မင်းချမ်း၊ ကောင်းဝါ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ ယမန်နေ့ညနေပိုင်းက ဗုံးပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ရာ ရှစ်နှစ်အရွယ်ခလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်နှင့်နီးစပ်သော အသိုင်းအဝိုင်းက ပြောကြားသည်။
ထိုပေါက်ကွဲမှုကြောင့် အခြားခလေးငယ်နှစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်ဟု ဆိုပါသည်။
“ဘိလိယက်ရုံရှေ့ရေတွင်းမှာ အဲဒီခလေးနှစ်ယောက်ရေချိုးနေရင်း ဗုံးကွဲခဲ့တာ၊ ဗုံးကိုဆော့ကစားတဲ့ ခလေးက ပွဲချင်းပြီးသေတယ်လို့ ရဲကပြောတာဘဲ” ဟုမြို့ခံတစ်ဦးမှ ဆိုပါသည်။
အဆိုပါဘိလိယက်ရုံမှာ သေဆုံးသူခလေး၏ဖခင် ရဲဝန်ထမ်းတစ်ဦးပိုင်ဆိုင်သည်ဟု သိရသည်။
အာဏာပိုင်သတင်းရပ်ကွက်အဆိုအရ ဗုံးအဟောင်းတစ်လုံးကို ခလေးကောက်ရပြီး ဆော့ကစားခဲ့သည်ဟု အဆိုပါရဲဝန်ထမ်းထွက်ဆိုခဲ့ကြောင်း သိရသည်။
သို့ရာတွင် ပေါက်ကွဲပြီးဗုံးမှာ အဟောင်းအသစ် မည်သူမှမသိနိုင်သလို ပေါ့ဆမှုတစ်ရပ်ဟု ကော့ကရိတ်မြို့ခံများ ယူဆနေကြသည်။
ဘိလက်ယက်ရုံပိုင်ရှင်ရဲဝန်ထမ်းအား သက်ဆိုင်ရာက ဆက်လက်စစ်ဆေးနေသည်ဟု သတင်းရရှိသည်။
ပြီးခဲ့သည့် ဖေဖေါ်ဝါရီလလည်တွင် ကော့ကရိတ်ဈေးအနီး၌ ဗုံးနှစ်ကြိမ်ပေါက်ကွဲခဲ့ရာ ဒဏ်ရာအသေအပျောက်ရှိခဲ့သော်လည်း မည်သူ့လက်ချက်ဟု အတိအကျ ထုတ်ဖေါ်မပြောဆိုနိုင်သေးပေ။
Sunday, March 28, 2010
Subscribe to:
Post Comments (Atom)