Monday, May 31, 2010

ကရင်နီတော်လှန်ရေး ခေါင်းဆောင်ကြီး ယနေ့မနက် ကွယ်လွန်အနိစ္စရောက်

ကရင်နီတော်လှန်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ် မန်းအောင်သန်းလေးသည် ယနေ့ မနက် ထိုင်းစံတော်ချိန် ၅း၃၀ ခွဲ အချိန်တွင် လူကြီးရောဂါဖြင့် မဲ့ဟောင်ဆောင် ဆေးရုံတွင် ကွယ်လွန်အနိစ္စရောက်သွားကြောင်း သားဖြစ်သူ စော်ခဲရိုက ပြောပါသည်။

ဗိုလ်ချုပ်သည် “အဆုတ်က သိပ်အားမရှိဘူးလေ ပြောရမယ်ဆိုရင် လူအိုရောဂါ ပေါ့နော် အားမရှိတာနဲ့ မစားတာနဲ့ အဲလိုမျိုး ဆုံးတယ်” ဟု ဗိုလ်ချုပ်၏ ဒုတိယမြောက်သားဖြစ်သူ စော်ခဲရိုက ပြောပါသည်။

ဗိုလ်ချုပ် မန်းအောင်သန်းလေးသည် ၁၉၉၂ မှ ၉၆ အထိ ပထမအကြိမ် နှင့် ၂၀၀၁ မှ ၂၀၀၅ ထိ ဒုတိယ အကြိမ်ဖြစ် နှစ်ကြိမ်ဆက်တိုက် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ကေအဲန်ပီပီ၏ ဥက္ကဌ အဖြစ်တာဝန် ထမ်းဆောင်ခဲ့ပါသည်။

ဗိုလ်ချုပ်သည် ခုခံတော်လှန်ရေး တလျှောက်တွင် မဟာမိတ် ခေါင်းဆောင် မြောက်များစွာနှင့် လက်တွဲလုပ်ခဲ့ ဖူးသလို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဒီမိုကရေစီအင်အားစု ခေါင်းဆောင်များနှင့်လည်း လက်တွဲခဲ့ဖူးသည်။

“ကျနော်တို့ ဒီလို ရင့်ကျက်တဲ့ ခေါင်းဆောင်တယောက် နောက် အစဉ်အလာ ရှိတဲ့ခေါင်းဆောင်တယောက် နောက်ပြီးတော့ တော်လှန်ရေး စတင်တဲ့ အချိန်ကတည်းက ပါလာတဲ့ အတွေ့အကြုံ ရင့်ကျက်တဲ့ ခေါင်းဆောင် တယောက် အနေနဲ့ နောက်ပြီးတော့ ကျနော်တို့ ကရင်နီ သမိုင်းကြောင်း ပေါ်မှာ မားမားမတ်မတ် ရပ်တည်ပြီးတော့ တစိုက်မတ်မတ် တတ်နိုင်တဲ့ ဖက်ကနေ ဦးဆောင်ဦးရွက် ပြုလာတဲ့ ကျနော်တို့ ခေါင်းဆောင် တယောက် ဒီလိုဆုံးပါးသွားတဲ့ အပေါ်မှာတော့ ကျနော်တို့ ကရင်နီအမျိုးသား ခုခံတော်လှန်ရေး တခုတည်းတင် မဟုတ်ဘူး ကရင်နီအမျိုးသား တရပ်လုံး အနေနဲ့တော့ ကြေကွဲ ၀မ်းနည်းးစရာ ဖြစ်သလိုပဲ ကျနော်တို့အတွက် ဆုံးရှုံးမှု တရပ်လည်းဖြစ်တယ်” ကေအဲန်ပီပီမှ အတွင်းရေးမှူး ၁ ခူဦးရယ်က ပြောပါသည်။

ဗိုလ်ချုပ်သည် ကရင်နီအမျိုးသား ခုခံတော်လှန်ရေး စတင်ခဲ့သည့် ၁၉၄၈ ခုနှစ်၊ သြဂုတ်လ (၈) ရက်နေ့မှစ၍ ယနေ့ မေလ ၃၁ရက်နေ့ မိမိ ကွယ်လွန်သည့်နေ့အထိ ကရင်နီပြည် တိုင်းပြည်နှင့်လူမျိုးအတွက် ကျရာတာဝန်မှ စွမ်းစွမ်းတမန် ထန်းဆောင်ခဲ့သော “တော်လှန်ရေး ခေါင်းဆောင်ကြီး”ဟု ကေအဲန်ပီပီမှ အသိမှတ်ပြုခဲ့သည်။

ဗိုလ်ချုပ် မန်းအောင်သန်းလေး ကွယ်လွန်ချိန်တွင် အသက် ၈၁ နှစ် ဖြစ်ပြီး ဗိုလ်ချုပ်၏ ရုပ်ကလပ်ကို မိသားစုများနေထိုင်ရာ ထိုင်း-မြန်မာနယ်စပ် တနေရာတွင်မြုပ်နှံသဂြိုင်္လ်မည် ဟုသိရသည်။
သတင်းနှင့် ဓါတ်ပုံ-KTသတင်းဌာန
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment