိုင်လိုက်မိပါတယ်။
လုပ်ဖော်ကိုင်ဖက်တယောက်ဖြစ်သူ KICရဲ့ ရုပ်ပြောင်ကာတွန်းဆရာကြီး စောတွတ်ပီ(ယခု၊ ဖို့ဝိန်း)ဆီကို တန်းဆက်လိုက်မိပါတော့တယ်။ ဖုန်းခေါ်နေတဲ့အချိန်မှာလည်း ဖဒိုမန်းရှာမသေဘူး။ ဗိုလ်ကြီးဝင်းကျော်ပြောတာ သတင်းအချက်အလက်မှားနေပါတယ်ဆိုတဲ့ တုန့်ပြန်မှုကို ကြားရပါစေလို့တောင် ဆန္ဒပြုခဲ့မိပါသေးတယ်။ ဒါမှ မဟုတ် ပဒိုမန်းရှာ ပွဲချင်းပြီးမသေဘူး။ ဒဏ်ရာအနည်းငယ်ကလွဲလို့ ပူပင်စရာမရှိဘူးဆိုတဲ့ တုန့်ပြန်မှုကိုလည်း မျှော်လင့်မိခဲ့ပါသေးတယ်။ ဒါပေမယ့် ကျနော့ရဲ့ ဆန္ဒတွေက မပြည့်မီခဲ့ပါဘူး။
စောခေါင်သောင့်ဖုန်းကိုင်လိုက်တဲ့အချိန် ကျနော်ဘာမှ မမေးခင်မှာပဲ ပ်ုဒိုမန်းရှာသီ့ယုဂ်(ပဒိုမန်းရှာသေပြီ) ဆိုတာကိုပဲ ကြားလိုက်ရပါတယ်။ အခုငါ အသက်မရှိတော့တဲ့ ပဒိုမန်းရှာရဲ့နဘေးမှာ မှတ်တမ်းတင် ဓါတ်ပုံရိုက်နေပါတယ်ဆိုတဲ့ စောခေါင်သောင့်ရဲ့ ပြောဆိုနေတာတွေဟာလည်း ပဒိုမန်းရှာကို အသက်ရှင်နေစေချင်သေးတဲ့
ဒါမှမဟုတ် ဒဏ်ရာအနည်းငယ်ပဲ ရစေချင်တဲ့ ကျနော့ရဲ့ ဆန၊ မျှော်လင့်ချက်တွေကို တစမကျန်ရိုက်ချိုးလွင့်ပစ်လိုက်သလို ဖြစ်ခဲ့ရပါတယ်။
ချက်ခြင်းပဲ အပြင်ထွက်ပြီး နယ်လှည့်ကျောပိုးအိတ်ရုံးရဲ့ ထမင်းစားဆောင်ဘက်ကို ထွက်လာတဲ့အခါမှာတော့ တိတ်ဆိတ်ငြိမ်သက်ပြီး စိတ်မကောင်းဖြစ်နေတဲ့ တစ်ဒါဇင်လောက်ရှိတဲ့ လူတချို့ကို တွေ့ရပါတယ်။ သူတို့တွေလည်း ကျနော့လိုပဲ ခေါင်းဆောင်ကောင်းတယောက် ဆုံးရှုံးနေရတယ် မဟုတ်ပါလား။ တကယ်တော့ ပဒိုမန်းရှာကို အများက ကရင့်တော်လှန်ရေးကို မှန်မှန်ကန်ကန် ဦးဆောင်ပေးနိုင်မယ့် ခေါင်းဆောင်ကောင်းတယောက်အနေနဲ့ လက်ခံထားကြပါတယ်။

ပဒိုမန်းရှာ့ ပွဲချင်းပြီးသေဆုံးသွားပြီဆိုတာ ရာနှုန်းပြည့် မှန်ကန်နေပါပြီး၊ ကျနော်ရုံးခန်းကို ချက်ချင်းပြန်ပြီးတော့ အဲဒီညတညလုံး ပဒိုမန်းရှာရဲ့ အတ္တုပတိ၊ မှတ်တမ်းဓါတ်ပုံ၊ မိန့်ခွန်းစတဲ့အချက်အလက်တွေကို အယ်ဒီတာချုပ်ရဲ့ လမ်းညွန်မှုနဲ့အညီ ရှာဖွေစုဆောင်းခဲ့ပါတယ်။ မီဒီယာတွေအတွက် ကြိုတင်ရှာဖွေထားခြင်းလည်း ဖြစ်ပါတယ်။ သူနဲ့ပတ်သက်တဲ့အကြောင်းတွေကို ရှာဖွေစုဆောင်းရတဲ့အတွက်ကြောင့်လည်း သူ့ကို ပိုပြီးတော့ အမှတ်ရခဲ့မိပါတယ်။
တညလုံး အိပ်မပျော်နိုင်ပဲ သူ့အကြောင်းကိုပဲ ထိုင်တွေးနေမိတော့တယ်။ သူ့အိမ်မှာ အတူတူ တာလပေါ့ဟင်းနဲ့ ထမင်းစားတတ်တဲ့ ဖထီးရဲ့ အဆင့်အတန်းခွဲခြားမှုမရှိတဲ့အချိန်၊ သတင်းစာရှင်းလင်းပွဲတွေ၊ အခမ်းအနားတွေမှာ ပြတ်သားခိုင်မာပြီး ထိထိမိမိပြောတတ်တဲ့ ဖထီးရဲ့ ပြောဆိုနေချိန်၊ နောက်ဆုံး ၀စ်စကုတ်နဲ့ တွေ့ခဲ့တဲ့အချိန်တွေကိုပါ မှတ်မှတ်ရရ ပြန်လည်မြင်ယောင်ခဲ့မိပါတယ်။ ယခုထက်ထိ မျက်စိထဲမှာ ပြန်လည်မြင်ရောင်မိပါသေးတယ်။

ဒါပေမယ့်လည်း ပဒိုမန်းရှာလိုခေါင်းဆောင်မျိုး ကရင့်အမျိုးသားထုအတွင်းမှာ အများအပြားဆက်လက်ပေါ်ထွန်းလာပြီးတော့ အမျိုးသားတော်လှန်ရေးကို ဆက်လက်ဦးဆောင်သွားမယ်ဆို ဧကန်မုချမလွဲပါဘူး။ အစားထိုးမရနိုင်တဲ့ ခေါင်းဆောင်ကောင်းတယောက်က သူချစ်တဲ့ သူ့ကရင်အမျိုးသား၊ သူယုံကြည်တဲ့ တော်လှန်ရေး၊ သူတည်ဆောက်ခဲ့တဲ့ တိုင်းရင်းသားအချင်းချင်း ယုံကြည်မှု၊ သူခိုင်ခိုင်မာမာရပ်တည်ခဲ့တဲ့ တော်လှန်ရေးမူဝါဒကို စွန့်ခွာသွားပါပြီး။ လူသေပေမယ့်လည်း နာမည်တော့ မသေပါ။ သူ့ရဲ့ဝိညဉ်တွေက တော်လှန်ရေးအပေါ်မှာ ဆက်လက်ရှိနေအုံးမှာ ဖြစ်သလို သူ့ရဲ့ မိန့်မာချက်၊ သူ့ရဲ့ တော်လှန်ရေးရပ်တည်ချက်များဟာလည်း ဧရာဝတီ၊ သံလွင်၊ စစ်တောင်းမြစ်ဝှမ်းနဲ့ ကွဲပြားနေတဲ့ ဒေသအသီးသီးက ကရင်တမျိုးသားလုံးရဲ့ လွတ်မြောက်မှုအတွက် ဆက်လက်လွမ်းမိုးနေအုံးမှာ ဖြစ်တဲ့အကြောင်း တင်ပြလိုက်ရပေတယ်။

အာဇာနည်မျိုး သေရိုးမရှိပါ
အဲခေါင်သောင့်
Wednesday, February 10, 2010

ကရင် ဒုက္ခသည်များကို ထိုင်းက ပြန်ပို့

မဇ္ဈိမသတင်းဌာန တီဗီအစီအစဉ်မှ ကူးယူသည်။

တိုင်းရင်း ကရင်လူ့အဖွဲ့အစည်းမှာ အားကျဖွယ်ရာ အမျိုးသမီး ခေါင်းဆောင်တဦးဖြစ်သူ နော်လွီဇာဘင်ဇင် အကြောင်းတစေ့တစောင်း

ဒေါ်လှလှသန်း(VOA Burmese Service)

“ဒေါ်နော်လီဇာမဆုံးခင် ကျွန်မလည်း သူ့နဲ့ စကားပြော လိုက်ရပါတယ်၊ သူပြောတယ် သူစနေနေ့မှာ သူအိမ်ပြန် ရမယ်တဲ့ အိမ်ပြန်ရောက်တဲ့အခါမှာ သူ့စီလာလည် ပါလို့ ပြောတယ်၊ ပြီးတော့ ဆန်းဒေးမှာ ကျွန်မခေါ်တယ်၊ ဘယ်လိုလဲ အိမ်ပြန်ရောက်ပြီလား?၊ မခေါ်ပါလား? ဆိုတော့ နောက်၊ သူမပြန်နိုင်ဘူးတဲ့၊ သူတော်တော် အသည်းအသန်ဖြစ်နေလို့တဲ့၊ ခုဆေးရုံမှာပဲတဲ့၊ လာလည်လို့ရမလား ဆိုတော့ သူ့ညီမကပြောတယ်၊ မလာနဲ့ဦးတဲ့ သူဘယ်သူနဲ့မှ မတွေ့ချင်ဘူးတဲ့၊ သူအသည်းအသန် ဖြစ်နေလို့ အဲဒါနဲ့ ခဏပဲ ပြောပြီးတော့ နောက်မကြာဘူး ဆုံးသွားတာ၊ အဲဒီဆန်းဒေး နိုက်မှာပဲဆုံးသွားတာ”

နော်လွီဇာဘင်ဇင် ကွယ်လွန်သွားကြောင်း သူနဲ့ရင်းနှီးသူ (Pennsylvania State)ပန်ဆန်ဗေးနီးယားပြည်နယ်က ဒ်ါနုနုဇန်က အခုလိုပြောပြသွားတာပါ၊ ရန်ကုန်မှာ ၁၉၄၁ခုနှစ်က မွေးဖွါးခဲ့သူ နော်လွီဇာဟာ ဘခင်ပေါ်တူဂီ လူမျိုး၊ မိခင်ကတော့ ကရင်တိုင်းရင်းသူ ဖြစ်ပါတယ်၊ ငယ်စဉ်က English Methodist high school မှာအောင် မြင်ခဲ့ပြီး ရန်ကုန် တက္ကသိုလ်မှာ ဆည်းပူးပြီးတဲ့နောက် အမေရိကန် ဘော်စတင်မြို့မှာ ပညာဆက် ဆည်းပူးခဲ့ပြီး မြန်မာနိုင်ငံကို ပြန်လာခဲ့သူ ဖြစ်ပါတယ်။

