ဒီအဖြစ်အပျက်လေးကတော့ တကယ့် အဖြစ်အပျက်မှန်လေးတခုပါ။ လွန်ခဲ့တဲ့ ၄နှစ်က လုပ်ဖော်ကိုင်ဖက် သူငယ်ချင်း တယောက်က ပြောပြခဲ့တဲ့ အဖြစ်အပျက် မှန်လေးဖြစ်တဲ့အတွက် စာဖတ်သူများ ကိုလည်း မျှဝေတင်ပြ လိုက်တာ ဖြစ်ပါတယ်။ အဲဒီ သူငယ်ချင်း ကတော့ ကရင် ပြည်နယ်ကနေ ကရင် တော်လှန်ရေးထဲကို ၀င်ရောက်တဲ့ လူဖြစ်ပြီး ပြည်တွင်းမှာ နေကတည်းက သိကြခင်ကြတဲ့ မိတ်ဆွေလည်း ဖြစ်ပါတယ်။ နာမည်ကတော့ စောဖိုးထောင် (အမည်ရင်းမဟုတ်) ပဲ ဖြစ်ပါတယ်။အဲဒီအချိန်က သူဟာ ကေအဲန်ယူ ဗဟို ဌာနတခုရဲ့ ရုံးတခုမှာ တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။ အဲဒီနေ့ သူ့ရုံးကို သွားလည်တဲ့အချိန်မှာ ရုံးအလုပ် နည်းနည်းပါးတော့ ကျနော့်နဲ့ ရှေးဟောင်းနှောင်းဖြစ် အကြောင်းတွေ ပြောဖြစ်ခဲ့ကြတာပါ။ သူ့ရဲ့ ဘ၀တစေ့တစောင်းကို ပြောရင်းနဲ့ မေ့လို့မရနိုင်တဲ့ အဖြစ်အပျက်လေးကတော့ ခုထက်ထိပင် ကျနော့ရဲ့ စိတ်ထဲမှာ စွဲထင်ကျန်ရစ်စေပါတယ်။ သူဟာ မြန်မာပြည်မှာ တက္ကသိုလ် ဘွဲ့ရတဦးဖြစ်သော်လည်း သူ့ရဲ့ ပညာရေးကို မူလတန်းပညာကနေစပြီး ဘုန်းကြီးကျောင်းမှာနေ ဘုန်းကြီးကျောင်း ဝေယျာဝစ္စလုပ်ပြီး ပညာ စတင် သင်ယူခဲ့ရတာ ဖြစ်ပါတယ်။
သူ့ရဲ့အဖြစ်အပျက်ကတော့ အဲဒီ ပညာသင်တဲ့အချိန်ကပါ။ သူပညာသွားပြီး သင်ကြားတဲ့ မြို့ကတော့ မော်လမြိုင်မြို့ပဲ ဖြစ်ပါတယ်။ တနေ့ သူ့တို့ကျောင်းကို ယခင် နအဖရဲ့ ၀န်ကြီးချုပ်ဆိုသူ ဗိုလ်ခင်ညွန့် အလည်အပတ်လာဖို့ရှိတော့ ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ဗိုလ်ခင်ညွန့်ကို ကြိုဆိုရန် သွက်လက်ပြီး ရုပ်ရည်အသင့်အတင့်ရှိတဲ့ ကျောင်းသား ကျောင်းသူများကို ကျောင်းဆရာဆရာမများက စတင်ရွေးချယ်ခဲ့ကြပါတယ်။ အဲဒီအထဲမှာလည်း ထူးထူးခြားခြား ရုပ်ရည်အသင့်အတင့်ရှိပြီး သွက်လက်မှုရှိတဲ့ ကရင်ပြည်နယ်သားလေး စောဖိုးထောင်လည်း အပါအ၀င်ပေါ့။
