လာမည့် ဧပြီ (၂၄) တွင် တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) အဖွဲ့သည် နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းမည်ကို တရားဝင် အသိပေးကြေညာတော့မည် ဖြစ်သောကြောင့် တပ်ဖွဲ့ဝင်များအတွင်း လက်ခံသူနှင့် လက်မခံသူတို့အကြား သွေးထွက်သံယိုမှုများ ဖြစ်ပွားနိုင်သည်ဟု အဖွဲ့ခေါင်းဆောင်တဦးက ပြောသည်။
အဆိုပါ ဒီကေဘီအေခေါင်းဆောင်က “အသွင်ပြောင်းရင်တော့ ပြဿနာက တက်ပြီ။ ကျနော်တို့မှာ လက်နက်လူသူအင်အား တပ်ဖွဲ့ဝင်(၅) ထောင် အနည်းဆုံးရှိတယ်။ နယ်ခြားစောင့်တပ်ကို တပ်ရင်း (၃) ရင်းအတွက် အများဆုံး တပ်ဖွဲ့ဝင်အင်အား (၁) ထောင်လောက်ပဲယူမယ်၊ ကျန်တဲ့လူတွေရဲ့လက်နက်တွေကို အစိုးရဆီ အကုန်အပ်ရမယ်ဆိုတော့ ဒီအပေါ်မှာ မကျေနပ်တဲ့ လူတွေက တပ်ရင်းတပ်ဖွဲ့နဲ့ကို ရှိတယ်ဆိုတော့ အနေအထားက အချိန်မရွေး ပေါက်ကွဲဖို့ရှိတယ်” ဟု ပြောသည်။
နအဖက ယခုအနေအထားသို့ ရောက်ရှိလာရန် ဒီကေဘီအေ ခေါင်းဆောင်ပိုင်း အများစုကို စီးပွားရေးမက်လုံးများဖြင့် သိမ်းသွင်းထားပြီး ဖြစ်သည့်အတွက် နအဖ အလိုကျ လက်ခံခြင်းမှလွဲ၍ အခြားနည်းလမ်းများ မရှိတော့ဟုလည်း ၎င်းက ပြောသည်။
“ခေါင်းဆောင်အများစုက ဘားအံ၊ မော်လမြိုင်၊ ရန်ကုန် လိုနေရာတွေမှာ တိုက်နဲ့ကားနဲ့ ပြီးတော့ စီးပွားရေးလုပ်ငန်းတွေနဲ့ ဆိုတော့ ဘယ်သူမှ ကိုယ်ကျိုးစွန့်ကြတော့မှာ မဟုတ်ဘူး။ အခုပြဿနာက အောက်လက်ငယ်သားတွေ ဒုက္ခရောက်ပြီး ဘ၀ပျက်ရမယ့် အနေအထားဖြစ်သွားပြီဆိုတော့ ဒီပွဲက အတော်ကြမ်းမယ့် သဘောရှိတယ်” ဟုလည်း ဒီကေဘီအေ ခေါင်းဆောင်က ဆက်ပြောသည်။
နယ်ခြားစောင့်တပ်အဖြစ် လက်မခံလိုသူများထဲတွင် အဆင့်မြင့်ခေါင်းဆောင်များနှင့် လူငယ်တပ်မှူးအများစု ပါဝင်ပြီး လက်နက်အပ်၍ အညံ့ခံရမည့်အစီအစဉ်ကို လက်မခံဘဲ တောပြန်ခိုမည့် တပ်ဖွဲ့ဝင်များလည်း ရှိသည်။
တပ်ဖွဲ့ဝင်တဦးက “တောထဲကနေ မြို့ပေါ်ပြန်ရောက်တာ (၁၅) နှစ်ရှိပြီ။ အမျိုးသားရေးအတွက် ဘာမှမလုပ်နိုင်ခဲ့ဘူး။ နောက်ဆုံးတော့ ပါလာတဲ့လက်နက်တောင် သူတို့ကိုပေးပြီး ကိုယ်က ကျွန်ဖြစ်ရမယ့်ဘ၀တော့ လက်မခံနိုင်ဘူး။ လာရာလမ်း ပြန်သင့်ရင် ပြန်ရမှာပဲ။ ဒီကေဘီအေမှာ လူတိုင်း အချောင်သမားမဟုတ်ဘူး” ဟု ပြောသည်။
လက်ရှိ အခြေအနေနှင့်ပတ်သက်၍ ဒီကေဘီအေဌာနချုပ်သို့ တယ်လီဖုန်းဖြင့် ခေတ်ပြိုင်မှ ဆက်သွယ်မေးမြန်းရာ ဖုန်းပိတ်ထားသဖြင့် ဆက်သွယ်၍မရရှိခဲ့ပေ။
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ထိုင်းနယ်စပ်အနီးတွင် ရှေ့တန်းရောက်ရှိနေသည် ဒီကေဘီအေ (၉၉၉) တပ်မဟာမှ အရာရှိတဦးက “ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ဆီကို ဘာညွှန်ကြားချက်မှ မလာသေးဘူး” ဟု ပြောသည်။
