သတင်း× နော်နိုရင်း (ဒီဗီဘီ)
နယ်ခြား စောင့် တပ်ရင်း ၄ ခု ဒီကေဘီအေကို ပြန်လည် အသွင်ပြောင်း ပြီးတဲ့နောက် လက်ကျန် တပ်တွေကို စုစည်း ကွပ်ကဲဖို့ အစိုးရက တပ်နယ်မှူး ဗိုလ်မှူးကြီး စောချစ်သူကို တာဝန်ပေးပါတယ်။
ကရင်ပြည်နယ် ၀န်ကြီး ဗိုလ်ချုပ် ဇော်မင်းနဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့် ညွှန်ကြားရေး မှူးချုပ် ဗိုလ်မှူးချုပ် မောင်မောင်အုန်း တို့က ဗိုလ်မှူးကြီး စောချစ်သူကို ပြီးခဲ့ရက်ပိုင်း တွေတုန်းက ကမ်းလှမ်းခဲ့တာ ဖြစ်တယ်လို့ ဗိုလ်မှူးကြီး စောချစ်သူနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ဒီကေဘီအေ တပ်ကနေ နယ်ခြားစောင့်တပ် အသွင်ပြောင်းတဲ့ တပ်ရင်း ၁၁ ရင်း အနက် ၄ ရင်း မရှိတော့ တာကြောင့် လက်ကျန် ၇ ရင်းကို ကွပ်ကဲပေးဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ တပ်ရင်း ၄ ရင်းကို ကိုင်တွယ် တာဝန်ယူထားတဲ့ တပ်နယ်မှူးဗိုလ်မှူးကြီး စောချစ်သူဟာ မနေ့က လက်ကျန် နယ်ခြားစောင့်တပ်ရင်းမှူးတွေနဲ့ ဆွေးနွေးတိုင်ပင်ခဲ့တယ်လို့ အဲဒီနီးစပ်သူက ပြောပါတယ်။
“အခုလက်ရှိကျန်နေတဲ့ နယ်ခြားစောင့်တပ်တွေကို စောင့်ရှောက်ထားဖို့၊ ဗိုလ်ချုပ်ကျော်သန်းတို့က ပြဿနာတက်တာ။ အဲဒီမှာ ဒီကေဘီအေလည်း ရှိတာကို။ အခုသူ့ကို နိုင်ငံတော်ကနေ အားလုံးကို တာဝန်ခံအနေနဲ့ထားမယ်။ ကျန်တဲ့နယ်ခြားစောင့်တပ်တွေကို အကုန်လုံး သူကွပ်ကဲရမယ်။ အဲဒါတပ်ရင်းမှူးတွေ အကုန်လုံးခေါ်ပြီးတော့ ၉၉၉ ဂိတ်ထဲမှာ အစည်းအဝေးလုပ်တယ်။ သူ့ကိုအားလုံးတာဝန်ပေးတာ။ အဲဒီလူတွေကို သူကဘယ်လိုသဘောရလဲ၊ လုပ်ရင်ကောင်းမလား၊ မကောင်းဘူးလား တိုင်ပင်တာပေါ့။ ဆွေးနွေးပြီးတော့ ဟိုဘက်မှာ အဖြေပြန်ပေးရမယ်။ သူကတော့ သိပ်မလုပ်ချင်ဘူး။ အားလုံးတာဝန်မခံချင်ဘူး။ အခုရှိတဲ့ တပ်တွေအနေနဲ့ပဲ ဆက်နေချင်တာပေါ့။ ဒါပေမယ့် နိုင်ငံတော်က သူ့ကိုလုပ်ခိုင်းတာ။ ဗိုလ်ချုပ်ကျော်သန်းတို့ကို တာဝန်မပေးတော့ဘူး။ ဗိုလ်ဘိတို့လည်း သူ့ဟာသူ လာနေလည်းနေပေါ့။ နောက်တော့မှ ဖြည်းဖြည်း ပြန်စည်းရုံးမယ်ပေါ့။”
ဗိုလ်မှူးကြီးစောချစ်သူဟာ နယ်ခြားစောင့်တပ်အသွင်းပြောင်းချိန်ကစလို့ နယ်စပ်စီးပွားရေးနဲ့ ကုန်သွယ်ရေး တာဝန်ခံ ဖြစ်သလို တပ်ရင်း ၁၀၁၇ ကနေ ၁၀၂၀ အထိ တပ်ရင်း ၄ ရင်းကို ချုပ်ကိုင်တာဝန်ယူရတဲ့ တပ်နယ်မှူးလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
အခုတော့ ကရင်ပြည်နယ်ဝန်ကြီးက ကရင်ပြည်နယ်အတွင်း ကျန်ရှိနေတဲ့ နယ်ခြားစောင့်တပ် အားလုံးကို ကွပ်ကဲဖို့ တာဝန်ပေးတာ ဖြစ်တဲ့အတွက် ကရင်ပြည်နယ်ထဲက နယ်ခြားစောင့်တပ်တွေမှာ အကြီးဆုံးအဆင့် ကွတ်ကဲရေးမှူး ဖြစ်လာမှာပါ။
ဒီကေဘီအေကနေ နယ်ခြားစောင့်တပ်အသွင်ပြောင်းချိန်မှာ ဖွဲ့တဲ့ တပ်ရင်း ၁၁ ရင်းကို နာယက အဖွဲ့ဝင် ၃ ဦးနဲ့ တပ်နယ်မှူးအဆင့် ၄ ဦးရှိပြီး ကွပ်ကဲခဲ့ပါတယ်။ နာယက ၃ ဦးကတော့ ဒီကေဘီအေ ခေါင်းဆောင်ဟောင်းတွေဖြစ်တဲ့ ဦးသာထူးကျော်၊ ဦးကျော်သန်း၊ ဦးလှဘတို့ဖြစ်ပြီး တပ်နယ်မှူးတွေကတော့ ဗိုလ်မှူးကြီး စောချစ်သူ၊ ဗိုလ်မှူး ဘသိန်း၊ ဗိုလ်မှူး ကြာအင်းနဲ့ နောက်တဦး ဖြစ်ပါတယ်။
အခုလလယ်ပိုင်းက မြိုင်ကြီးငူဒေသမှာ ပုန်ကုန်မှုဖြစ်လာပြီးနောက် နာယကနဲ့ တပ်နယ်မှူးတွေကို ဖြုတ်ပြီး ဗိုလ်မှူးကြီး စောချစ်သူကို ကွပ်ကဲရေးမှူး တာဝန်ယူပေးဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။+-
Thursday, June 23, 2011
Subscribe to:
Post Comments (Atom)