တိုက်ပွဲ ပြင်းထန်ရာ မြ၀တီ တောင်ဘက် ဝေါ်လေ၊ ဖလူး စတဲ့ ဒေသက ဒီကေဘီအေနဲ့ မဟာမိတ် တပ်တွေကို ထိုးစစ် ဆင်ရန် နအဖ စစ်တပ်မှ စစ် အင်အားတွေ တိုးချဲ့ တည်ဆောက်နေသလို ကရင် တပ်ဖွဲ့တွေ ဘက်မှလည်း စစ်အင်အား ဖြည့်တင်း မှုတွေ ပြုလုပ်နေ တယ်လို့ သက်ဆိုင်ရာ တာဝန်ရှိ သူများထံမှ သိရှိရပါတယ်။ယနေ့ ဝေါ်လေ ဒေသမှာ ဒီကေဘီအေနဲ့ အတူ ကေအဲန် အယ်လ်အေ အထူး တပ်ရင်းတွေ ဖြစ်တဲ့ တပ်ရင်း ၁၀၁၊ တပ်ရင်း၂၀၁၊ တပ်ရင်း ၁၀၃နဲ့ တပ်မဟာ ၆လုံခြုံရေး စစ်ကြောင်းတွေ ပူးပေါင်း ပါဝင်တိုက်ခိုက် နေသလို ABSDFလို့ ခေါ်တဲ့ ကျောင်းသား တပ်မတော် တချို့လည်း ပါဝင် တိုက်ခိုက်နေတာပါ။
နိုဝင်ဘာလ ၇ရက်နေ့မှ စတင်လာခဲ့တဲ့ ဒီကေဘီအေနဲ့ နအဖတို့ရဲ့ ၂လကြာ တိုက်ပွဲမှာ နအဖဘက်မှ အများအပြား ထိခိုက်သေဆုံးခဲ့ပြီး ယခုအခါ ဒီကေဘီအေနဲ့ မဟာမိတ်တွေကို ပြင်းပြင်း ထန်ထန် ထိုးစစ်ဆင်ပြီး ချေမှုန်းဖို့ စစ်အင်အား တိုးချဲ့ တည်ဆောက်နေတာကို တွေ့ရပါတယ်။
အဲဒီအပေါ် ကေအဲန်ယူ ဘက်မှလည်း လက်အောက်ခံ တပ်တွေကို တိုက်ပွဲ ပြင်းထန်ရာ ဒေသကို စစ်ကူအဖြစ် ပို့ဆောင်ဖို့နဲ့ ဝေါ်လေဒေသကို နအဖတပ်တွေ မချီတက်နိုင်အောင် သက်ဆိုင်ရာနယ်မြေကနေ ပိတ်ဆို့တိုက်ထုတ်သွားဖို့လည်း စီစဉ်ထားတယ်လို့ တပ်မဟာ ၆ဘက်မှ လာတဲ့ သတင်းတွေအရ သိရပါတယ်။
ဝေါ်လေဒေသကို စစ်ကူပို့ရန်နဲ့ နအဖစစ်ကြောင်းကို နယ်မြေခံ ဒီကေဘီအေ တပ်ဖွဲ့ဝင်များနဲ့ ပူးပေါင်းပြီး ကြားဖြတ်တိုက်ခိုက်ရန် ကော့ကရိတ်မြို့နယ် အခြေစိုက် ဒုဗိုလ်မှူးကြီး စောကို့ထူးဦးဆောင်တဲ့ တပ်ရင်း၁၈၊ ကြာအင်းဆိပ်ကြီးမြို့နယ်အခြေစိုက် ဒုဗိုလ်မှူးကြီး စောဖာ့ခေါ်ဦးဆောင်တဲ့ တပ်ရင်း ၁၇၊ ဘုရားသုံးဆူနဲ့ ရေးမြို့နယ် အခြေစိုက် ဒုဗိုလ်မှူးကြီး မန်းတင်လှိုင်ဦးဆောင်တဲ့ တပ်ရင်း ၁၆နဲ့ ကျုံဒိုးမြို့နယ်အခြေစိုက် ကေအင်ဒီအို တပ်ရင်း၆တို့ကို သက်ဆိုင်ရာမှ ညွန်ကြားမှုတွေ ပြုလုပ်ထားတယ်လို့လည်း သိရပါတယ်။
အဆိုပါ တပ်တွေဟာ တပ်မဟာ ၆လက်အောက်ခံ တပ်တွေဖြစ်ပြီး လှုပ်ရှားရာဒေသတွေဟာလည်း ဝေါ်လေဒေသနဲ့ ဆက်စပ်မှုတွေ ရှိနေပါတယ်။
ဒါ့အပြင် ဒီကေဘီအေက စစ်ကူပေးရန် တောင်းတဲ့အတွက် ကေအဲန်အယ်လ်အေ တပ်မဟာ၅ကို စစ်ကူပို့ပေးမယ်လို့လည်း ကေအဲန်ယူ ခေါင်းဆောင်တဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဧရာဝတီသတင်းဌာနမှာ ဖော်ပြထားပါတယ်။
ကေအဲန်အယ်လ်အေ တပ်မဟာ ၅ကို ဗိုလ်မှူးချုပ် ဘောကျော်ဟဲမှ ဦးဆောင်ပြီး လူသူလက်နက်အင်အား တောင့်တင်းတဲ့ တပ်မဟာ တခုလည်း ဖြစ်ပါတယ်။
ယနေ့ ဝေါ်လေဒေသတွင် တိုက်ပွဲနေ့စဉ်ဖြစ်ပွားနေပြီး နအဖဘက်မှ လက်နက်ကြီး အလုံးအရင်းသုံးကာ ပစ်ခတ်နေသလို ဒီကေဘီအေနဲ့ မဟာမိတ်တွေ ဘက်ကလည်း ပြောက်ကျားစစ်နဲ့ တန်ပြန်တိုက်ခိုက်မှုတွေ ဖြစ်ပွားနေပါတယ်။
ယခုအခါ စစ်အင်အား ဖြည့်တင်းရန် လာနေတဲ့ နအဖတပ်တွေကို ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်လာတာကို နေရာဒေသ တော်တော်များများမှာ ဖြစ်ပွားခဲ့ပါတယ်။
ယခုလို နှစ်ဖက်စလုံးက စစ်အင်အားတွေ တိုးချဲ့လာနေသဖြင့် နယ်စပ်ဒေသတွေမှာ တိုက်ပွဲကြီးတွေ ဆက်လက်ဖြစ်ပွားလာနိုင်တယ်လို့ နယ်စပ်စစ်ရေးအကဲခတ်တွေက သုံးသပ်ပြောဆိုနေကြပါတယ်။
အဲခေါင်သောင့်