သူဟာ ၁၉၅၆နဲ့ ၅၈တို့မှာ မယ်ဗမာဘွဲ့တွေကိုလည်းရရှိခဲ့ပြီး မြန်မာရုပ်ရှင်ကားတချို့ကိုလည်းရိုက်ကူးခဲ့ဘူးပါ တယ်၊ သူဟာကရင်အမျိုးသားအစည်းအရုံး တပ်မဟာ၅က တပ်မှူး ဗိုလ်မှူးလင်းထိန်နဲ့ ၁၉၆၄ခုက အိမ်ထောင် ကျခဲ့ပါတယ်၊ ၁၉၆၅ခုနှစ်မှာ မြန်မာစစ်သားတွေရဲ့လက်ချက်ကြောင့် ဗိုလ်မှူးလင်းထိန်ဟာ ကျဆုံးခဲ့ပါတယ်။

အဲဒီနောက်နော်လွီဇာဟာ ခင်ပွန်းသည်ရဲ့ ကရင်အမျိုးသားအစည်းအရုံး တော်လှန်ရေးတာဝန်ကို ဆက်ပြီးထမ်း ဆောင်ခဲ့တယ်လို့ ဒေါ်နုနုဇန်က အခုလိုဆက်ပြောပြပါတယ်။
“လွီဇာနဲ့ကျွန်မခင်ပွန်းနဲ့မိသားစုတွေပိုပြီးတော့ရင်းနှီးတယ်လေ၊ ရန်ကုန်ကနေပြီးတော့ သူ့ခင်ပွန်းဗိုလ်လင်းထိန် နဲ့လက် ထပ်ပြီးတဲ့နောက် သူ့ကိုမတွေ့တော့ပါဘူး၊ ဒါပေမယ့် သူ့အကြောင်းတွေဗတာ့အမြဲပဲကြားနေရပါတယ်၊ ဗိုလ်လင်းထိန်ဆုံးသွားတဲ့အခါမှာ The hole bridge ကိုသူပဲအုပ်ထိန်းတယ်၊ ၆၅ အဲဒီမှာဘန်ကောက်ကိုထွက် လာတဲ့အခါမှာ သူနဲ့တွေ့တယ်၊ ဒါပေမယ့် သူကစိတ်သန်တယ်၊ တောထဲကိုပြန်ပြန်သွားပြီးတော့ ကရင်လူမျိုး တွေကိုကူဘို့ တာဝန်ရှိတယ်ဆိုပြီးတော့ အဲဒီမှာပဲနေတယ်၊ နော်လွီဇာနဲ့သူ့ခင်ပွန်းဂရမ်ခရစ်တို့ အမေရိကန်ကို ရောက်လာတဲ့အခါမှာ ကျွန်မတို့လည်း ၂နှစ်၃နှစ်နေတော့ ပြောင်းလာရော၊ ပြောင်းလာတဲ့အခါမှာ သူတို့တွေခ ဏခဏ ဆွေးနွေးကြတယ်၊ဘယ်လိုလုပ်မလဲ? ကရင်လူမျိုးတွေကိုဘယ်လိုကူညီနိုင်မလဲ?လို့ဆွေးနွေးကြတယ်”

နော်လွီဇာဟာ အမေရိကန်နိုင်ငံသား ဂရန်ခရစ်စ်နဲ့အိမ်ထောင်ကျပြီး ကယ်လ်ဖိုးနီးယားပြည်နယ်မှာ အခြေချခဲ့ ရာက ဘားမားဖေါ်ရမ် ဆိုတဲ့ မြန်မာ့အရေးဆွေးနွေးပွဲအဖွဲ့ကို မ,တည်ခဲ့တဲ့အပြင် နောက်ပိုင်းမှာ ယူအက်စ်စီပီ ခေါ် အမေရိကန်ပြည်ထောင်စုမြန်မာ့အရေးလှုပ်ရှားမှု အဖွဲ့မှာလည်း ဘုတ်အဖွဲ့ဝင်တဦးဖြစ်ခဲ့ပါတယ်။

ကရင်တိုင်းရင်းသူလေးတဦးဖြစ်တဲ့ ဇိုယာဖန်းကတော့ လန်ဒန်အခြေစိုက်ဘားမားကန်ပိန်းရဲ့ နိုင်ငံတကာညှိနှိုင်း ရေးမှူးအဖြစ် ဆောင်ရွက်နေသူပါ၊ သူက နော်လွီဇာနဲ့ပတ်သက်လို့ အခုလိုပြန်ပြောင်းပြောပြခဲ့ပါတယ်။

“ကျွန်မ အန်တီလူဝီဇာကိုပထမအကြိမ်တွေ့ဘူးတာကတော့ မြန်မာထိုင်းနယ်စပ်တနေရာမှာရှိတဲ့ ကရင်နယ်မြေ မှာပေါ့နော် အဲဒီမှာသူနဲ့ ကရင်အရေးကြီးတဲ့အစည်းအဝေးတခုမှာ သူက ကျွန်မကိုတွေ့တော့ ဇိုယာရေတဲ့ ကျွန်မ တို့ကရင်ရဲ့လှုပ်ရှားမှုထဲမှာပေါ့နော် လူငယ်တွေလည်းလိုတယ်တဲ့ ပြီးတော့ အမျိုးသမီးတွေလည်းလိုတယ် တဲ့ သူ အဲဒီမှာ ကျွန်မကိုလည်းအားပေးပါတယ်၊ ပြီးတော့ချက်ခြင်းပဲ ကျွန်မကတော့ သူ့ကိုလေးစားမိတယ်၊ ပြီးတော့သူ့ ရဲ့ကရင့်တော်လှန်ရေးအပေါ်မှာပေါ့နော် သူ့ရဲ့ခံယူချက်ကို ကျွန်မသဘောကျမိတယ် ဘာဖြစ်လို့လည်းဆိုတော့ သူက သတ္တိရှိတဲ့အမျိုးသမီးခေါင်းဆောင်တယောက်ဖြစ်တယ်၊ ပြီးတော့ သူ ကရင့်တော်လှန်ရေးအပေါ်မှာ သူက တိတည်တယ်၊ သူတတ်နိုင်သလောက်သူလုပ်ဆောင်သွားတယ်၊ အမေရိကန်မှာရောက်သွားပေမယ့်လည်း သူ့ရဲ့ လူမျိုးနဲ့သူ့ရဲ့ ဒီတော်လှန်ရေးအလုပ်အကိုင်တွေကို သူဘယ်တော့မှမမေ့ဘူး၊ ပြီးတော့နှစ်တိုင်းပဲသူ့လူမျိုးဆီကို သူပြန်လာပြီးတော့ တတ်နိုင်သလောက် သူလုပ်ပေးတယ်၊ တဆက်တည်းမှာပဲ ကရင်လူမျိုးတမျိုးအတွက်သာမ ကပဲ မြန်မာပြည်တပြည်လုံးမှာရှိတဲ့ တိုင်းရင်းသားတွေအားလုံးအတွက် လှုပ်ရှားနေတယ်ဆိုတော့ ကျွန်မလည်း သူ့ကို အင်မတန်ကိုလေးစားနေပါတယ်”

ဇိုယာပြောတဲ့သူ့ရဲ့ယုံကြည်ချက်က ဘယ်လိုပါလည်းရှင်?

“သူ့ရဲ့ အဓိကယုံကြည်ချက်ကတော့ တနေ့နေ့တချိန်ချိန်ကျရင် မြန်မာပြည်မှာရှိတဲ့တိုင်းရင်းသားတွေအားလုံး တန်းတူရည်တူနေထိုင်နိုင်အောင်ပေါ့နော် ပြီးတော့ငြိမ်းချမ်းစွာနေထိုင်နိုင်အောင် ပြီးတော့ဒီမိုကရေစီရရှိနိုင် အောင် ပြီးတော့ဖယ်ဒရယ်ပြည်ထောင်စုတခုတည်ထောင်နိုင်ဘို့အတွက်သူကအမြဲတမ်းယုံကြည် ပြီးတော့ သူကိုယ်တိုင်လက်တွေ့ကျကျနဲ့လုပ်ဆောင်ခဲ့ပါတယ်”

မနော်မေဦးကတော့ အင်ဒီးယားနားတက္ကသိုလ်မှာပါရဂူဘွဲ့ကိုတက်ရောက်ဆည်းပူးပြီး ကရင်တိုင်းရင်းသားအ ရေးတွေမှာ လှုပ်ရှားဆောင်ရွက်နေသူတဦးဖြစ်ပါတယ်၊ နော်လွီဇာနဲ့ပတ်သက်လို့သူ့ရဲ့အမှတ်ရစရာ အကြောင်း တွေကိုမမေဦးပြန်ပြောင်းပြောပြရာမှာတော့
“အန်တီလွီဇာကို ကျွန်မ ဒီ အမေရိကန်ကို၁၉၉၃ခုနှစ်ရောက်လာတုန်းက ပထမဦးဆုံးအကြိမ်စ,တွေ့ခဲ့ဘူးတာ ဖြစ်တယ်၊ ကျွန်မတို့ရဲ့ကရင်အမျိုးသားခေါင်းဆောင်တယောက်အနေနဲ့ သူဟာ ကျွန်မတို့လူငယ်တွေအေပေါ်မှာ ပေါ့လေ အထူးသဖြင့် ပညာရေးမှာအထူးအားပေးပြီးတော့ အမျိုးသားရေးနိုင်ငံရေးတွေမှာ တက်တက်ကြွကြွပါ ဝင်လုပ်ကိုင်ဘို့အတွက် အမြဲတမ်းဦးဆောင်လမ်းညွှန်ပြီး အားပေးခဲ့တဲ့ခေါင်းဆောင်တယောက်လည်းဖြစ်တယ်၊ ကျွန်မတို့အမေရိကန်ကို စ,ရောက်တုန်းကဆိုလို့ရှိရင် ဝါရှင်တန်ဒီစီမှာ အတန်းရှင်းပေါ့လေ အလုပ်သင်နိုင်ငံရေး လောကမှာ ကျွန်မတို့ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ ကျွန်မတို့ကိုမိတ်ဆက်ပေးခဲ့တာလည်း အန်တီလွီဇာပဲဖြစ် တယ်၊ အထူးသဖြင့်လူငယ်တွေပေါ့လေ ဒီ အနာဂါတ်နိုင်ငံရေးလှုပ်ရှားမှုတွေမှာ အနာဂါတ်ခေါင်းဆောင်တွေဖြစ် လာဘို့အတွက် အများကြီးသူမျှော်လင့်လည်းမျှော်လင့်တယ် အမြဲတမ်းလည်းသူအားပေးတယ်၊ကျွန်မတို့ကိုအား ပေးရုံတင်မကဘူး အဖွဲ့အစည်းအသီးသီးမှာ ဒီ ခေါင်းဆောင်တွေကိုပြောတယ်၊ အရေးကြီးတာ ဒီလူငယ်တွေကို မြေတောင်မြှောက်ပေးဘို့ လူငယ်တွေကိုနေရာပေးဘို့ နောက် ပညာတတ်လူငယ်တွေကို များများမွေးထုတ်ပေး ဘို့ စသည်ဖြင့်ပေါ့လေ ကျွန်မတို့အမြဲတမ်း သူနဲ့ကြုံတိုင်းမှာ ဒီဟာသူ့ရဲ့လုပ်ရပ်တခုလို ကျွန်မအထူးသဖြင့်သတိ ထားမိတဲ့အတွက်ကြောင့် ကျွန်မတို့အမြဲတမ်းသူ့ကိုကျေးဇူးတင်ရတယ်၊ ကျွန်မအတွက် ဥပမာကောင်းလည်း အများကြီးဖြစ်တယ်ပေါ့လေ”

