မဗေဒါရဲ့ဆောင်းပါးကိုဖတ်ရပြီးတော့ တိုင်းရင်းသားတွေကြားမှာ အထူးသဖြင့်မဗေဒါပြောတဲ့ ကရင်တွေကြားမှာ
စိတ်အနှောင့်အယှက်ဖြစ်ရတာကို စာနာမိပေမဲ့ တိုင်းရင်းသားတွေဘာကြောင့် ဗမာကို ခွဲခြားဆက်ဆံရတဲ့ အရင်းအမြစ်သမိုင်းကြောင်းကိုတော့ နည်းနည်းလေးမှဖေါ်ပြမသွားပဲ လိုရာဆွဲသွင်းပြီး ရေးသွားတာကို ၀မ်း နည်းစွာ ဖတ်ခဲ့ရပါတယ်။
တိုင်းရင်းသားအခွင့်အရေးတွေကို ၀ါးမျိုထားတဲ့ စစ်အာဏာရှင် နအဖတွေက မဗေဒါလို ဗမာလူမျိုးဖြစ်ကြပြီး ကျွန်တော်တို့က မြန်မာဆိုတဲ့ စကားလုံးကိုသုံးလိုက်ရင် ကချင်၊ကရင်နီ၊ကရင်၊ချင်း၊မွန်၊ရခိုင် စတဲ့တိုင်းရင်းသားမျိုးနွယ်စုတွေပါဝင်နေတယ်လို့ ခံယူထားကြတဲ့အတွက် မဗေဒါပြောတဲ့ အကြွားထူတဲ့ ဗမာ ဆိုတာကိုပဲ သုံးနှုန်းရတာဖြစ်တယ်။
တိုင်းရင်းသားအနေနဲ့ တာဝန်ပိုကြီးတဲ့အတွက် ကရင်တစ်ယောက်အနေနဲ့ပဲ ပြောပါရစေမဗေဒါ…… မဗေဒါစွပ်စွဲသလို ဇာတ်နာအောင်ရေးတာတော့လုံးဝမဟုတ်ဘူး။ဒါအမှန်အကန်ပါ။ ၁၉၉၂ တုန်းက ကျုပ်ခွေးအထီးတစ်ကောင်၊ အမတစ်ကောင်မွေးထားတယ်။အိမ်ရှေ့ကိုန၀တစစ်သားတွေဖြတ်လျှောက်ချိန် ကျုပ်ခွေးနှစ်ကောင်က လိုက်ဟောင်တော့ အထီးတစ်ကောင်ကို ပစ်သတ်ပြီး ရွာထဲမှာချက်စားလိုက်ကြတယ်။ ကျန်တဲ့အမတစ်ကောင်က သူရှေ့မှာ မြင်ခဲ့ရတဲ့ သွေးသံရဲရဲနဲ့ သေနတ်သံကြောင့် နောက်ပိုင်း စစ်သားတွေကို အဝေးကနေ လှမ်းမြင်ရရင်တောင်တစ်ကိုယ်လုံးတုန်ပြီး ကျုပ်တို့ရှိတဲ့ဆီကို တိုးဝင်လာလာတော့တယ်။ ကြာလာတော့ လူကိုမမြင်ရပေမဲ့ ဗမာစကားပြောသံကြားရင်တောင် စစ်သားမှတ်ပြီး တကိုယ်လုံးတုန် ကြောက်စိတ်ဝင်ရော။ မဗေဒါပြောတဲ့ ကလေးကိုမပြောနဲ့၊ အဟိတ်တိရိစ္ဆာန်တောင် အဲလိုဖြစ်နေတာပါ။
ကိုယ့်လူမျိုးကိုချစ်တယ်ဆိုတာ တစ်ခြားလူမျိုးကိုမုန်းဖို့ မဟုတ်ပါဘူး။ ဗမာလူမျိုးကို ကျုပ်တို့မမုန်းပါဘူး။ ဒါပေမဲ့ လွယ်လွယ်မပြောခင် သမိုင်းကြောင်းကိုတော့ ပြန်ဆန်းစစ်သင့်ပါတယ်။ ဦးနုကိုယ်တိုင်မှတ်ချက်ချထားတာရှိပါတယ်။ မြစ်ဝကျွန်းပေါ်မှာ ဖြစ်ပွားခဲ့တဲ့ ခါတော်မှီ သခင်တစ်ချို့ရဲ့ လုပ်ရပ်ကြောင့် ကရင်တွေဟာ သခင်တိုင်းကို လူဆိုးလို့ထင်မြင်ကြတယ် ဆိုပြီးတော့ ။ အဲဒီစကားတစ်ခွန်းကိုကြည့်ခြင်းအားဖြင့် ကရင်ဗမာ လူမျိုးရေးအဓိကရုန်းဖြစ်ရတဲ့ အဓိကတရားခံဟာ ဘယ်သူတွေလည်းဆိုတာ မဗေဒါသိမှာပါ။
မဗေဒါ မတွေ့ဖူးတဲ့နေရာတွေမှာ နာမည်ကိုယ်စီရှိထားတဲ့ ကရင်တွေကို ကရင်ကြီး၊ကရင်လေးခေါ်ဆိုတာထက် ကရင်ငပွေးလို့ အခေါ်ခံရတာတွေကော သိပါရဲ့လား။ ကျုပ်တို့ကရင်တွေပဲ အမြင်ကျဉ်းမြောင်းသေးသိမ်တာ မဟုတ်ကြောင်း ဆိုလိုချင်တာပါ။
သမိုင်းကြောင်းအရရော လက်ရှိအခြေအနေပါ ကျုပ်တို့ကရင်တွေ ဘယ်လိုခံစားရသလဲ၊ ဘယ်လိုကြုံတွေ့ရင်ဆိုင်နေရသလဲ၊ ဘယ်လိုဖိနှိပ်မှုနဲ့ဖြတ်ကျော်လာခဲ့ရသလဲဆိုတာကို ဆန်းစစ်ပြီးမှ ရေးစေချင်တယ်မဗေဒါ။
စောဒါးဘို
Wednesday, July 7, 2010
Subscribe to:
Post Comments (Atom)