ဗိုလ်ခင်ညွန့်လာတဲ့ နေ့မှာတော့ ကျောင်းက ရွေးချယ်ထားတဲ့ သပ်သပ်ရပ်ရပ်နဲ့ ၀တ်ကောင်းစားကောင်းတွေ ၀တ်ဆင်ထားတဲ့ ကျောင်းသူကျောင်းသားတွေက လက်အုပ်ချီပြီး ဗိုလ်ခင်ညွန့်ကို ကြိုဆိုခဲ့ကြရပါတယ်။ မြန်မာပြည်ရဲ့ ရုပ်မြင်သံကြားနဲ့ သတင်းစာ မျက်နှာဖုံးမင်းသားကြီး ဗိုလ်ခင်ညွန့်ကတော့ ထုံးစံအတိုင်း လက်အုပ်ချီကြိုဆိုကြတဲ့ ကျောင်းသူကျောင်းသားလေးတွေကို ဟိတ်ဟန်တွေ စတိုင်တွေသုံးပြီး လိုက်လံနှုတ်ဆက်ပါတယ်။ စောဖိုးထောင်အနားကို ရောက်တော့ ထူးထူးခြားခြားပဲ ကပ်ပြီး “သားသားနာမည် ဘယ်လိုခေါ်လဲ“လို့ မေးလိုက်ပါတယ်။
သွက်သွက်လက်လက်ရှိတဲ့ စောဖိုးထောင်ကလည်း ချက်ခြင်းပဲ သားသားနာမည် “စောဖိုးထောင်ပါ“ လို့ ကရင်စကားသံ ၀ဲဝဲနဲ့ ပြန်ပြောလိုက်ပါတယ်။
ဗိုလ်ခင်ညွန့်က “အော် ဒါဆို ကရင်ပေါ“့။
စောဖိုးထောင် “ဟုတ်ပါတယ် “
အဲဒီအချိန်မှာ ဘိုခင်ညွန့်က ခဏငြိမ်သက်ပြီ စောဖိုးထောင်ကို ပြန်ပြောလိုက်တာကတော့ “သားသားကြီးလာရင် ဘဘတို့ကို မတော်လှန်နဲ့နော်“ တဲ့။
စောဖိုးထောင်လည်း ဘုမသိဘမသိပဲနဲ့ ဟုတ်ကဲ့လို့ ပြန်ပြောလိုက်ပါတယ်။
အဲဒီအချိန်က စောဖိုးထောင်ရဲ့ စိတ်ထဲမှာ တောခိုပြီး ဆန့်ကျင်တော်လှန်ဖို့အထိ မရှိခဲ့ပေမယ့်လည်း ကြီးပြင်းလာတဲ့အချိန်မှာတော့ သမိုင်းပေးတာဝန်အရ ဗိုလ်ခင်ညွန့်တို့ကို တော်လှန်တဲ့ တော်လှန်ရေး သမားကြီး ဖြစ်လာခဲ့ပါတယ်။ မထင်မှတ်တဲ့ အရာတခု ဖြစ်ပြီး တကယ် တိုက်ဆိုင်မှုရှိတဲ့ အရာတခုလည်း ဖြစ်ပါတယ်။ အဲဒီအချိန်က ဗိုလ်ခင်ညွန့်ရဲ့ စကားဟာ ရိုးရိုးသားသားနဲ့ ပြောတာ ဖြစ်ချင် ဖြစ်ပေမယ့်လည်း လက်တွေ့မှာတော့ ဗိုလ်ခင်ညွန့် သတိပေးစကားကို ဆန့်ကျင်ပြီး ဗိုလ်ခင်ညွန့်တို့ရဲ့ အာဏာရှင်စစ်တပ်ကြီးကို တော်လှန်နေတဲ့ တော်လှန်ရေးသမား စောဖိုးထောင်ကြီး ဖြစ်လာခဲ့ပြီး မဟုတ်ပါလား။ အဲဒီအချိန်က ကျနော့ကို အဲဒီအကြောင်း ပြောပြခဲ့တဲ့ စောဖိုးထောင်ရဲ့ မျက်နှာပေါ်မှာ အပြုံးရိပ်တွေ သန်းလာပြီး ကြည်နူးပီတိဖြစ်နေတာ တွေ့ရတော့ ကျနော်လည်း အလွန်ပဲ သဘောကျသွားမိတာကတော့ အမှန်ပါပဲ ခင်ဗျာ။
အဲခေါင်သောင့်