ကယ်လီဖိုးနီးယားပြည်နယ်မှာ နေထိုင်စဉ် မြန်မာနိုင်ငံလူ့အခွင့်အရေးအကြောင်း နိုးကြားမှုရရှိစေဘို့ခုလိုဆောင် ရွက်နေချိန်မှာ ၁၉၉၀ခုနှစ်များစောစောပိုင်းက မြန်မာစစ်အစိုးရနဲ့ ကုမ္မဏီကြီးတွေဖြစ်ကြတဲ့ (CHEVRON)ရှယ်ဗ ရွန်၊(UNOCAL) ယူနီကယ်၊ ပြင်သစ်က(TOTAL)တိုတယ်၊ ထိုင်းက(PTTEP)ပီတီတီအီးပီနဲ့ မြန်မာစစ်အစိုးရရဲ့ မြန်မာ့ရေနံနဲ့သဘာဝဓါတ်ငွေ့လုပ်ငန်းတွေကိုပူးတွဲပြီး မုတ္တမပင်လယ်ကနေတဆင့် ထိုင်းနိုင်ငံကိုသဘာဝဓါတ် ငွေ့ပို့ဆောင်ဘို့ ရတနာဓါတ်ငွေ့ပိုက်လိုင်းကိုဆောက်လုပ်ခဲ့ပါတယ်။

အဲဒီမှာဒေသခံကျေးရွာတွေဟာ အတင်းအဓမ္မလုပ်အားပေးခိုင်းစေခံရ၊ အတင်းအဓမ္မပြောင်းရွှေ့ခံရ၊ သတ် ဖြတ်ညှင်းပမ်းနှိပ်စက်မှုတွေခံရတာတွေ ရှိခဲ့ပါတယ်၊ ခုလိုလူ့အခွင့်အရေးချိုးဖေါက်မှုတွေကြောင့်လည်း ကယ် လီဖိုးနီးယားပြည်နယ်အခြေစိုက် ယူနီကယ်ကုမ္မဏီကြီးကိုပြည်နယ်ရဲ့တည်ဆဲဥပဒေအရ နှိပ်စက်ညှင်းပမ်းခံခဲ့ရ တဲ့ကျေးရွာသားတွေကိုယ်စား ရုံးတင်တရားစွဲခဲ့ရာမှာ ကယ်လီဖိုးနီးယားပြည်နယ်က ကရင်အနွယ်ဘွား အမေရိ ကန်နိုင်ငံသူဖြစ်တဲ့ နော်လွီဇာဘင်ဇင်လည်းတရားလိုတဦးအဖြစ်ပါဝင်ခဲ့ပါတယ်၊ ထိုစဉ်က,ယူနီကယ်ကုမ္မဏီ ကြီးအနေနဲ့ အမှုကိုလျှော်ကြေးပေးပြီးကြေအေးခဲ့ပါတယ်။

အဲဒီအမှုစစ်ဆေးတာကို ရုံးတော်မှာသွားရောက်လေ့လာခဲ့သူတဦးကတော့ ကရင်အမျိုးသားရေးလှုပ်ရှားသူ စောစတီဗင်ဒန်း ဖြစ်ပါတယ်။

“ကျွန်တော် အဲ့ဒီခုံရုံးတက်တဲ့ပွဲမှာရောက်ခဲ့ပါတယ်၊ တွေ့ရတဲ့အခြေအနေက အသက်ငါးဆယ်ကျော် ကရင်အ မျိုးသမီးတယောက် ဟိုး Witness တန်းမှာထိုင်နေခဲ့တယ်၊ နောက်တော့ ဒီ ယူနီကယ်ဘက်က သူ့ကိုယ်သူအ ထင်ကြီးတဲ့ရှေ့နေတယောက်က အသံအကျယ်ကြီးနဲ့စွပ်စွဲတာကို ကျွန်တော်ကြားရပါတယ်၊ ဒါပေမယ့် ဆရာမ လူဝီဇာက သူ့အသံက တိုးတိုးပေမယ့်လည်း သူ့ရဲ့ပွိုင့်စ်တွေက သိပ်မှန်တော့ အဲဒီရှေ့နေက ဘယ်လိုမှပြန်ဖြေ လို့မရဖြစ်ပြီးတော့ တရားသူကြီးက အဲဒီမှာ ဆရာမလူဝီဇာဘက်က ဆုံးဖြတ်လိုက်ခဲ့ပါတယ်”

အခုလိုအမှုနိုင်ပေမယ့်လို့လည်း နော်လွီဇာကတော့ မြန်မာနိုင်ငံရေးနဲ့ပတ်သက်လို့ နိုးကြားမှုရှိစေဘို့ ဆက်လက် လုပ်ကိုင်စရာတွေအများကြီးရှိသေးတယ်ဆိုတာကို ခံယူထားတာတွေ့ရတယ်လို့ စောစတီဗင်ဒန်း က အခုလို ပြောပြပါတယ်။

“ဒီအမှုကိုအောင်မြင်တဲ့အခါမှာ သူဝမ်းသာခဲ့ပါတယ်၊ ဒါပေမယ့် သူဆိုလိုချင်တာက ဒါနဲ့မပြီးဘူးအများကြီးဆက် လုပ်ရဦးမယ်၊ သူလွန်ခဲ့တဲ့နှစ်ပါတ်ကျော်ကျော်မှာ သူကျွန်တော်နဲ့နောက်ဆုံးစကားပြောခဲ့တာက ဒီ အခုတ ကမ္ဘာလုံးမှာ ကရင်လူမျိုးဖြစ်ဖြစ် တခြားလူမျိုးဖြစ်ဖြစ် စည်းလုံးညီညွတ်အောင်ကြိုးစားရမယ်၊ အဲလိုသူက ကျွန် တော့်ကိုပြောခဲ့တယ်၊ အဲဒါ နောက်ဆုံး ကျွန်တော်နဲ့စကားပြောတာ”

ကွယ်လွန်သူကရင့်လူ့အဖွဲ့အစည်းအမျိုးသမီးခေါင်းဆောင်တဦးဖြစ်တဲ့ နော်လွီဇာဗင်ဇင်ခရစ်စ် အတွက် ဝတ်ပြု ဆုတောင်းပွဲကိုလာမယ့် ဖေဖေါ်ဝါရီ ၂၄ရက် စနေနေ့မနက် ၁၀နာရီမှာCalifornia State ကယ်လီဖိုးနီးယားပြည် နယ် Pasadena ပါစတီနာ ရှိ First United Methodist Church ဖတ်စ်ယူနိုက်တစ်မက်သ်ဒစ်ဘုရားကျောင်းမှာ ကျင်းပ,မှာဖြစ်တယ်လို့ ကျန်ရစ်သူရဲ့ခင်ပွန်း သားသမီးနဲ့ ညီအစ်မတွေ ဘိတ်ကြားထားပါကြောင်းတင်ပြရင်း ဒီ တပါတ်ရဲ့အမျိုးသမီးများကဏ္ဍကို နိဂုဏ်းချုပ်လိုက်ပါတယ်။

တိုင်းရင်းကရင် လူ့အဖွဲ့အစည်းမှာ အားကျဖွယ်ရာ အမျိုးသမီးခေါင်းဆောင်တဦး ဖြစ်ခဲ့သူ အသက် ၆၉ နှစ်အ ရွယ်ရှိ နော်လီဇာဘန်စန် ဟာ ဖေဖော်ဝါရီလ ၂ ရက်နေ့က ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိမ်ဂျယ်လိစ့်မြို့ နေအိမ်မှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ နော်လီဇာဘန်စန်နဲ့ ပတ်သက်လို့ အမျိုးသမီးများ ကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ပြထားတာကို နားဆင်ပြီးပြန်လည်ရေးသားတင်ပြလိုက်ခြင်း ဖြစ်ပါတယ်။
Tuesday, February 9, 2010

မလေးရှား ကရင်အစည်းအရုံး (MKO) ၅နှစ်ပြည့် အခမ်းအနားကျင်းပ

မလေးရှားကရင့်အစည်းအရုံး(MKO)၏ ၅နှစ်ပြည့်အခမ်းအနားတရပ်ကို ဖေဖော်ဝါရီလ ၇ရက်နေ့က ကွာလာလန်ပူမြို့ရှိ အဆိုပါအဖွဲ့ပိုင်ရုံးတွင် ကျင်းပခဲ့သည်ဟု သိရှိရသည်။
မနက် ၁၀နာရီအချိန်တွင် စတင်သည့် အဆိုပါအခမ်းအနားသည် အလွန်အောင်မြင်မှုများရှိသည်ဟု အဖွဲ့တာဝန်ရှိသူများက ပြောဆိုသည်။

အခမ်းအနားသို့ MKOကော်မတီဝင်များ၊ အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပြီး MKOခေါင်းဆောင်များဖြစ်သည့် မန်းစိန်သန်း၊ မန်းဒုံရောင်းနှင့် ဒန်းနရယ်စောထူးတို့က အသီးသီး အမှာစကားများ ပြောကြားခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ တက်ရောက်လာသူပေါင်း ၁၅၀ကျော်ရှိမည်ဟု သိရှိရသည်။
မလေးရှားကရင်အစည်းအရုံး (MKO)ကို လွန်ခဲ့သည့် ၂၀၀၅ခုနှစ်က မလေးရှားရောက် ကရင်အမျိုးသားများ၏ အခက်အခဲများကို ကူညီဆောင်ရွက်နိုင်ရန်အတွက် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။




ဓါတ်ပုံနှင့် သတင်းအချက်အလက်ပေးပို့သူ-စောဂျက်(MKO)

မြေခပန်း မနွမ်းပါ

ဖေဖော်ဝါရီလ ၉ရက်။ ခေါင်ဆူလိုင့် (ကေအိုင်စီ)

၂၀၁၀ရဲ့ ဇန်န၀ါရီ (၃၁)ရက်မှာ ဖန်းဖောင်ဒေးရှင်းက ချီးမြှင့်တဲ့ ၂၀၀၉ခုနှစ်၊ ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုကို ကရင်ပြည် နယ်၊ ဖာပွန်ခရိုင်က ကျန်းမာရေးဝန်ထမ်း စောညွှန့်ဝင်းကို ရွေးချယ်ပေးအပ်လိုက်တဲ့ သတင်းထုတ်ပြန်ချက်တခုကို အီးမေးလ် ထဲကနေ ဖတ်လိုက်ရတော့ အတိုင်းမသိ ၀မ်းသာပီတိ ဖြစ်မိပါတယ်။

ဒီဆေးမှူးလေးကို ပြီးခဲ့တဲ့ ၂၀၀၉ခုနှစ်၊ သြဂုတ်လက ကျမရဲ့ ဖာပွန်ခရိုင် ခရီးစဉ်အတွင်း ဒေးပူနိုကျေးရွာမှာ သိကျွမ်းခင်မင်ခဲ့ရ တာပါ။ သူဟာ လူသောမြို့နယ်ထဲက တာအို့ဒဲရွာလေးမှာ လူနာ ၁၀ယောက်ဝန်းကျင်သာ ဆံ့တဲ့ ဆေးပေးခန်းလေးကို ဦးစီးပြီး အဲဒီအနီးဝန်းကျင်ရွာတွေက ရွာသား ၂,၀၀၀နီးပါးရဲ့ ကျန်းမာရေး၊ လူမှုရေးတွေကို လက်အောက်ခံ လုပ်ဖော်ကိုင်ဖက် ဆေးဝန် ထမ်း ၁၂ယောက်နဲ့အတူ ဒိုးတူဘောင်ဖက် လုပ်ဆောင်ပေးနေသူတဦးလည်း ဖြစ်ပါတယ်။

“ကျနော် ငါးတန်းအရွယ်မှာ အိမ်ကနေ ထွက်လာခဲ့တယ်။ အစကတော့ စစ်သားလုပ်ဖို့ပဲ။ ဒါပေမဲ့ ကေအဲန်ယူက လူကြီးတွေက ကျနော့်ကို ဒီနယ်စပ်မှာ ကျောင်းပြန်ထားပေးတယ်။ အဲဒီကနေ ဆယ်တန်းအောင်ပြီးမှ ၀ါသနာပါတဲ့ ဆေးသင်တန်းကို ကျနော် တက်ခဲ့တယ်”လို့ ဖာပွန်ခရိုင် ဘူးသိုမြို့နယ်၊ မဲ့ပရီရွာသား စောညွန့်ဝင်းက ကျမကို ပြောပြခဲ့ဖူးပါတယ်။

ဖာပွန်ခရိုင် ဘူးသို၊ ဒွယ့်လိုးနဲ့ လူသောမြို့နယ်တွေက လုပ်သက်အနည်းဆုံး ၃နှစ်နဲ့အထက် ကျန်းမာရေးဝန်ထမ်းတွေဟာ ဒေး ပူနိုနဲ့ ၀ါ့မီဒေးရွာတွေမှာ ရွာသူရွာသားတွေကို ကျန်းမာရေးပညာပေး သွားလုပ်တာကို ကျမ အတူလိုက်ပါသွားခဲ့တယ်။ အဲဒီ ဆေးဝန်ထမ်းတွေထဲမှာ အသက် ၁၇နှစ်အရွယ်ကတည်းက လူထုအတွင်း ကျန်းမာရေးလုပ်ငန်း စတင် လုပ်ဆောင်ခဲ့သူတွေ လည်း ပါဝင်နေတယ်။

လူထုကြားမှာနေ၊ လူထုစားသလိုစားပြီး လူထုကျန်းမာရေးကို အခကြေးငွေမရဘဲ လုပ်ဆောင်ပေးနေတဲ့ ဆေးဝန်ထမ်းတွေထဲ မှာ ၂၀၀၀ခုနှစ်ကတည်းက ကျန်းမာရေးလုပ်ငန်းကို တာဝန်အတိအကျနဲ့ ထဲထဲဝင်ဝင် လုပ်ဆောင်လာခဲ့တဲ့ အသက် ၃၂နှစ် အရွယ် စောညွှန့်ဝင်းကို သားသည်မိခင်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်လေးတွေကအစ ၀ိုင်းဝန်းချစ်ခင်ကြတာကို တွေ့ခဲ့ရတယ်။

ကျန်းမာရေးပညာပေးသင်တန်း လာတက်တဲ့ ၀ါ့မီဒေးရွာသူ ကလေး ၄ယောက်မိခင် နော်ပုလဲဖောက “အဲဒီဆရာက ခင်ဖို့ ကောင်းတယ်။ စိတ်လည်းရှည်တယ်။ ပျော်ပျော်လည်း နေတတ်တယ်။ ဒီလိုလူမျိုးက ဘယ်သွားသွား ထမင်းမငတ်ဘူး”လို့ ပြောပါတယ်။

ဆေးပစ္စည်းအချို့၊ မစုံလင်တဲ့ ကုသရေးကိရိယာတွေနဲ့ အတူ ထည့်ထားတဲ့ ကျောပိုးအိတ်အဟောင်းလေးကို ကျောမှာလွယ်ပြီး တောတောင်၊ မြစ်ချောင်းတွေကို ခြေလျင်လျှောက်သွားနေရတော့ ဒီလမ်းခရီးဒါဏ်နဲ့ စီးထားတဲ့ စစ်ဖိနပ်ဟောင်းလေးအထဲက ပြူထွက်နေတဲ့ သံချောင်းလေးချောင်းကြောင့် နာကျင်နေတဲ့ သူ့ခြေဖ၀ါးကို မမှုဘဲ ခရီးကြမ်းကို အပြုံးမပျက်၊ အပြောမပျက်ဘဲ စောညွှန့်ဝင်း လျှောက်လှမ်းနေခဲ့တယ်။

၂၀၀၉ခုနှစ်၊ သြဂုတ်လ ၂၂ရက်နေ့က ကျမတို့ ရောက်သွားခဲ့တဲ့ ၀ါ့မီဒေးရွာဟာ အိမ်ခြေ ၄၀ကျော်နဲ့ လူဦးရေ ၂၀၀ကျော်ပဲ ရှိပြီး အဲဒီရွာကနေ ၂နာရီခွဲလောက် လမ်းလျှောက်သွားရင် ဖာပွန်မြို့ကို ရောက်ပါတယ်။ ဒါပေမဲ့ ဒီရွာမှာ ဆေးခန်းကလည်း မရှိ၊ မြို့ မှာ ဆေးသွားကုရမယ်ဆိုလည်း ငွေကုန်ကျများတော့ နယ်လှည့်စေတနာ ကျန်းမာရေးဝန်ထမ်းတွေရဲ့ ကုသမှုတွေကိုပဲ သူတို့ မှာ အားကိုးနေကြရတယ်။

အဲလို ခရီးထွက်နေရင်းလည်း စောညွှန့်ဝင်းဟာ သူ့ဆေးခန်းနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို စိတ်ပူသလို သူ့ကိုချစ်ခင်ကြတဲ့ အမျိုးသမီးကြီးတွေအကြောင်းလည်း သတိတရနဲ့ အခုလို ပြောပါတယ်။ “တာအို့ဒဲက ကျနော့်ဆေးခန်းကို အခုလို ရက်အတော် ကြာ ထားခဲ့ရတော့ ဆေးလုပ်သားတွေနဲ့ ကျန်ခဲ့တဲ့ဆေးတွေက လောက်ငှပါ့မလား မသိဘူး။ ရွာထဲက အဒေါ်ကြီးတွေလည်း ကျနော်မရှိရင် ခုလောက်ဆို ကျနော့်အကြောင်း ပြောနေလောက်ပြီ”လို့ သံယောဇဉ်ကြီးစွာ ကျမကို ပြောပြရှာတယ်။

အဲဒီဒေသက အစိုးရဆေးရုံ၊ ဆေးပေးခန်းတွေမရှိတဲ့ ကျေးလက်ဒေသတွေဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့က မယ် တော်ဆေးခန်း၊ နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးလုပ်သားများအဖွဲ့၊ ကော်သူးလေ ကျန်းမာရေးနဲ့ ကယ်ဆယ်ရေးအဖွဲ့၊ အ မျိုးသားကျန်းမာရေးနဲ့ ပညာရေးအဖွဲ့တို့က ပံ့ပိုးကူညီပေးတဲ့ ဆေးဝါး၊ ဆေးပစ္စည်းတွေနဲ့ ဒေသခံတွေကို အခမဲ့ ကုသပေးနေတဲ့ ဆေးခန်းတွေပဲ ရှိတာပါ။ အဲဒီကျန်းမာရေးအဖွဲ့တွေက ဖာပွန်ခရိုင်မှာ ဒေးပူနို့၊ တာအို့ဒဲ၊ ပါဟိုက်၊ ခေးပူ၊ နော်ယိုထာ့၊ ၀ါးခါ့ဒဲ၊ သာသွီးဒဲ၊ ခေါပုတ်၊ ကာနားဒဲ၊ မောခီး၊ ဘောပယ်၊ ဃဲပါ စတဲ့ နေရာတွေအပြင် သံလွင်ကမ်းနားက အီတိုးထာ့ပြည်တွင်း ဒုက္ခ သည်စခန်းနဲ့ ဟို့ကေ့ဂွင် အူးဒါးနဲ့ ပေါ်ကားဒဲ နေရာတွေမှာလည်း မိုဘိုင်းလ်ဆေးခန်းတွေထားပြီး ဒေသခံ ကျေးလက်လူထုတွေ ကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနေပါတယ်။
တရွာနဲ့တရွာ သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေး ခက်ခဲလွန်းလှတဲ့ ဒေသမှာ ရွာသူရွာသားတွေဟာ အမျိုးသမီးတွေ၊ ခလေး သူငယ်တွေကအစ တောတောင်၊ မြစ်ချောင်း အသွယ်သွယ်ကို တောင်ကြီးဖ၀ါးအောက် လှိုင်းကြီးလှေအောက်ပမာ သဘော ထားပြီး ရပ်တည်စားသောက်နေရတဲ့ သူတို့ဘ၀လေးတွေက ပင်ပမ်းလွန်းလှပေမဲ့ စိတ်ထားလေးတွေက ဖြူစင်လှပါတယ်။ ကျမတို့လို ခရီးသွားဟန်လွဲ ဧည့်သည်တွေ ခေါင်သီတဲ့ သူတို့ရွာကို အရောက်လာတာကိုပဲ ရွာသူရွာသားတွေဟာ ပျော်ရွှင် လွန်းလို့ အိမ်ရှင်ပီသစွာ ဧည့်ဝတ်ကျေပြွန်ကြရှာတယ်။
ကရင်ပြည်နယ်နဲ့ ကယားပြည်နယ်ကို သွယ်တန်းနေတဲ့ ယွန်းစလင်းချောင်းဟာ ဖာပွန်ခရိုင်ကိုဖြတ်ပြီး စီးဆင်းနေပါတယ်။ ချောင်းကြောကွေ့ကောက်ပြီး ရေစီးသန်တဲ့အတွက်လည်း ဖြတ်သန်းသွားလာသူတွေအတွက် အသက်အန္တရာယ်လည်း အများ ကြီးရှိလို့ ရေကူးမတတ်တဲ့ ကျမအဖို့ ခြေလျင်တောင်တက်ခရီးသာ အသွားတွင်ကျယ်ခဲ့ပါတယ်။

