Friday, January 14, 2011

ဝေါ်လေဒေသ တိုက်ပွဲ ပြင်းထန်လာ

ဇန်န၀ါရီလ ၁၄ရက်။ စောသိန်းမြင့်(ကေအိုင်စီ)

ကရင်ပြည်နယ် မြ၀တီခရိုင် ဝေါ်လေဒေသ၌ နအဖနှင့် ကရင်ပူးပေါင်းတပ်ဖွဲ့ဝင်တို့အကြား ယနေ့တနေ့လုံးနီးပါး အပြန်အလှန် ပစ်ခတ်မှုမှာ ယခင်ရက်များထက် ပိုမို ပြင်းထန်လျှက်ရှိသည်ဟု ကရင်တပ်ဖွဲ့များဘက်က ပြောသည်။


စစ်သည်အင်အား ၁၈၀ကျော်ရှိသည့် နအဖစစ်တပ်မှ စကခ (၁၂)လက်အောက်ခံ ခလရ(၂၉၉)နှင့် စကခ(၈) လက်အောက်ခံ ခမရ(၄၀၉)၊ (၄၀၃)ပူးပေါင်းတပ်ရင်းတို့သည် အူးကလေ့ထာ့ရှိ DKBA တပ်ဖွဲ့ဝင်များး၏ ယာယီစခန်းအား ယနေ့ နေ့လည် ၁၂ နာရီကျော်မှစ၍ ညနေ ၆နာရီအထိ လက်နက်ကြီးများဖြင့် အချက်ပေါင်း ၂၀၀နီးပါးခန့် ပစ်ခတ်ခဲ့သည်ဟု DKBA ဘက်က ပြော သည်။

DKBA တပ်မဟာ(၅) လက်နက်ကြီးတပ်ဖွဲ့မှ ဗိုလ်ကြီးစောစမင်းက “ ဒီနေ့ ၁၂နာရီခွဲကနေ ညနေ ၆နာရီကျော်အထိ နအဖ ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေ မရေတွက်နိုင်လောက်အောင် ကျနော်တို့စခန်းကို ပစ်ခတ်တယ်။ ကျနော်တို့ဘက် ကလည်း ပြန်ပစ်တယ်။ ကျနော်တို့ စခန်းကို တက်သိမ်းဖို့ သူတို့ (နအဖ) သုံးကြိမ်တိုင်တိုင် ကြိုးစားခဲ့ပေမယ့် သူ့လူတွေ အထိ နာလို့ ပြန်ဆုတ်လိုက်ရတယ်။”ဟု ပြောသည်။

ယနေ့ တိုက်ပွဲတွင် နအဖဘက်က ထိခိုက်ဒဏ်ရာရှိရသူ အရေအတွက် အတိအကျ မသိရှိရသော်လည်း ကရင်တပ်ဖွဲ့ဝင်များ ဘက်မှ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိကြောင်း ၎င်းတိုက်ပွဲတွင် ပါဝင်ခဲ့သည့် ကရင်တပ်ဖွဲ့ဝင်များက ပြောသည်။

အလားတူ ဖလူးကျေးနယ်ဘက်တွင်လည်း နအဖစစ်တပ်က ဗိုလ်မှူးကြီးစောကျော်သက် ဦးဆောင်သည့် DKBA တပ်ဖွဲ့အား မွန်းလွဲ ၁နာရီကျော်အချိန်မှစ၍ ညနေ ၆နာရီအချိန် လက်နက်ကြီးများဖြင့် ပစ်လိုက်ရပ်လိုက် ပစ်ခတ်ခဲ့သည်ဟု DKBA တပ်မ ဟာ(၅)မှ ဗိုလ်မှူးစောဆန်းအောင်က ပြောသည်။

ပြီးခဲ့သည့် ၁၂ရက်နေ့က ဖလူးကျေးနယ်တွင် နအဖတပ်ဖွဲ့မှ လက်နက်ကြီးများဖြင့် အပြင်းအထန် ပစ်ခတ်မှုကြောင့် ဗိုလ်မှူး ကြီးစောကျော်သက် စခန်းထိုင်နေသည့် ကဆောဝါးလေး ယာယီခံစစ်စခန်းအား နေရာဖယ်ပေးခဲ့ရသည်ဟု သိရှိရသည်။

လွန်ခဲ့သည့် ၂၀၁၀ခုနှစ် ရွေးကောက်ပွဲရက်အလွန် နိုဝင်ဘာလ ၈ရက်နေ့က စတင်ဖြစ်ပွားခဲ့သည့် နအဖနှင့် ဗိုလ်မှူးချုပ်စော လားပွယ် ဦးဆောင်သည့် DKBA တပ်မဟာ(၅) တပ်ဖွဲ့တို့ကြား ပစ်ခတ်မှုမှာ လက်ရှိအချိန်ထိ အခြေအနေ ပြင်းထန်လျှက်ရှိပြီး DKBA ဘက်မှ KNLA၊ ABSDF တပ်ဖွဲ့တို့က စစ်ရေး ပူးပေါင်းလာသလို နအဖဘက်ကလည်း နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ ၀င်များနှင့် ပူးပေါင်းထိုးစစ်ဆင်လာသည်ဟု သိရသည်။
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment