Wednesday, July 28, 2010

ကျနော်ဘလော်ဂါရဲ့ ၂နှစ်ပြည့် အမှတ်တရ

ဒီနေ့ ကျနော့ ဘလော့ရေးတာ ၂နှစ်ပြည့်တဲ့ နေ့ပဲဖြစ်ပါတယ်။ ၂နှစ်ပြည့်တဲ့နေ့မှာ ရေးစရာ ပြောစရာတွေ တပုံကြီး ရှိပေမယ့်လည်း အခြေအနေတခုကြောင့် များများစားစား မတင်ဆက်နိုင်တာကိုတော့ နားလည်ပေးမယ်လို့ မျှော်လင့်မိပါတယ်။ အခြေအနေဆိုတာက ကျနော် တကယ်ပဲ ကွန်ပြူတာရှေ့ထိုင်ပြီး အချိန်မပေးနိုင်လို့ပါ။ ဒါပေမယ့် အဓိကကျတဲ့ စကားတွေနဲ့ သူငယ်ချင်း မိတ်ဆွေတွေ ပေးပို့လာတဲ့ ကဗျာတွေ စာတွေကို တင်ဆက်ပေးသွားပါမယ်။ စာတွေ ကဗျာတွေ ရေးသားပေးပို့ကြတဲ့ ဆရာမင်းစိုးစံ၊ (Poison)၊ ဆုတောင်းနဲ့ ဘိုဗဒိုစမန်းစောခွန်ဖထီးတို့ကို ကျေးဇူးတင်ရှိပါတယ်။
၂နှစ်ပြည့် ကျေးဇူးစကား
ကျနော့ရဲ့ ဘလော့ ၂နှစ်ပြည့်တဲ့ နေ့မှာ ဘလော့တခုဖြစ်လာဖို့ အစအဆုံးကူညီပေးခဲ့သူ စောလင်းနက်စ်ကို ကျေးဇူးအထူးတင်ရှိကြောင်း အရင်ဆုံး ပြောလိုပါတယ်။ ဘလော့စတင်ရေးတဲ့ အချိန်မှာလည်း အားလုံးမဟုတ်ရင်တောင်မှ အစိတ်အပိုင်းတချို့ကို အဝေးကနေပြောပြပြီး အားပေးခဲ့သူ အစ်ကိုကြီး စောကျော်ခရော့ကိုလည်း ကျေးဇူးတင်ရှိပါတယ်။ နောက်ပြီး ကျနော့ဘ၀ကို မီဒီယာလိုင်းပေါ် ရောက်အောင် တွန်းပို့ပေးခဲ့သူ ဒူးပလာရာခရိုင် (တပ်မဟာ ၆)မှ ခေါင်းဆောင်တွေကို ကျေးဇူးအထူးတင်ရှိကြောင်းနဲ့ မီဒီယာအကြောင်း၊ သတင်းအကြောင်းတွေကို စိတ်ရှည်လက်ရှည်နဲ့ သင်ပြပေးခဲ့သူ ဆရာမကြီး နော်ခိုင်မာကျော်ဇော၊ စောအယ်ထူး၊ နန်းဖောဂေနဲ့ ကေအိုင်စီမှ လုပ်ဖော်ကိုင်ဖက်များ ကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။ ဒါ့အပြင် သတင်းအခြေခံရေးသားနည်းနဲ့ သတင်းသမားတွေ ကျင့်ကြံရမယ့် အရာတွေကို ရက်တိုတိုအတွင်း ထိထိမိမိ ပို့ချပေးသူ BMAမှ ဆရာစံမိုးဝေနဲ့ ရေဒီယိုသင်တန်းပို့ချပေးခဲ့သူ ဦးစိုးတင့်တို့ကိုလည်း ကျေးဇူးတင်ရှိပါတယ်။ နောက်ပြီး တိုင်ပင်ဖော်တိုင်ပင်ဖက်လည်းဖြစ်ပြီး အကြံဥာဏ်တွေလည်း ပေးခဲ့ကြသူ စောကျော်ခွီးနဲ့ ဖန်းလေးတို့ကိုလည်း ကျေးဇူးတင်ရှိပါတယ်။
နောက်ပြီး ကျနော့ဘလော့ကို အမြဲလာရောက်ပြီး အားပေးသူများနဲ့ ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးအထူး တင်ရှိပါကြောင်းနဲ့ ဆက်လက်ကြိုးစားသွားမှာဖြစ်တဲ့အကြောင်း အသိပေးလိုက်ပါတယ်။

အဲခေါင်သောင့်

မိတ်ဆွေတွေ ရေးသားပေးပို့လာတဲ့ စာတွေ ကဗျာတွေကို အောက်တွင် ဆက်လက်ဖတ်ရှူ နိုင်ပါပြီ။

အဲ့ခေါင်သောင့် ညီလေးရေ

အစ်ကို ညီလေးအတွက်ဂုဏ်ယူပြီး ကျေးဇူးအထူးတင်တယ်ဆိုတဲ့ စကားလေး အရင်ဆုံး ပြောလိုက်ပါတယ်။ တခြားတော့ မဟုတ်ပါဘူး ညီလေးတို.လို လူငယ်တွေခုလို အချိန်အခါမျိုးမှာ ရောက်ရာ အရပ်ဒေသ နိုင်ငံတွေကနေ စိတ်ရော ကိုယ်ပါ အားတက်သရော ကရင့်အမျိုးသားရေးအတွက် လုပ်ဆောင်နေကြတော့ ၀မ်းသာဂုဏ်ယူမိပါတယ်။ အဲ့ခေါင်သောင့် ဆိုတဲ့ညီငယ်အမည်ကို မှတ်မိထားဖြစ်ဒါ ကတော့ ဖထီး ဗိုလ်ချုပ်ကျော်သောင်း ဘ၀အစိတ်ပိုင်းများ စာအုပ်လေးကို ဆရာမ နော်ခိုင်မာကျော်ဇော စုစည်း တင်ပြပေးထားတဲ့ စာအုပ်ကနေ စောအဲ့ခေါင်သောင့် ဆိုတဲ့အမည်ကို မှတ်မိနေခဲ့ဒါပါ။ အစ်ကိုလဲ ညီလေး ဘလော့ဂ် (၂)နှစ်ပြည့်အထိမ်းအမှတ်မှာ စကားတွေအများကြီး နဲ.ဂုဏ်ပြုအမှာစကားလေး
အများကြီး ပြောချင်ပါသေးတယ်။
ညီလေးဘလော့ဂ်(၂)နှစ်ပြည့် အထိမ်းမှတ်ဖြစ် အမှတ်တရ အစ်ကိုကဗျာလေးပို.ပေးလိုက်တယ်။
နောက်များဒီထက်ပိုလို. ကရင့်အမျိုးသားရေးလုပ်ဆောင်နိုင်ပါစေလို. အမှာစကားပြောကြားရင်း
ညီလေးအဲ့ခေါင်သောင့် ကျမ်းမာရွှင်လန်းပြီး လိုရာပန်းတိုင်ရောက်ရှိပါစေလို. ဆန္ဒပြု ဆုတောင်းပေး လိုက်ပါတယ်။

နားလည်မူ.

စိတ်ဓာတ်ယိမ်းယိုင်တတ်တဲ့ လူတွေထဲကတယောက်
ငါဖြစ်ပေမဲ့ အချိန်ဆိုတဲ့ ကာလအပိုင်းခြား ပညာတွေမဲ့
အတွေ.ကြုံမဲ့တဲ့ ငါရဲ.အသိတွေ ခုလိုခေတ်မှာ တိုးတတ်ခဲ့တယ်
ဒါကိုမင်းကအပြစ်လို.မြင်မလား ဝေဖန်ချင်မလား။

ဖြစ်ခဲ့ဒါကို သင်ပုန်းချေပြီး အသစ်ကပြန်စ လက်တွဲပါလို.
ငါကစည်းရုံး လက်တွဲခေါ်တော့ ရွံ.ရှာမုန်းတီး အမြင်အကြည့်နဲ.
ပြောတဲ့စကား မထင်မှတ်ခင်မှာ ဘာအခုမှနောင်တရလဲ။

မင်းကိုဒူးထောက် တောင်းပန်ရုံနဲ.မကျေနပ်နိုင်လဲ
ငါရဲ.မာန ယုံကြည်ချက်က ဂလိုဘယ်လိုက်ဇေးရှင်း
ဒီလိုခေတ်မှာ မင်းကိုဘယ်လို စည်း၇ုံးရမလဲ ရှင်းပြရမလဲ။