ဒီဒေသမှာ အဓိက တောင်ယာစပါးအပြင် လယ်စပါး အနည်းငယ်ကိုလည်း စိုက်ပျိုးကြပါတယ်။ မိရိုးဖလာအရ နတ်စားသူတွေ၊ ဗုဒ္ဓဘာသာနဲ့ ရိုမန်ကက်သလစ် ခရစ်ယာန်ဘာသာတွေကို အဲဒီဒေသမှာ မတူကွဲပြားစွာ တွေ့ရှိခဲ့ရတယ်။ အချို့ဆို ရိုမန်ကက် သလစ်ကို ရွာလုံးကျွတ် သက်ဝင်ယုံကြည်ကြတယ်။

ဒါပေမဲ့ လူသောနဲ့ ဘူးသိုမြို့နယ်ထဲက ရွာတွေ အတော်များများဟာ မြန်မာစစ်တပ်တွေကို အတွေ့မခံရဲကြဘူး။ စစ်တပ်လာရင် တောထဲဝင်၊ မမြင်အောင်ပုန်း လုပ်နေကြရင်း မတည်မငြိမ် ရွှေ့ပြောင်းနေထိုင်နေရတာကြောင့် တောင်ယာစပါးလည်း ပုံမှန် မစိုက်ပျိုးနိုင်ဘဲ စားနပ်ရိက္ခာတွေ ပြတ်လပ်လာရတဲ့ အခြေအနေကို ဒေသခံ ၇,၀၀၀လောက်က ရင်ဆိုင်နေကြရတယ်။

ဒီလိုအခြေအနေ၊ ဒီလိုနယ်မြေတွေမှာ မပြေးသော် ကံရာရှိ ရပ်တည်နေရတဲ့ ရွာသူရွာသားတွေဟာ စောညွှန့်ဝင်းတို့လို ကျန်းမာ ရေးဝန်ထမ်းတွေကြောင့် တကိုယ်ရေ သန့်ရှင်းရေး၊ မိသားစုကျန်းမာရေး စီမံကိန်းနဲ့ ရပ်ရွာဖွံ့ဖြိုးမှုတွေကို ယခင်ကထက်စာရင် အများကြီး သိရှိနားလည်လုပ်ဆောင်လာပါတယ်။
ဒီလိုကုသမှုလုပ်ငန်းတွေ၊ ပညာပေးလုပ်ငန်းတွေကြောင့် လူထုကို မျက်စိပွင့် နားပွင့်လုပ်ဆောင်လာခဲ့တဲ့အတွက်လည်း ကျမ ကိုယ်တိုင် ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက ဖန်းဖောင်ဒေးရှင်းမှာ သူ့ကို အဆိုတင်သွင်းခဲ့ပါတယ်။

ဖန်းဖောင်ဒေးရှင်းကပေးတဲ့ဆုကို ကြေညာလိုက်ချိန်မှာ စောညွှန့်ဝင်းဟာ ကိုယ်တိုင်လည်း ဘာမှ မသိရှိထားသလို သူ တာဝန် ကျရာ ဆေးခန်းမှာတောင် မရှိဘဲ သံလွင်ကမ်းနားတနေရာက ကျန်းမာရေးသင်တန်းတခုကို ရောက်ရှိနေပါတယ်။ ဆုရရှိတာနဲ့ ပတ်သက်ပြီး ဒီဆုဟာ သူ့တယောက်တည်းအတွက်ထက် အများအတွက် ရတာလို့ ခံစားမိကြောင်း အခုလို ပြောပြပါတယ်။

“ဖန်းဖောင်ဒေးရှင်းက ကျနော့်ကို ဂုဏ်ပြုရွေးချယ်တဲ့အတွက် ကျနော် အထူး ၀မ်းသာပါတယ်။ ဒါကလည်း ကျနော့်တယောက် တည်းအတွက် ၀မ်းသာတာ မဟုတ်ပါဘူး။ ကျနော် တာဝန်ယူနေရတဲ့ ကျေးလက်ဒေသတွေမှာ ကျန်းမာရေးအရ လိုအပ်မှု တွေက အများကြီးရှိနေသေးတယ်။ ဒီလို လိုအပ်ချက်တွေထဲက တခေါ်တူ့ဘောဆိုတဲ့ ရွာဟာ စာသင်ကျောင်းမရှိတော့ လာမဲ့ နှစ်အတွက် ကျောင်းဆောက်နိုင်ဖို့ ကျနော် ရွာခံတွေနဲ့ သွားဆွေးနွေးခဲ့တယ်။ သူတို့ဖက်မှာလည်း သင်ပေးမဲ့ဆရာတွေကို ထမင်းကျွေးဖို့တောင် ခက်ခဲနေတယ်။ အဲဒီရွာက အိမ်ခြေ ၂၀ကျော်၊ လူဦးရေ ၁၃၃ယောက်ရှိပြီး ထီးမူဒဲကျေးရွာအုပ်စုထဲမှာ ပါ တယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတော့ ကျောင်းရှိပေမဲ့ ဗမာစစ်တပ်တွေ ၀င်ရောက်လာတော့ ကျောင်းတွေက မရှိတော့ ဘူး။ ကျောင်းရှိတဲ့ ရွာတွေမှာ သွားတက်ဖို့ကလည်း မိုးတွင်းဆို လမ်းက အရမ်းဆိုးတော့ ကလေးတွေအတွက် အခက်အခဲက ရှိပြန်ရော။ ဒါကြောင့် ဖန်းဖောင်ဒေးရှင်းက ပေးတဲ့ဆုကြေးငွေကို အဲဒီမှာတချို့သုံးပြီး အချို့ကို ကျနော်တာဝန်ယူနေရတဲ့ တာအို့ဒဲဆေးခန်းအတွက်လည်း လိုအပ်တာတွေ ဖြည့်ဆည်းပေးရမယ်”လို့ သူ့ရဲ့ခံစားချက်နဲ့ဆန္ဒကို ထုတ်ဖော်ပြောဆိုခဲ့တယ်။

မွေးချင်းမောင်နှမ ၈ယောက်မှာ အကြီးဆုံးဖြစ်တဲ့ စောညွှန့်ဝင်းဟာ မိဘတွေက သူ့ကို မြို့မှာ ကျောင်းထားပေမဲ့ မပျော်ပိုက်တဲ့ အတွက် ဇာတိရွာဖြစ်တဲ့ မဲ့ပရီကနေ တော်လှန်ရေးနယ်မြေထဲကို တယောက်ထဲ ထွက်လာခဲ့တယ်။ အခုဆို သူဟာ ညီမငယ် လေး ၂ယောက်ကို နယ်စပ်မှာ ကျောင်းထားပေးရင်း တဖက်ကလည်း လူထုအကျိုးကို သယ်ပိုးလုပ်ဆောင်နေရတယ်။
ဝါ့မီဒေးရွာမှ ကလေးလူနာအား စမ်းသပ်နေစဉ်(ဓာတ်ပုံ-နန်းဖော့ဂေ) ကိုယ်တိုင် တုပ်ကွေးကူးစပ်ခံရသူ ဆေးဆရာမလေး
“အိမ်ကထွက်လာတုန်းက ကျနော့် အသက်ဟာ ၁၃နှစ်သာသာရှိသေးလို့ ဘယ်သူမှ ကျနော့်ကို စစ်သားလုပ်ဖို့ လက်မခံခဲ့ဘူး။ သူတို့က ၁၈နှစ်ပြည့်မှ လက်ခံကြတာကိုး”လို့ ပြောပြီး နယ်စပ်မှာပဲ ကျောင်းကို မဖြစ်မနေ တက်ခဲ့တဲ့ ကြားကာလအတွင်း လူ ထုကြားမှာ ၀ိုင်းကူလုပ်ပေးခဲ့တာ ပြန်ပြောင်းပြောပြနေခဲ့တယ်။ ၂၀၀၀ခုနှစ်မှာ ရောဂါရှာဖွေရေး(မိုက်ခရိုစကုပ်)သင်တန်းနဲ့ ၂၀၀၂ခုနှစ်က လက်ထောက်ကျန်းမာရေးမှူးသင်တန်းကို မယ်တော်ဆေးခန်းမှာ တနှစ်ခွဲ တက်ရောက်ခဲ့ပြီးနောက် လူထုကြား မှာပဲ သူ့ဘ၀ကို ရှင်သန်ရပ်တည်လာခဲ့တယ်။
လူနာပါးချိန်မှာ ဆေးလိပ်လေးဖွာ၊ ကွမ်းလေးစားရင်း ရေဒီယိုလေးတလုံးနဲ့ သတင်း၊ သီချင်းနားထောင်နေတတ်တဲ့ ၂၀၀၉ခုနှစ်၊ ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုရှင် တာအို့ဒဲဆေးခန်း တာဝန်ခံ စောညွှန့်ဝင်းတယောက်ကတော့ သူရတဲ့ ဆုငွေတွေကို ရွာ သားတွေအတွက် ဘယ်လိုဖွံ့ဖြိုးမှုလုပ်ငန်းတွေ ထပ်ပြီးဆောင်ရွက်ပေးသင့်သလဲဆိုတာ ခုချိန်မှာ တွေးတောကြံဆနေမှာပါ။
ဖာပွန်ခရိုင် ဆေးတာဝန်ခံ စောဝင်းကျော်က “စောညွှန့်ဝင်း အခုလို ဖန်းဖောင်ဒေးရှင်းက ပေးတဲ့ဆုကိုရတော့ ကျနော်တို့လည်း အတော်ဝမ်းသာတယ်။ ဘာဖြစ်လို့လည်းဆိုတော့ စောညွှန့်ဝင်းဟာ သူ့လုပ်ငန်းအပြင် အခြားရပ်ရွာလုပ်ငန်းတွေကိုလည်း လုပ် ပေးချင်တဲ့ ဆန္ဒအပြည့်ပဲ။ ကျနော်တို့ကလည်း လောလောဆယ် ဘာမှမလုပ်ဆောင်ပေးနိုင်ဘူး။ အခုဆို ဒီဆုကရတဲ့ ငွေကြေး နဲ့ သူလုပ်ချင်တာတွေ အတော်များများကို အကောင်အထည်ဖော်နိုင်ပြီပေါ့”လို့ ပြောပါတယ်။

ဒါနဲ့တဆက်တည်း စောဝင်းကျော်က စောညွှန့်ဝင်းဟာ အိမ်ထောင်ရေး၊ အချစ်ရေးတွေထက် လူထုအတွက် လုပ်ပေးစရာ အ များကြီး ရှိသေးတယ်လို့ သူ့ကို ပြောခဲ့ဖူးကြောင်း မဇ္ဈိမသတင်းဌာနကို ပြောပြခဲ့သေးတယ်။ တကယ်တမ်းမှာ သူဟာ အများအ ကျိုးကို အဓိကထား ဦးစားပေးတဲ့အတွက် ချစ်ကံခေခဲ့သူတဦးပါလို့ ကျမကို ရင်းရင်းနှီးနှီး ပြောပြခဲ့ဖူးပါတယ်။

