ဒီကေဘီအေ ဗဟိုခေါင်းဆောင်ကြီးများ(ရှေ့ဆုံး ၀ဲမှ ယာ ဗိုလ်ချုပ်ကျော်သန်း၊ ပဒိုသာထူးကျော်၊ ဗိုလ်ချုပ်ထွန်းလှိုင်)မင်းတို့ အထင်ကြီးလေးစားနေတဲ့ ဗမာစစ်ရာဇဝတ်ကောင်တွေဟာ ဘယ်အချိန်၊ ဘယ်အခါမှ ကတိတည်တဲ့ အတန်းအစားတွေ မဟုတ်ဖူးဆိုတာ မင်းတို့ သဘောပေါက်သင့်တယ်။ တို့ ကရင်တွေကို စည်းလုံးညီညွတ်မှု ပျက်ပြားအောင် သွေးထိုးလှုံ့ဆော်၊ ရာထူးဌာနတွေနဲ့မျှား၊ ငွေကြေးမက်လုံးတွေနဲ့မျှား၊ ဘာသာရေးနဲ့ခွဲထုတ်၊ စီးပွားရေး လုပ်ကွက်တွေနဲ့ဘမ်းပြပြီး ငါတို့ ကရင်တွေကို အယုံသွင်းပျက်စီးစေနေတာ ငါ့ညီအစ်ကို ဒီကေဘီအေနဲ့ ငြိမ်းချမ်းရေး အဖွဲ့တွေလည်း အသိပါ။ မသိရင် ထပ်ပြောပြမယ်။
တို့ကရင်တွေဟာ ရိုးသားကြတယ်၊ သစ္စာရှိကြတယ်။ လိမ္မာပါးနပ်မှု မရှိကြဘူး။ ဗမာ မဟာလူမျိုးကြီး စစ်အုပ်စုတွေကျတော့ ကောက်ကျစ်တယ်၊ စဉ်းလဲတယ်၊ နောက်ဆုံးပြောမယ် ရေခပ်ရင်တောင် အနည်မထဘူး။ အဲလို ဥာဏ်နီ၊ ဥာဏ်နက်နဲ့ လိမ္မာပါးနပ်လွန်းတဲ့အပြင် သူများဘာသာ မပြောနဲ့ မိမိယုံကြည်သက်ဝင်တဲ့ ဘာသာကိုတောင် ဖျက်ဆီးနေတဲ့သူတွေကို ဘယ်လိုနည်းနဲ့မှ မင်းတို့တွေ ဆည်းကပ် မှီတွယ်နေစရာ မလိုဘူး။ သူတို့တွေဟာ မိစ္ဆာဒိဌိတွေ ဖြစ်တဲ့အပြင် သူတို့အတွက် လိုအပ်လာရင် ဘယ်လူမျိုး၊ ဘယ်အရာ၊ ဘယ်ပုဂ္ဂိုလ်မဆို အစားထိုး ချကျွေး ရင်းပစ်မယ့် သွေးကြောင်၊ သွေးပျက်နေတဲ့ လားရာမကောင်းနိုင်တော့တဲ့သူတွေ ဖြစ်တယ်။ အဲဒီလိုလူမျိုးတွေရဲ့နောက်လိုက်လုပ်နေသရွေ့ တို့ကရင်တွေရဲ့ ဘဝတွေဟာ အင်မတန်မှ အဖတ်ဆည်မရ ဖြစ်နေလိမ့်မယ်။ ကရင်တွေရဲ့ အောက်ခြေလူတန်းစားဘဝတွေထဲ ပြန်ဆင်း ကြည့်ပါအုံး ရဲဘော်တို့။ ဗျာပါသောက အပူမီးတွေနဲ့ အနှစ်နှစ်အလလ မျှော်လင့်ချက်မဲ့၊ ခိုကိုးရာမဲ့၊ ကျန်းမာရေး၊ ပညာရေး အဖက်ဖက်က ချွတ်ခြုံကျနေရတဲ့ မင်းတို့လူမျိုးတွေ၊ ငါတို့လူမျိုးတွေရဲ့ဘဝတွေကို သေချာပြန်လည်ကြည့်လှည့်ပါအုံးကွာ။ ဗမာ နအဖတွေကို ကြောက်ရ၊ မင်းတို့ကိုပါ တဖန်အားကိုးဖော်မရဘဲ ပြန်ကြောက်နေရတဲ့ အိုးပစ်၊ အိမ်ပစ် ထွက်ပြေးနေရတဲ့ မင်းတို့ရဲ့ ကရင်အမျိုးအနွယ်တွေရဲ့ ထိတ်လန့်ငိုကြွေးနေတဲ့ မျက်နှာကို ပြန်လည် မြင်ယောင်စမ်းပါအုံးကွာ။ မင်းညီမတွေ၊ မင်းအစ်မတွေ မုဒိန်းကျင့်ခံနေရတာ မင်းပျော်နေလား ရဲဘော်။ မင်းရဲ့အဖေ၊ အမေ၊ ညီအစ်ကိုတွေ အသတ်ခံနေရတာ မင်းကြည့်ရက်လားရဲဘော်။ သူတို့တွေမှာ ထမင်းတစ်လုပ်စားဖို့အတွက်အခက်အခဲတွေ ကြုံနေရတဲ့အပြင် အဲဒီထမင်းလေးကို ဝေမျှစားရင်းနဲ့ဘဲ သူတို့ဘယ်တော့ အသတ်ခံရမလဲဆိုတာ စိုးရိမ်ထိတ်လန့် နေကြရတယ်။ သေဖို့ရက်တွေကို မဝရေစာ ထမင်းလေးစားရင်း အကြောက်တရားတွေနဲ့ စောင့်နေကြရတယ်။ အဲဒီလူတွေကလည်း မင်းတို့ချစ်တဲ့ မင်းတို့ကရင်မိသားစုတွေလေ။ ညီအစ်ကို အချင်းချင်း ရန်တိုက်ပေးပြီး သူခိုင်းတာကို ရွပ်ရွပ်ချွံချွံ တာဝန်ထမ်းဆောင်ပေးခဲ့လို့ မသထာရေစာ ပေးကမ်းချီးမြောက်လိုက်တာက အိမ်ကြီးရခိုင်တဲ့လား။ သူများမြှောက်လို့ ဂွေးတက်အောင်ထကနေတဲ့ အဲဒီ ကျောက်ရူးကလဲတမှောင့်။ အဲဒီမှာ မင်းတို့တွေ စံပျော်ခွင့်မရှိပါဘူး။ “ချစ်သူ”တို့ နလဘိန်းတုံး ဇနီးမောင်နှံနဲ့ဆွေမျိုးနီးစပ်သူတွေသာ သာသာယာခွင့် ရှိကြမယ့် နေရာဖြစ်တယ်။ နအဖစစ်အုပ်စုတွေကလည်း မလိုရင် မလိုသလို အချိန်မရွေး ဖျက်ဆီးပြစ်နိုင်တာကို “ချစ်သူ”တို့ သဘောပေါက်သင့်ပါတယ်။ နအဖစစ်အုပ်စုက သူ့အတွက် လုံခြုံမှု၊ အကာအကွယ်၊ ရပိုင်ခွင့်တွေ အပြည့်ပါတဲ့ မတရားသဖြင့်ရေးဆွဲထားတဲ့ (၂၀၀၈) အခြေခံဥပဒေနဲ့ သူတို့တွေ သီးသန့်ရွေးချယ်ထားတဲ့ လက်ညိုးထောင် ခေါင်းငြိမ့် အရိုးရင်းမျှော်ပါတီလေးတွေနဲ့ စုပေါင်းကျင်းပမယ့် အတုအယောင် (၂၀၁၀) ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြဖို့လိုအပ်တယ်။ ရွေးကောက်ပွဲကို ဆန့်ကျင်မှာစိုးလို့ မင်းတို့ကို နယ်ခြားလေး ခေတ္တစောင့်ခိုင်းထားတာပါ။ တကယ်တော့ မင်းတို့အတွက် ဘာမှ လုံခြုံမှု မရှိဘူးဆိုတာ နားလည်ရမယ်။
ညီအစ်ကိုရဲဘော်တို့……
ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ တန်းတူရေးတွေအတွက် တို့ကရင်တွေ တောင်းဆို တိုက်ပွဲဝင်လာတာ နှစ်(၆၀)တောင် ကျော်ခဲ့ပြီဘဲ။ အုပ်စိုးသူ မဟာဗမာလူမျိုးကြီးတွေကြောင့် မင်းတို့၊ ငါတို့တွေဟာ ဒီလက်နက်ကိုင် တော်လှန်ရေးလမ်းကို မရွေးချင်ဘဲ ရွေးလိုက်ကြရတယ်။ တို့ ကရင့်အမျိုးသားခေါင်းဆောင် စောဘဦးကြီးပြောခဲ့သလို ဒီလက်နက်ကိုင် တော်လှန်ရေးဟာ ပထမနဲ့ နောက်ဆုံးဖြစ်စေရမယ်။ ပန်းတိုင်မရောက်မချင်းတို့တွေဟာ မဆုတ်မနစ် ချီတက်နေရမယ်။ ကရင်ပြည်သူတွေကို မနှိပ်စက်ပါနဲ့၊ မူးယစ်ဆေးဝါးတွေ မလုပ်ပါနဲ့၊ နအဖခိုင်းတာတွေကို မလုပ်ဘဲ မင်းတို့ စွန့်ခွာခဲ့တဲ့ မိခင် ကရင်ရင်ခွင်ထဲ ပြန်လာခဲ့ပါလား။ တို့မှာ မိသားစုစိတ်ဓာတ်တွေရှိတယ်၊ အမျိုးချစ်တဲ့စိတ်တွေရှိတယ်။ အဲဒီစိတ်ဓာတ်တွေက မင်းတို့တွေအတွက် လုံခြုံမှုတွေတွေ၊ အေးမြမှုတွေပေးနိုင်ပါတယ်။ တို့ရဲ့ အမျိုးသားရေး တာဝန်၊ သမိုင်းပေး တာဝန်တွေအတွက် တို့တွေ အတူတကွ ပြန်လည် လက်တွဲပြီး လုပ်ကြရအောင်လို့ လက်ကမ်း ဖိတ်ခေါ်ပါရစေ။ ညီညွတ်ရေးအတွက် အမြဲတမ်း နွေးထွေးစွာနဲ့ ကြိုဆိုနေမယ်ဆိုတာ မျိုးချစ်တဲ့ နှလုံးသားထဲက ပြောနေပါရစေ။ မိမိကောင်းစားရေးထက် မိမိလူမျိုး မိမိရင်သွေး သားငယ်၊ သမီးငယ်တွေ လူတန်းစေ့ရေး၊ လူသားတိုင်းလို လူ့ဂုဏ်သိက္ခာတွေ ရရှိပိုင်ဆိုင် ထိန်းသိမ်းနိုင်ကြရေးတွေအတွက် မင်းတို့ငါတို့တွေ တာဝန်ရှိကြတယ်။ အနာဂတ်မဲ့နေတဲ့ ကရင့်ရင်သွေးများအရေး၊ ကရင်တွေ ပြတိုက်ထဲ တွန်းပို့မခံရရေး၊ မိမိလူမျိုးကို ချစ်တတ်နိုင်ကြစေရေး စဉ်းစားပေးကြဖို့ ပြောကြားလိုက်ပါရစေ။ တချိန်တခါက ညီအစ်ကိုအချင်းချင်း မှားယွင်းဖြစ်ပျက်ခဲ့တာတွေ၊ ရန်ငြိုးအာဃာတတွေကို သင်ပုန်းခြေ ပြင်ဆင်ကြပြီး တဦးနဲ့တဦး သံသယကင်းစွာ အမျိုးအတွက် အဓိပ္ပါယ်ရှိတဲ့ ပေးဆပ်ခြင်းမျိုးနဲ့ ဆထက်တံဘိုး ပေးဆပ်ထမ်းရွက်ကြပါစို့။
စောကျော်ခွီး
ဧပြီ ၄၊ ၂၀၁၀