တခုတော့သိလိုက် ငါစိတ်အတွင်းဝယ် ပညာမဲ့တဲ့ငါ
မင်းလိုအယူမသီးဘူး ပြိုင်တူတွန်းရင် ရွေ.နိုင်တယ်ဆိုတဲ့
အသိတရား ငါရတဲ့နေ. မင်းနဲ.အတူ ပြန်ပေါင်းဖို.အရေး

ငါကြိုးစားလဲ မင်းရဲ.မာန ရှိရင်းစိတ်က ရေရောခံတဲ့ သံလွင်မြစ်လို
အလှမဆင် တို.ပတ်မရိုက် အာချီမလိမ်းသရွေ. ငါတို.တတွေ
ဘယ်သောအခါမှ စည်းလုံးမူ.နဲ. နားလည်မူ.တွေ ရှိကြမှာလဲ
ချစ်သောအမိမြေမှ ညီအစ်ကို မောင်နှမတွေရေ။

စောင့်လေမျိုးနွယ်

နှလုံးသားရေး အလေးပေးပြီး
အမျိုးစောင့်စည်းရမှန်းမသိ
အလိုလိုက်တဲ့ကိုယ့်စိတ်
ကိုယ်တစ်ယောက်တည်းသာမက
ကိုယ့်ရဲ့လူမျိုးကိုပါ အစော်ကားခံရ။

''စောင့်လေမျိုးနွယ်'' ဆိုတဲ့စကားအရ
ကိုယ့်အမျိုးနွယ်ကိုမစောင့်စည်း
ကိုယ့်ကိုတန်ဖိုးထားမဲ့
ကိုယ့်အသိုင်းအ၀ိုင်းကိုမရွေးချယ်။

ကရင်ကမွေးကရင့်သွေးမို့
အသက်ရှင်ရေးကရင်ကကျွေး
လှည့်ပတ်စီးဆင်းနေတဲ့
ခန္ဓာကိုယ်ထဲကသွေး
မျိုးချစ်သွေးမှဟုတ်ပါလေစ။

ပါးစပ်ကတော့မျိုးချစ်ကရင်
လူမျိုးကွဲနဲ့သူ့ဖူးစာရှင်
ခုတော့...........
မျက်စိသူငယ် နားသူငယ်နဲ့
ကိုယ်နဲ့စိမ်းတဲ့အသိုင်းအ၀ိုင်းကြား
မင်းဘယ်လောက်အားငယ်နေရှာပြီးလဲ။

မျိုးချစ်စိတ်ဓာတ် ရှင်သန်ကြဟု
ဘိုးဘွားမှာကြားစကားများကို
နောင်လာနောက်သား မြဲမှတ်သားကြ
မျိုးဆက်သစ်လူငယ်များသတိထား
စောင့်လေမျိုးနွယ် လက်ကိုင်ထား။
(Poison)

မှတ်ချက်။ ။ ကိုယ့်လူမျိုးကိုတန်ဖိုးထားပြီး မျိုးချစ်စိတ်ဓာတ်ရှင်သန်လာအောင် နောင်လာမဲ့ အနာဂတ်မျိုးဆက်သစ်ကရင်လူငယ်များ သင်ခန်းစာယူနိုင်ရန် စောင့်လေမျိုးနွယ် ကဗျာကို ရေးဖွဲ့ခံစားတင်ဆက်လိုက်ပါသည်။ ဤကဗျာသည် မည်သူ့ကိုမျှရည်ရွယ်ပြီး ရေးဖွဲ့ထားခြင်းမဟုတ်ပါ။ တိုက်ဆိုင်မှုများရှိခဲ့လျှင် ကိုယ့်ကိုယ်ကိုဝေဖန်သုံးသပ်ကြည့်စေချင်။ မတူသောသွေးနှောစနစ်ဖြင့် လူမျိုးကပ်ပြားဖြစ်လိမ့်မည်။ (မြေမျိုလျှင်လူမျိုးမပျောက်နိုင်၊ လူမျိုလျှင်လူမျိုးပျောက်နိုင်သည်။)

စာပေပညာရှင်များသို့ ကျေးဇူးဆပ်ခြင်း
(မင်းစိုးစံ)