“ကျနော့်မှာ ရည်းစားတယောက်ရှိခဲ့ဖူးတယ် အနော။ ကျနော်တို့က တယောက်ကို တယောက် အတော်ချစ်ကြပါတယ်။ ဒါပေမဲ့ သူနဲ့ ကျနော်က တွေ့ဆုံချိန်မရှိသလောက်ပဲ။ ကွဲကွာဖို့အကြောင်း ဖန်လာတာက သူ့မိသားစု အကူအညီလိုလို့ သူမှာတဲ့အချိန် မှာ ကျနော်က တာဝန်အရမို့ သူ့ဆီ မသွားနိုင်ခဲ့ဘူး။ နောက်ပိုင်းမှာ အခြားတယောက်နဲ့ အနေနီးပြီး အိမ်ထောင်ကျသွားတယ်။ ကျနော့်ကို သူ စာရေးတောင်းပန်လာတော့ ကျနော်ကလည်း ဖြစ်သမျှအကြောင်းကို ဘယ်လိုမှ အာဃာတမထားချင်တော့ဘူး လေ”လို့ ဒေပူနိုရွာနားက ကွယ်ပလေတောင်တန်းကြီးကို ငေးရင်း ကြေကွဲတမ်းတစွာ ပြောပြခဲ့ရှာတယ်။

ဒီလိုလူထုကြားမှာ တပြေးညီ လှုပ်ရှားရုန်းကန်နေရတဲ့ စောညွှန့်ဝင်းဟာ ပြီးခဲ့နှစ် စက်တင်ဘာလအတွင်းကလည်း သူတာဝန် ကျရာ နယ်မြေတ၀ိုက်က ရွာသူရွာသား ၇၀၀ကျော်ဟာ ရက်ပိုင်းအတွင်း တုပ်ကွေးရောဂါ ပြန့်နှံ့ကူးစက်သွားလို့ သူ့ဆေးဝန် ထမ်းတွေနဲ့အတူ အပြေးအလွှား ကုသပေးခဲ့ရပါသေးတယ်။ သူတို့လို လူငယ်လူရွယ်တွေအတွက် ဖန်းဖောင်ဒေးရှင်းက လူငယ် ခေါင်းဆောင်ဆု ချီးမြှင့်တာဟာ မွန်မြတ်တဲ့အရာတခု ဖြစ်သလို အာဇာနည်ပီသစွာ ကျဆုံးသွားခဲ့ရတဲ့ ပဒိုမန်းရှာလားဖန်းရဲ့ ၀ိညာဉ်ပြန်လည်နိုးထလာသလို ခံစားရပြီး လက်တွေ့လုပ်ဆောင်နေတဲ့ ကရင်လူငယ်မောင်မယ်တွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အပြင် လုပ်ငန်းပိုင်းမှာလည်း အထောက်အကူ အများကြီး ဖြစ်စေပါတယ်။

“ဒီနှစ်ပေးတဲ့ဆုက အတော်ရွေးရခက်တယ်။ စောညွှန့်ဝင်းနဲ့အတူ ဒူးပလာယာခရိုင်၊ ကေ၀ိုင်အိုက ကရင်လူငယ်တဦး ဆန်ကာ တင် ကျန်ခဲ့တယ်။ ဒါပေမဲ့ စောညွန့်ဝင်းကို ဒီဆုအတွက် ရွေးချယ်ရတဲ့ ထူးခြားချက်က သူ့ကို ကရင်သတင်းဌာန (ကေအိုင်စီ) တခုတည်းအပြင် ကေအဲန်ယူ ဖာပွန်ခရိုင်က ခေါင်းဆောင်တွေကလည်း သူ့ကို အဆိုတင်သွင်းခဲ့တယ်။ နောက်ပြီး သူ့ရဲ့လုပ် ရည်ကိုင်ရည်က တကယ်အနစ်နာခံတဲ့အပြင် လုပ်ငန်းကို ဘယ်လိုတိုးတက်အောင် တီထွင်ကြံဆမယ်ဆိုတဲ့ Creation အပိုင်း မှာလည်း အားကောင်းတယ်လေ”ဟု ဖန်းဖောင်ဒေးရှင်း ဆုရွေးချယ်သူများထဲက စောစေးစေးဖန်းက ရှင်းပြပါတယ်။

ဖန်းဖောင်ဒေးရှင်းကို ၂၀၀၈ခုနှစ်က ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့မှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ကရင်အမျိုးသားအစည်း အရုံး (ကေအဲန်ယူ) အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ပဒိုမန်းရှာလားဖန်းနဲ့ ဇနီး နမ့်ကျင်ရွှေတို့ရဲ့ သားသမီးတွေက မိဘ နှစ်ပါးကို ရည်စူးပြီး တည်ထောင်ထားခဲ့တာဖြစ်ပါတယ်။
ပဒိုမန်းရှာရဲ့ သမီးငယ်လည်းဖြစ်၊ (Little Daughter) စာအုပ်ကို ရေးသားသူလည်းဖြစ်၊ Burma Campaign UK ရဲ့ နိုင်ငံတ ကာ စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံလည်းဖြစ်၊ ဖန်းဖောင်ဒေးရဲ့ ဒါရိုက်တာဖြစ်သူ နမ့်ဇိုယာဖန်းက “ကျမအဖေဟာ သက်ရှိထင် ရှားစဉ်က လူငယ်တွေရဲ့ တိုးတက်မှုကို အမြဲတမ်း အားပေးခဲ့တယ်။ သူမရှိတော့ပေမဲ့ ကျမတို့မောင်နှမတွေက သူ့ဆန္ဒကို ဆက်လက်ဖြည့်ဆည်းပေးသွားတဲ့အနေနဲ့ လူငယ်တွေကို encourage လုပ်ပေးတာဖြစ်တယ်”လို့ ပြောဆိုခဲ့တယ်။

စောစေးစေးဖန်းက “ကျနော်တို့ ကရင်လူငယ်ထဲမှာ လူထုအကျိုးပြုလုပ်ငန်း ဆောင်ရွက်နေသူတွေ အများကြီးရှိနေတဲ့ အနေ အထားအပေါ်မှာ လာမဲ့နှစ်ဆုအတွက်ကိုလည်း ခရိုင်တွေ၊ မြို့နယ်တွေကနေ မမေ့မလျော့ဘဲ အချိန်မှီ အဆိုတင်သွင်းလာစေ ချင်ပါတယ်”လို့ ၂၀၁၀ ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုအတွက် ကြိုတင်ဖိတ်ခေါ်ထားလိုက်ပါတယ်။

ဧရာဝတီတိုင်း၊ မြစ်ဝကျွန်းပေါ်ဒေသက ပန်းတနော်မြို့နယ် ဇာတိသားတွေဖြစ်တဲ့ အနောက်ပိုးကရင် အနွယ်ဖွား ပဒိုမန်းရှာတို့ ဇနီးမောင်နှံဟာ ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေးအစွန်းမရောက်ကြသူများပီပီ ကရင့်တော်လှန်ရေးတာဝန်ကို မောင်တထမ်း၊ မယ်တရွက် ဆောင်ရွက်ခဲ့ကြသလို သူတို့ ရှင်သန်ခဲ့တဲ့ သက်တမ်းတလျှောက်မှာ လူငယ်ဘ၀ကတည်းက မိဘ၊ မြို့ရွာကို စွန့် ခွာပြီး လူထုအကျိုး၊ တော်လှန်ရေးအကျိုးကို သယ်ပိုးခဲ့ကြပါတယ်။

မကြာခင် ရောက်ရှိလာတော့မယ့် ဖေဖော်ဝါရီလ ၁၄ရက်နေ့ဆိုရင် ပဒိုမန်းရှာ ကျဆုံးသွားခဲ့တာ (၂)နှစ်ပြည့်မြောက်ပါပြီ။ ဧရာဝ တီတိုင်း ပန်းတနော်မြို့နယ်၊ တောကျောင်းရွာမှာ အမိ ဂါ့နမ့်တင်၊ အဖ မန်းဘသော်တို့က မွေးဖွားခဲ့ပြီး မွေးချင်းမောင်နှမ နှစ်ဦး အနက် ဒုတိယမြောက်သားဖြစ်သူ ပဒိုမန်းရှာဟာ ရဲရင့်ပြတ်သားပြီး ကရင်အမျိုးသားအပေါ် သစ္စာရှိရှိ ရပ်တည်လာခဲ့သူပါ။ အခုတော့ သူရဲ့ ၀ိညာဉ်နှစ်ခုအဖြစ် ၂၀၀၈ခုနှစ်မှာ နော်ဖောကဘလာထူးနဲ့ ၂၀၀၉ခုနှစ်မှာ စောညွှန့်ဝင်းတို့ကို ဖန်းဖောင်ဒေး ရှင်းက မွေးဖွားသန့်စင်ပေးနိုင်ခဲ့ပြီလေ။

ဒါတင်မက ပဒိုမန်းရှာလို ကရင့်တော်လှန်ရေးထိပ်တန်းခေါင်းဆောင်တဦးကို တော်လှန်ရေးအရ၊ နိုင်ငံရေးအရနဲ့ အိမ်ထောင် ဖက်အရပါ ဘ၀တလျှောက်လုံး ဖေးမကူညီပြီး ပါရမီဖြည့်ဆည်းလာခဲ့တဲ့ ကရင့်တော်လှန်ရေးရဲမေ နမ့်ကျင်ရွှေဟာလည်း ၂၀၀၄ ခုနှစ်၊ ဇူလိုင်လ (၃၀)ရက်နေ့မှာ ခင်ပွန်းသည်ထက် အရင် ကွယ်လွန်သွားခဲ့ပါပြီ။

ဒါပေမဲ့ သူတို့တွေရဲ့ ၀ိညာဉ်၊ သူတို့တွေရဲ့ ဆန္ဒ၊ သူတို့တွေရဲ့ မျှော်လင့်ချက်ပန်းတိုင်တွေကတော့ ဘယ်တော့မှ မညိုးနွမ်း သေးဘဲ မျက်မှောက်ကာလမှာ ကရင်လူထုအကျိုးကို ကိုယ်ကျိုးစွန့်အနစ်နာခံ ဆောင်ရွက်နေတဲ့ ကရင်လူငယ်မောင်မယ်တွေ နဲ့အတူ လန်းဆန်းရှင်သန်သွားနေမှာကို နေရာဒေသ အသီးသီးက ကရင်အမျိုးသားထုတရပ်လုံး ကြား၊ မြင်၊ လက်ခံနေကြလိမ့် မယ်လို့ ကျေနပ်မှုအပြည့်နဲ့ ကျမ အသေအချာ ယုံကြည်နေမိပါတော့တယ်။
Monday, February 8, 2010