နအဖနှင့် အပစ်ရပ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို နအဖအစီအမံဖြင့် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းမည့်ကိစ္စကို (ဒီကေဘီအေ) အဖွဲ့သည် ပထမဦးဆုံး လက်ခံခဲ့သည့်အဖွဲ့ဖြစ်သည်။
ကျန်အဖွဲ့များမှာ ယခုလ (၂၈) ရက် နောက်ဆုံးထား၍ အသွင်ပြောင်းပေးရမည်ဟု နအဖက အမိန့်ပေးထားပြီး လိုက်နာခြင်း မရှိသည့်အဖွဲ့များသည် မတရားအသင်းအဖြစ် ကြေညာခံရပြီး စစ်ရေးအရ အရေးယူခံရနိုင်သည်ဟု ယူဆနေကြသည်။
နအဖပြောင်းလဲဖွဲ့စည်းပေးမည့် နယ်ခြားစောင့်တပ်တွင် တပ်ရင်းတရင်း၌ တပ်ဖွဲ့ဝင်အင်အား (၃၂၆) ဦးဖြစ်ပြီး ၎င်းတပ်ဖွဲ့ဝင်များထဲမှ (၃၀) ဦးမှာ နအဖစစ်တပ်မှ အရာရှိအရာခံအကြပ်များ ပါဝင်မည်ဖြစ်သည်။
ယနေ့အထိ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန်ကိစ္စကို လက်မခံသည့်အပစ်ရပ်အဖွဲ့များမှာ မွန်၊ ၀၊ ကချင်၊ ကယန်း၊ ရှမ်းနှင့် မိုင်းလားအထူးဒေသ (၄) စသည့်အဖွဲ့များဖြစ်ပြီး အဆိုပါအဖွဲ့များကို နအဖက စစ်ရေးအရ တိုက်ခိုက်ခဲ့ပါက မြန်မာနိုင်ငံတွင် ကြီးမားသည့် ပြည်တွင်းစစ်ကြီးနှင့် ရင်ဆိုင်ကြုံတွေ့ရနိုင်သည်ဟု တိုင်းရင်းသားလက်နက်ကိုင် (၈) ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (မဒတ) အဖွဲ့၏ အထွေထွေအတွင်းရေးမှူး မိုင်းဘုန်းကျော်က ခေတ်ပြိုင်သို့ ပြောကြားသည်။
Friday, April 23, 2010
နယ်ခြားစောင့်တပ်ကိစ္စကြောင့် ဒီကေဘီအေအတွင်း ပေါက်ကွဲမှု ဖြစ်ပေါ်နိုင်
Posted by
အဲခေါင်သောင့်
at
5:35 AM
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
1 comments:
-
မန်းကိုကို
said... at
April 23, 2010 at 6:09 AM
-
သတင်းကောင်းတော့ မဟုတ်ပါ။ အချင်းချင်း သတ်ဖြတ်ဖို့ထက် ရှေ့ဆက်ဘာလုပ်လို့ ရမလဲဆိုတာ အာရုံရှိသင့်ပါတယ်။ တစ်ခုခုဆုံးဖြတ်ပြီးရင် ထိရောက်တဲ့လုပ်ဆောင်မှုတွေ လုပ်ဖို့အတွက် ကြိုတင်ပြင်ဆင်သင့်ပါတယ်။ တွေးစရာရှိတာတွေက ဥပမာ - ကိုယ်ပိုင်ရပ်တည်နိုင်မလား၊ ခွဲထွက်ရမလား၊ အပေးအယူလုပ်ညှိနှိုင်းရမလား၊ KNU နဲ့ ပြန်ပေါင်းရမလား၊ ပြန်ပေါင်းရင် ဘယ်လိုကြိုတင်ပြင်ဆင်သင့်သလဲ၊ ရသလောက် ဘာတွေယူသွားရမလဲ စသည်ဖြင့်ပေါ့။ KNU ဘက်ကလည်း အဆင်သင့်ရှိနေဖို့ လိုပါတယ်။ သိပ်သိ သိပ်တတ်လို့ မဟုတ်ပေမယ့် ကောင်းစေချင်တဲ့ စေတနာနဲ့ ကျားကွက်ကလေးတွေကို ကိုယ်တိုင်ကစားနေသူတွေ မျက်စိရှမ်းသွားမှာ စိုးလို့ပါ။
Subscribe to:
Post Comments (Atom)