ဘာလိုလိုနဲ့ရက်က,နေ လ၊ လ က,နေ နှစ် အချိန်တွေကုန်မှန်းမသိကုန်လာခဲ့ပြီပဲ၊ အသက်လည်းတဖြည်းဖြည်း အိုမင်းလာတယ်။ အသိတရားကနည်းသည်ထက် နည်းလားသလားမသိတော့ပါဘူး ဘာကြောင့်လဲဆိုတော့ အ သိဆိုတာ ဥာဏ် တရားဆိုတာက ဓမ္မ ကျုပ်နားလည်တာကတော့ အရာဝတ္ထုတခုခု အကြောင်းအရာတခုခုကို ဓမ္မဓိဌာန်ကျကျ နားလည်သဘောပေါက်တာမျိုး ဖြစ်ပါတယ်။(ကျုပ်နားလည်တာကိုပြောတာ)
အခုတော့ဗျာ ဘာကိုမျှမစဉ်းစားပဲ ကိုယ်ဖြစ်ချင်တာတခုတည်းကို ရှေ့တန်းတင်လာလိုက်တာ နောက်ဆုံးတော့ မောတာပဲ အဖတ်တင်တယ်၊ အချိန်ကုန်တာပဲ ဖြစ်ခဲ့တယ်၊ ဘာမျှအရာမရောက်ခဲ့ဘူး။
ဒီနေ့တိုင်အောင်လည်းပဲ ကျုပ် ဖြစ်ချင်တာကိုပဲ တစိုက်မတ်မတ်လုပ်နေတုန်းပဲ၊ အဲဒါက ဘာလဲဆိုတော့ ကရင် စာပေ မတိမ်ကော မပ,ပျောက်ရေးပေါ့ဗျာ။ အထူးသဖြင့်ကတော့ ဘယ်ခေတ်ကိုပဲကြည့်လိုက်ကြည့်လိုက် ဘယ် အစိုးရ,လက်ထက်ကမျှ အသိအမှတ်ပြုမခံခဲ့ရတဲ့ စာသင်ကျောင်းနဲ့ သိက္ခာရှိရှိသင်ကြားခွင့်မရှိခဲ့တဲ့ လိက်ထူ့လီ လို့ခေါ်တဲ့ စာပေကို ကျုပ်အတတ်နိုင်ဆုံး ဖေါ်ထုတ်ချင်ခဲ့တယ်၊ ထိန်းသိမ်းချင်ခဲ့တယ်။
ဒီကနေ့အထိ ဘယ်ကျောင်းမှ ဘယ်အစိုးရမှ လှည့်ကြည့်ခြင်းမခံရရုံမက နွေရာသီကျောင်းပိတ်ရက်လေးကျမှ သင်ကြားခွင့် ရတဲ့စာပေကို ကျုပ် အခု အင်တာနက်ပေါ်ကိုတင်လိုက်ပြီ သိတဲ့လူလည်းရှိ မသိတဲ့လူလည်းရှိ ကြိုက်သူရှိသလို မကြိုက်သူတွေလည်းရှိ၊ ဒါကတော့ သဘာဝပါ၊ ဘာမျှ ဝမ်းနည်းစရာမလိုသလို အပြစ်ပြောနေ စရာလည်းမလိုပါဘူး။
နည်းပညာခေတ်ကြီးမှာ ဘာမျှနားလည်တတ်ကြွမ်းခြင်းမရှိတဲ့ကျုပ်၊ ဘာနဲ့တူသလဲသိလား အတွေးအခေါ်ရှိပြီး အတတ်ပညာမဲ့နေတဲ့ လူတယောက်နဲ့တူနေတယ်ဗျ။ အဲဒီတော့ဗျာ ခင်ရာမင်ရာညီလေးတွေ တူလေးတွေဆီကို အကူအညီတောင်းရတော့တာပေါ့။
ကူညီကြတဲ့သူတွေထဲက ဆုတောင်းနဲ့ စောကရင် ဆိုလျင် ကျုပ်ကို တော်တော်ဒုက္ခပေးတဲ့လူကြီးဆိုပြီးမှတ်ချက် ချလေမလားမသိပါဘူး။ ပြောတော့ဘာမျှမပြောဘူးဗျ မေးလိုက်တိုင်း စိတ်ရှည်ရှည်နဲ့ရှင်းပြတန် ရှင်းပြ၊ ဘလော့ ပေါ်တင်သင့်တာတင်ပေးနဲ့ အဲဒီလိုကို ကျုပ်ကိုသင်ပေးကြတာ။
ကျုပ်က PDF ဆိုတာကိုလည်း နားမလည်၊ တင်တဲ့နည်းလည်မသိ၊ လုပ်ချင်တာပဲသိတယ်။ နောက်ဆုံးတော့ဗျာ တင်လို့ရ,သွားတယ်။ နားလည်တဲ့လူုတွေကျတော့ အဲဒါတွေက ဘာခက်တာမှတ်လို့ ကျုပ်အတွက်ကျတော့ နဖူး ပြောင်သွားတာပဲ။
တင်တာတော့တင်လိုက်တာပဲ စာလုံးပေါင်းတွေကလည်း ပစ္စလက်ခတ်မှား အကြောင်းအရာတွေကလည်းထပ် ပြင်လည်းမပြင်တတ်၊ တော်တော်တော့ ပင်ပမ်းသားဗျ၊ ဒါတောင်မျှ ပညာရှိတွေရေးသားခဲ့တဲ့ အကြောင်းအရာ ကို သေသေခြာကြည့်ပြီး ကူးရေးနေတာ၊ ကိုယ်တိုင်ကိုယ်ကျ ဘာတခုမျှ ဖြစ်ဖြစ်မြောက်မြောက်ရှိတာမဟုတ်ဘူး