ဆစ်ဒနီတွင် ကရင့်နေ့ထူး(၃)ခု စုပေါင်းကျင်းပခဲ့

ဖေဖော်ဝါရီလ ၇ရက်။ စောကျော်ခွီး (ကေအိုင်စီ)
ကရင်နေ့ထူးနေ့မြတ် သုံးခုကို အထိမ်းအမှတ် အခမ်းအနားအဖြစ် သြစတြေးလျားရောက် ကရင်တိုင်းရင်းသားများက ဆစ်ဒနီမြို့ Villawood, Senior Citizen’s Hall ၌ ယမန်နေ့ ညနေတွင် ကျင်းပပြုလုပ်ခဲ့ရာ လူပရိဿတ်ပေါင်း ၂၅၀ကျော် တက် ရောက်ခဲ့ကြသည်။



ဇန်န၀ါရီ ၃၁ရက်တွင် ကျရောက်ခဲ့သည့် ၆၁ကြိမ်မြောက် ကရင်အမျိုးသားတော်လှန်ရေးနေ့၊ ဖေဖော်ဝါရီ ၅ရက်တွင် ကျရောက် သည့် ၆၃ကြိမ်မြောက် ကရင်အမျိုးသားအစည်းအရုံးနေ့နှင့် ဖေဖော်ဝါရီ ၁၁ရက်နေ့တွင် ကျရောက်သည့် ကရင်အမျိုးသားနေ့ များအတွက် ရည်ရွယ်၍ အများစု ရုံးပိတ်ရက်ဖြစ်သည့် ယမန်နေ့က ညနေ ၃နာရီမှ ည ၇နာရီအထိ စုပေါင်းကျင်းပခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ နေ့ထူးသုံးမျိုး အခမ်းအနားသို့ သြစတြေးလျားရောက် ကရင်လူမျိုးများအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ် မြောက်နယ်မြေ) ကိုယ်စားလှယ်များ၊ ဘားမားကမ်ပိန်းဆစ်ဒနီ ကိုယ်စားလှယ်များ၊ ၈၈ ကျောင်းသားအဖွဲ့၊ မြန်မာနိုင်ငံလုံးဆိုင် ရာကျောင်းသားများဒီမိုကရက်တစ် တပ်ဦး(သြစတြေးလျ)၊ ဗမာလူမျိုးစုလူမှုရေးအဖွဲ့(ဆစ်ဒနီ)၊ မြန်မာလူငယ်များအဖွဲ့ချုပ်(သြ စတြေးလျား)၊ မြန်မာလူမျိုးစု မြန်မာအသံတို့ တက်ရောက်ခဲ့ကြသည်ဟုသိရသည်။

ထိုအခမ်းအနားတွင် ကရင်လူမျိုးတို့၏ အမျိုးသားရေး၊ ကရင့်နိုင်ငံရေး မြစ်ဖျားခံလာချိန်မှစ၍ KNU နေ့ ဖြစ်ပေါ်လာပုံနှင့် ကရင့်သမိုင်းကြောင်း အကျဉ်းကို သြစတြေးလျားနိုင်ငံရောက် KNU ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် စောဝင်းမင်းက တက် ရောက်လာကြသော လူထုပရိတ်သတ်ကို ယခုလို ပြောကြားခဲ့သည်။

“အခု မြန်မာနိုင်ငံလို့ခေါ်တဲ့ နိုင်ငံထဲကို ဘီစီ (၇၃၉)ကတည်းက ကရင်တွေ အစောဆုံး ဝင်ရောက်လာကြတယ်။ ခေတ်အ ဆက်ဆက်မှာ သူတပါး အနိုင်ကျင့်တာကို အမြဲခံခဲ့ရတယ်။ အုပ်စိုးသူတွေဟာ ကရင်လူမျိုးတွေ ထူးချွန်ထက်မြက်သွားမှာ စိုး တဲ့အတွက် နိုင်ငံရေး၊ လူမှုရေး၊ ပညာရေးနဲ့ စီးပွားရေး စတဲ့ ဖိနှိပ်တာကို ခံခဲ့ကြရတယ်။ ဒါကြောင့်မို့ ကရင်တွေ နိုင်ငံရေးအ မြင်ရှိဖို့ ကြိုးစားသင့်တယ်။ နောက်ပြီးတော့ နယ်စပ်ဒုက္ခသည်စခန်းတွေက ရောက်လာတဲ့ကရင်တွေကလည်း အားနည်းချက်၊ အားသာချက်တွေကို နင်ဘဲငါဆ လိုက်ပြောနေကြမဲ့အစား အမှားအယွင်းတွေကို စုပေါင်းပြင်ဆင်ကြဖို့လိုတယ်။ ကရင်တွေ စည်းလုံးညီညွတ်မှုရှိမှ ရန်သူကို ပြိုင်တူဖြိုခွင်းနိုင်မယ်”ဟု စောဝင်းမင်းက ပြောကြားခဲ့သည်။

KWO(သြစတြေးလျဌာနခွဲ)ဥက္ကဌ နန်းမိုးမိုးက “ကျမတို့ ကရင်လူမျိုးတွေဟာ နည်းမျိုးစုံနဲ့ ဖိနှိပ်မှုအောက်က တွန်းလှန်တိုက်ပွဲ ဝင်ခဲ့ကြတယ်။ ခေါင်းဆောင်ကြီးတွေချမှတ်ခဲ့တဲ့ လမ်းစဉ်အတိုင်း တသွေမတိမ်း လျှောက်လှမ်းနေကြတယ်။ ယနေ့လူငယ် တွေဟာ စိတ်ဓါတ်မကျဘဲ ဒီတာဝန်တွေ ဆက်လက်ထမ်းဆောင်သွားရင် ပန်းတိုင်ကို တနေ့ ရောက်ရမှာ မလွဲပါဘူး”ဟု အား ပေးစကား ပြောဆိုခဲ့သည်။

“ဒီလိုကရင့် နေ့ထူးနေ့မြတ်သုံးခုကို စုစည်းကျင်းပတဲ့ပွဲကို ဆင်နွဲခွင့်ရလို့ အရမ်း ၀မ်းသာမိတယ်။ ရှေ့တန်းမှာ ကိုယ်ကျိုးစွန့် ပြီး ဒီနေ့ထိတိုင် ဆက်လက်တိုက်ပွဲဝင်နေတဲ့ ကရင်ရဲဘော် ညီအစ်ကိုတွေကလည်း ပြည်ပရောက်ကရင်တွေ ကိုယ့်လူမျိုးရဲ့ နေ့ထူးနေ့မြတ်တွေကို မမေ့ဘဲ ကျင်းပပေးတာသိရင် စိတ်ဓာတ်ခွန်အားတွေ နိုးကြားလာနိုင်မယ်လေ”ဟု ပွဲတက်ရောက်ခဲ့သူ စောဝီလျံက ဆိုသည်။

အခမ်းအနားတွင် ရန်ပုံငွေအဖြစ် အစားအစာများ ရောင်းချသည့်အပြင် ကရင်လူငယ်များက တော်လှန်ရေး၊ အမျိုးသားရေး သီချင်းများနှင့် ရိုးရာဒုံးအကများဖြင့် ဖျော်ဖြေခဲ့ကြပြီး ယခုလို ကရင်နေ့ထူးနေ့မြတ်ပွဲ ၂၀၀၅ခုနှစ်ကတည်းက ကျင်းပခဲ့ကြ သည်မှာ ယခုဆိုလျှင် ငါးကြိမ် မြောက်ဖြစ်သည်။
Friday, February 5, 2010

မဲာ်ထံကျဲ (မျက်ရည်လမ်း ) ကရင့်ဗီဒီယိုဇတ်ကား အပိုင်း(၂) မကြာမှီ ဖြန့်ချိမည်

မဲာ်ထံကျဲ (မျက်ရည်လမ်း) အမည်ရသည့် ကရင့်ဗီဒီယိုဇတ်ကားအပိုင်း ၂ မကြာမှီ ထွက်ရှိတော့မည် ဖြစ်သည်ဟု စီစဉ်ရိုက်ကူးသူများ ကပြောဆိုသည်။ ဇတ်လမ်းတွင် ပါဝင်သည့် ဇတ်ဝင်ခန်းအချို့ကို အောက်တွင် အမြည်းသဘောဖြင့် ကြည့်ရှူခံစားနိုင်ပြီး အဆိုပါဇတ်ကားနှင့် ပတ်သက်ပြီး အသေးစိတ်သိလိုပါက kwekabaung.au@gmail.com အီးမေးလ်ဖြင့် ဆက်သွယ်နိုင်ပါသည်။

ကရင်သတင်းဌာနကို ထိုင်းအာဏာပိုင်များ ၀င်ရောက်

ဖေဖော်ဝါရီလ ၄ရက်။ ကေအိုင်စီ

ယနေ့နံနက် ၆နာရီတွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ ကရင်သတင်းဌာန(ကေအိုင်စီ)ကို ထိုင်းစစ်တပ်နှင့် ရဲများက ၀င်ရောက်စစ် ဆေးမှု ပြုလုပ်ခဲ့သည်။

အင်အား ၂၀ဦးကျော်ရှိသည့်ရှိ အဆိုပါထိုင်းအာဏာပိုင်များသည် ကေအဲန်ယူမှ ပဒိုစောဒေးဗစ်သကဘော နေထိုင်ခဲ့သည့်အ ခန်းနှင့် ကေအိုင်စီရုံး နှစ်ခန်းကို တရားဝင် လာရောက်မေးမြန်းခွင့်စာရွက်နှင့် ရောက်ရှိလာခြင်းဖြစ်သည်ဟု သိရသည်။

အချိန် တစ်နာရီကြာ ၀င်ရောက်စစ်ဆေးရာတွင် ၎င်းတို့ယူဆောင်လာသည့် ၀င်ရောက်စစ်ဆေးပိုင်ခွင့်စာထဲ၌ မူးယစ်ဆေးဝါး နှင့် လက်နက်ပစ္စည်း သိုလှောင်ထားမှု ရှိမရှိကို လာရောက်စစ်ဆေးခြင်းဖြစ်သည်ဟု ရေးသားထားကြောင်း သိရသည်။

ယင်းသို့ရောက်ရှိလာသူများမှာ ပြောက်ကျားဝတ်စုံ ၀တ်ဆင်ထားသည့် ထိုင်းစစ်တပ်(ချောခေါ)နှင့် ယူနီဖောင်းဝတ်ထားသည့် ထိုင်းရဲများဖြစ်ပြီး သော့ခတ်ထားသည့် ကေအိုင်စီရုံးကို အတင်းဝင်ရောက်ကာ ရုံးအတွင်းရှိ ရုံးသုံးပစ္စည်းများနှင့် စာရွက်စာ တမ်း ထားသိုမှုများကို ဓာတ်ပုံရိုက်ယူသွားခဲ့သည်။

လွန်ခဲ့သည့် နှစ်ရက်က ထိုနေရာကို ထိုင်းစစ်တပ်မှ တပ်ကားဖြင့် လာရောက်ကာ ရုံးခန်းအပြင်ဖက်မှာ ဓာတ်ပုံရိုက်ယူသွားခဲ့ပြီး နောက်ဆက်တွဲအဖြစ် ယခုလို ၀င်ရောက်စစ်ဆေးလာခြင်းဖြစ်သည်။

ထိုနေရာရှိ ပဒိုဒေးဗစ်သကဘော နေထိုင်ခဲ့သည့်အခန်းကို ထိုင်းရဲနှင့် စစ်တပ်များက ၂၀၀၈ခုနှစ်၊ ပဒိုမန်းရှာလားဖန်း လုပ်ကြံခံ ရပြီးနောက်ပိုင်းတွင် တကြိမ်၊ ၂၀၀၉ခုနှစ် အောက်တိုဘာလ ၂၇ရက်နေ့က ရှောင်တခင် ၀င်ရောက်စစ်ဆေးခဲ့ဘူးသော်လည်း ကေအိုင်စီရုံးကို ယခုလို ၀င်ရောက်စစ်ဆေးမှုမှာ ပထမဆုံးအကြိမ် ဖြစ်သည်။
Monday, February 1, 2010

ပဒိုမန်းရှာလူငယ် ခေါင်းဆောင်ဆု ကရင်ကျန်းမာရေး လုပ်သား စောညွန့်ဝင်း ဆွတ်ခူးရရှိ

ဖန်းဖောင်ဒေးရှင်း တည်ထောင်ခဲ့သူ ဒါရိုက်တာ နမ့်ဇိုယာဖန်းက “ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆုကို ဖန်းဖောင်ဒေးရှင်းကနေ စောညွန့်ဝင်းကို ပေးအပ်ချီးမြှင့်လိုက်ပါတယ်။ ဒီဆုအတွက် အဆိုတင်သွင်းလာသူတွေ အများကြီးထဲက သူရရှိသွားခဲ့တာပါ”ဟု ကြေညာချက်တွင် ထည့်သွင်း ပြောဆိုခဲ့သည်။

အသက် ၃၂နှစ်အရွယ်ရှိ စောညွန့်ဝင်းသည် ဖာပွန်ခရိုင်အတွင်းရှိ ကေအဲန်ယူ ထိန်းချုပ်နယ်မြေဖြစ်သည့် တာအို့ဒဲကျေးရွာတွင် ဆေးခန်းတာဝန်ခံအဖြစ် တာဝန်ယူထားသူဖြစ်ပြီး အသက် ၁၂နှစ်အရွယ် ကတည်းက လူမှုအသိုင်းအ၀ိုင်းတွင် ပါဝင်လုပ်ကိုင် လာခဲ့ရာ ယခု ဆုရရှိချိန်တွင် သူသည် တာဝန်အရ ခရီးလွန်နေသည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။



ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုကို ဆုကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၂,၀၀၀ ပေးအပ်ခြင်းဖြစ်ရာ ၎င်းမှာ စောညွန့်ဝင်း အတွက် လုပ်ငန်းဆိုင်ရာ လိုအပ်ချက်ကို များစွာ အထောက်အကူ ဖြစ်စေသည်ဟု ဖာပွန်ခရိုင်၊ ဆေးတာဝန်ခံ စောဝင်းကျော် က ကေအိုင်စီကို ယခုလို ပြောသည်။

“စောညွန့်ဝင်းဟာ သူ့မှာ လူထုအတွက် လုပ်ဆောင်ပေးချင်တဲ့ဆန္ဒတွေ အများကြီးပဲ။ ခနော်ခနဲ့ဖြစ်နေတဲ့ ၀ါးနဲ့ ဖြစ်သလို ဆောက်ထားတဲ့ သူ့ဆေးခန်းလေးကို သေချာခိုင်ခံ့အောင် ပြင်ဆင်ချင်တယ်။ ရွာထဲက သူ့လို စေတနာ့ဝန်ထမ်း ကျောင်းဆရာ၊ ဆရာမတွေကိုလည်း သူ ကူညီပေးချင်ပေမဲ့ မတတ်နိုင်ဘူးဖြစ်နေတယ်။ အခုတော့ ဒီဆုကိုရလို့ သူ အကောင်အထည်ဖော်ချင် တာလေးတွေ ပြည့်စုံသွားတာပေါ့။ သူ့အတွက် ကျနော်တို့လည်း ဂုဏ်ယူဝမ်းသာပါတယ်”ဟု ဆိုသည်။

အဆိုပါဆုကို ၂၀၀၈ခုနှစ်အတွက် ပေးအပ်ခဲ့ရာ ညောင်လေးပင်ခရိုင်တွင် တာဝန်ထမ်းဆောင်နေသူ နော်ဖောကဘလာထူးက ဆွတ်ခူးရရှိခဲ့ပြီး သူမကို ပြီးခဲ့သည့် နှစ်(၆၀)မြောက် ကရင့်အမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားတွင် ချီးမြှင့်ခဲ့သည်။

ဖန်းဖောင်ဒေးရှင်းကို ၂၀၀၈ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄)ရက်နေ့တွင် လုပ်ကြံသတ်ဖြတ်ခံရသည့် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) ပဒိုမန်းရှာလားဖန်း၏ သားသမီးများက တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ယခုပေးအပ်သည့်ဆုသည် ဒုတိယအကြိမ် မြောက် ဖြစ်သည်။

ဆစ်ဒနီ ကရင်လူငယ်များ နှီးနှောဖလှယ်ပွဲ ပြီးစီး

သြစတြေးလျားနိုင်ငံ၊ ဆစ်ဒနီမြို့တွင် ငါးကြိမ်မြောက် ကရင်လူငယ်နှီးနှောဖလှယ်ပွဲကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ရာကမ် ဘာရာ၊ မဲလ်ဘုမ်းနှင့် ဆစ်ဒနီမြို့များရှိ ကရင်လူကြီးလူငယ် ၁၂၀ကျော် တက်ရောက်ခဲ့ကြသည်။


ကရင်လူငယ်များ အမျိုးသားရေး၊ နိုင်ငံရေး နိုးကြားမှုရှိလာစေရန် ရည်ရွယ်၍ (၂)နှစ်တကြိမ် ကျင်းပပြုလုပ်လေ့သည့် အဆိုပါ လူငယ်နှီးနှောဖလှယ်ပွဲကို ဆစ်ဒနီမြို့၊ Carrma ရပ်ကွက်၊ STARTT ရုံး၌ မနက် ၈နာရီခွဲမှ ညနေ (၅)နာရီအထိ ကျင်းပခဲ့ကြခြင်း ဖြစ်သည်။


၎င်းအပြင် ကရင့်သမိုင်းဆိုင်ရာ အချက်အလက်များ၊ အမျိုးသားခေါင်းဆောင် စောဘဦးကြီး၏ တော်လှန်ရေး မူဝါဒလေးခုနှင့် ကရင်လူမျိုးတို့၏ နိုင်ငံရေးကြွေးကြော်သံ လေးရပ်ကို သြစတြေးလျားကရင်အစည်းအရုံး ဥက္ကဌ မန်းအော်လန်းဒိုမှ
တက် ရောက်လာသည့် ကရင်လူငယ်များအား ယခုလို ပြောကြားခဲ့သည်။

“ကမ္ဘာက လက်ခံထားတဲ့ နိုင်ငံတကာလူ့အခွင့်အရေးကြေညာစာတမ်းနဲ့ အမေရိကန် လွတ်လပ်ရေး ကြေညာစာတမ်းတွေကို အခြေခံထားတဲ့ ကရင့်တော်လှန်ရေးဟာ အမှန်တရားဖြစ်တယ်။ လူတိုင်းဟာ မွေးရာပါ အခွင့်အရေးများ တန်းတူရှိကြတယ်။
လူမျိုးရေး ခွဲခြားမှုတွေကြောင့် သက်သေပြတဲ့အနေနဲ့ ကရင်လူထုဟာ ကြွေးကြော်သံလေးရပ်နဲ့ ထုတ်ဖော်ဆန္ဒပြခဲ့ကြတယ်။ ကရင့်ခေါင်းဆောင် စောဘဦးကြီးဟာလည်းပဲ မူလေးချက်နဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် ကရင်တော် လှန်ရေးကို ဆက်ခဲ့တယ်။ ဒီတော့ ကရင့်တော်လှန်ရေးဟာ တရားတယ်”ဟု မန်းအော်လန်းဒိုက ပြောကြားသွားခဲ့သည်။

ထို့နောက် ကရင့်သမိုင်းနှင့် တိုင်းရင်းသား ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုင်ရာ အကြောင်းအရာများကို စောလွင်ဦးနှင့် ဒန်းနရယ်ဇူးတို့ မှလည်းကောင်း၊ ကရင်လူငယ်များ၏ အမျိုးသားတာဝန်များကို အယ်ဖန်းရှောင်နှင့် စောဆာမူလာတို့မှ မြေပုံဇယားနှင့်တကွ အမေးအဖြေပြုလုပ်ပြီး အပြန်အလှန် ဆွေးနွေးတင်ပြခဲ့ကြသည်။

“ကရင်တွေဟာ ခေတ်အဆက်ဆက် လက်တလုံးခြား လိမ်ညာခံခဲ့ရတဲ့ သင်ခန်းစာတွေ ရှိခဲ့တယ်။ နောင် အဲလိုမဖြစ်ရအောင် နိုင်ငံရေး၊ လူမျိုးရေးနဲ့ တော်လှန်ရေးသမိုင်းတွေ သိထားပြီး အခြေအနေမှန်ကို ဝေဖန်ပိုင်းခြားနိုင်ဖို့ အရေးကြီးတယ်။ အမျိုးကို ချစ်ရုံနဲ့ မပြီးဘူး”ဟု စောဒန်းနရယ်ဇူးက ရှင်းပြပြောဆိုသည်။

နှီးနှောဖလှယ်ပွဲ တက်ရောက်သူ ကရင်လူငယ် နော်မာနုဖောက “ကရင်လူငယ်တွေ ဒီလို စုံစုံညီညီ စိတ်ဝင်တစား ပါဝင်ကြတာ အားရကျေနပ်ဖို့ ကောင်းတယ်။ ကရင့်တော်လှန်ရေး ဘာကြောင့် ဖြစ်လာရတာလဲ။ ဘာကိုလိုချင်လို့ တိုက်ပွဲဝင်နေရတာလဲဆိုတာ
သေသေချာချာ သိလိုက်ရတဲ့အတွက် ဒီတရားမျှတတဲ့ ကရင့်တော်လှန်ရေးကို တတ်နိုင်တဲ့ ဘက်က ပံ့ပိုးကူညီအားဖြည့် သွားမယ်။ စဉ်ဆက်မပြတ် လူငယ်နှီးနှောဖလှယ်ပွဲကို နှစ်စဉ် ကျင်းပပေးနိုင်ရင် လူငယ်တွေကို ထိထိရောက်ရောက် ပျိုးထောင် ပေးနိုင်လိမ့်မယ်”ဟု ဆိုသည်။

သြစတြေးလျားနိုင်ငံရောက် ကရင်လူငယ်များ နှီးနှောဖလှယ်ပွဲကို (၂၀၀၁)ခုနှစ်မှ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။