အဲဒီလိုကိုကြွားလိုက်ချင်တာ။ ကျုပ်ကို ဆုတောင်းက ဦးလေးရေ PDF ကိုဒီလိုလုပ်ရတယ် ဆိုပြီး အသေအခြာ ရှင်းပြတာ၊ ကျုပ်ကလည်း ဘယ်နေမလဲဗျာ အလုပ်စ,တော့တာပေါ့။(တရက် ၁၆နာရီနော်)
တပတ်ကျော်ကျော်လောက်က ဘာမျှဖြစ်မလာဘူး၊ ဒါနဲ့ စောကရင်(စောအောင်ဟိန်း)ဆီကို ထပ်မေးတော့တာ ပေါ့။
စောအောင်ဟိန်းက ဒါယိကာကြီး PDF တင်တဲ့အခါ ဇွဲကပင်ဖေါင့်နဲ့မရဘူး KP ဖောင့်နဲ့ရိုက်ကြည့်ပါလို့ပြောတာ နဲ့ စမ်းကြည့်လိုက်တာ ရ,သွားတယ် zwekabin font နဲ့ ရိုက်နေကျဆိုတော့ KP ဖေါင့်နဲ့ရိုက်ဘို့က အခက်အခဲ ထပ်ဖြစ်ပြန်ရော။
နောက်တခုက ကျုပ်သုံးနေတဲ့ Computer က laptop ဆိုတော့ တချို့ကရင်စာလုံးဆိုလျင် alter key နဲ့နံပါတ် တွဲသုံးရတဲ့အခါမျိုးမှာ အလုပ်မဖြစ်ပြန်ဘူး Character map ကိုသွားလိုအပ်တဲ့စာလုံးကို Select လုပ် Copy ဆွဲ ပြီးတာနဲ့ Paste လုပ် စာလုံးဖေါင့်တွေပြောင်း အဲဒီလိုကို ဖင်လှန်ခေါင်းလှန်လုပ်ရတာဗျို့။
ကဲဒါကတော့ ကျုပ်က ကျုပ် ပင်ပမ်းတာတွေကိုပြောနေတာ တကယ်တမ်းကျတော့ ကျုပ်ပင်ပမ်းတယ်ဆိုတာ ဘာမျှမပြောပ,လောက်ပါဘူး။ zwekabin font ထွင်တဲ့ကျော်ခရော့စ် တို့ဆိုလျင်ဘယ်လောက်များပင်ပမ်းလိုက် မလဲ၊ ကျုပ်တို့က သူများလုပ်ထားတာလေး အသာကလေး Computer ထဲ Install လေးလုပ်ပြီးသုံးနေရုံပဲ။
ကျုပ်အခု PDF နဲ့ ရိုက်တင်ထားတဲ့စာလုံးက AKPOL font ဗျ၊ သိပ်တော့မလှဘူး၊ သူများလုပ်ထားတာကို ယူသုံး တာတောင်မှ လှတယ်မလှဘူးဆိုတာ လုပ်နေသေးတယ်။
Font folder ကို ဖွင့်လိုက်တော့ အဲဒီလိုတွေ့ရတယ်။
Type face name AKPOL
File Size 66KB
Version 1.0 Mon Dec 12 12:29:43 1994
Generated by Saw Thwee Su, Karen font graphed, Hliang Bwee Naung Bo Kyi
Karen National State, 2735 1-1-96
ကျုပ်ပြောချင်တာကတော့ ကရင်တွေထဲမှာ ကျုပ်လို ဘာမျှမတတ်တဲ့လူတွေ အနည်းအကျဉ်း ရှိကောင်းရှိနိုင်ပေ မယ့် တကယ်အရည်အချင်းနဲ့ပြည့်ဝ,တဲ့ ကရင်တွေအမြောက်အများရှိနေတာကိုတော့ ဘယ်လိုမှငြင်းလို့မရ,ပါ ဘူး။
အဲဒီဖေါင့် မရ,ခင်တုန်းက ကျုပ် KIC (Karen Information Center) မှာ ပိုးကရင်ကဏ္ဍကိုလုပ်တော့ သိတဲ့အ တိုင်းပဲ ဘ တို့ န တို့ င တို့ လ တို့ မ တို့ဆိုလျင် လက်နဲ့ရေးယူရတာ လွယ်တာမှမဟုတ်ပဲ ဗမာစာနဲ့စကောက ရင် စာကျတော့ ဖေါင့်ရှိတော့ စာမျက်နှာက သပ်သပ်ယပ်ယပ်ပေါ့ဗျာ ပိုးကရင်ကျတော့ ဗမာလိုရေး ပရင့်ထုတ်၊ လိုအပ်တဲ့ စာလုံးတွေပြင်ရ,ဖြည့်ရ, ဆိုတော့ ဘယ်ကြည့်ကောင်းပါ့မလဲဗျာ
အဓိက ကျုပ်ဆိုလိုချင်တာကတော့ ကရင်စာပေနဲ့ပတ်သက်လို့ ပညာရှိတွေရေးသားပြုစုထားသမျှ လေ့လာဖေါ် ထုတ်ထိမ်းသိမ်းခြင်းအားဖြင့် သူတို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အသိအမှတ်ပြု ကျေးဇူးတုန့်ပြန်ကြဘို့ အထူး မေတ္တာရပ်ခံလိုခြင်းဖြစ်ကြောင်းပါခင်ဗျား။
လေးစားခင်မင်ခြင်းများစွာဖြင့်

မင်းစိုးစံ
( အဝေးရောက် ကရင်ဒုက္ခသည်တဦး)


၂ နှစ်မြောက် ဘလော့ပိုင်ရှင် စောအဲခေါင်သောင့်အတွက် မှတ်တမ်းတင်ဂုဏ်ပြု ရေးသားလိုက်ခြင်း ဖြစ်ပါ သည်။

ဆုမွန်
နွေနတ်ဆိုး
မိုးတစေ နဲ့
ဆောင်းတာရှည်ခဲ့ချိန်တွေကို
နှစ်ကြိမ်တိုင် ဖြတ်သန်းခဲ့ပြီးပြီပဲ
ရည်မှန်းချက်နဲ့ အရည်ချင်း
ပေါင်းဖက်မိပြီဆိုရင်
နောင်အနာဂတ်မှာ
အောင်မြင်ရမှာပါသူငယ်ချင်း။

ဘိုဗဒိုစမန်းစောခွန်ဖထီး
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

1 comments:

SDL said... at July 28, 2010 at 8:26 AM

အဲခေါင်ရေ လာသွားတယ်နော်။(၂)ပြည့် ဘလေါ့ဂါသက်တမ်းကိုတော့ ကျွန်တော့်ဘလေါ့မှာဘဲဂုဏ်ပြုလိုက်ပါတယ်နော်။ကဗျာတစ်ပုဒ် ယူသွားပြီး ဘလေါ့မှာပြန်ချိတ်လိုက်ပါတယ်။ခွင့်ပြုပါနော်။

Post a Comment