Friday, July 1, 2011

ကရင်နယ်ခြားစောင့်ချင်း တိုက်ပွဲ ဖြစ်၊ တပ်ရင်းမှူး တဦးကျ

ဧရာဝတီ

ကရင် နယ်ခြားစောင့်တပ်ဖွဲ့ချင်း ယမန်နေ့က တိုက်ပွဲဖြစ်ပွားသောကြောင့် နယ်ခြားစောင့်တပ်ရင်းမှူး တဦး ကျဆုံးသွားသည်။

altကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူရွာအနီးရှိ တခွက်ဖိုးရွာ တွင် အစိုးရကို သစ္စာခံသည့် ကရင် နယ်ခြားစောင့်တပ်နှင့် သစ္စာမခံသည့်တပ်များ ယမန်နေ့ညနေ ၄ နာရီခန့်က စတင်ဖြစ်ပွားသည့်တိုက်ပွဲတွင် ကရင်နယ်ခြားစောင့်တပ် အမှတ် ၁၀၁၁ ၏ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး စိုးနိုင် ကျဆုံးသွားခြင်း ဖြစ်သည်။ 


ထိုဒေသတွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော်(DKBA)ဗဟိုမှ အသွင်ပြောင်းထားသည့် နယ်ခြားစောင့် တပ်ရင်း ၁၀၁၁၊ ၁၀၁၂၊ ၁၀၁၃၊ ၁၀၁၄ စသည့် တပ်ရင်းများအခြေစိုက်ပြီး လက်ရှိအစိုးရ၏ အုပ်ချုပ်မှုအောက်တွင် ဆက်မနေလိုသဖြင့်၊ တပ်ရင်း ၁၀၁၁ မှလွဲ၍ ကျန်တပ်ရင်း ၃ ရင်းမှာ ယခင်လကစ၍ DKBA အဖြစ် ဘက်တံဆိပ်များကိုပြန်လည် တပ်ဆင်ခဲ့ကြပြီး မကျေနပ်မှုများကို အရေးဆိုခဲ့ကြသည်။

အစိုးရကို သစ္စာမခံသည့် နယ်ခြားစောင့်တပ်ရင်း ၃ ရင်းကိုဦးဆောင်သည့် တပ်ရင်း ၁၀၁၂ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး စောဘိ (ဗိုလ်ဘိ)က ယမန်နေ့ညနေတွင် တခွက်ဖိုးရွာ အနီး အခြေစိုက်သည့် တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး စိုးနိုင်၏ တပ်ရင်း ၁၀၁၁ ကို ၀င်ရောက် တိုက်ခိုက်ရာ ဒု ဗိုလ်မှူးကြီး စိုးနိုင် ကျဆုံးသွားရခြင်း ဖြစ်သည်။

၂ နာရီနီးပါးကြာသည့် အဆိုပါတိုက်ပွဲတွင် ဗိုလ်ဘိ ဦးဆောင်သည့်တပ်ဖွဲ့က စစ်ရေးအရ အချက်အခြာကျသည့် မီးဆိုင်းရွာတံတား၊ လက်ခတ်ရွာ တံတားနှင့် အခြား တံတားတစင်းတို့ကို ဖျက်ဆီးလိုက်သည်ဟု ဗိုလ်ဘိအဖွဲ့က ပြောသည်။

တံတား ၃ စင်းဖျက်ဆီးလိုက်သည့် သတင်းနှင့်ပတ်သက်၍ ဧရာဝတီက သီးခြားအတည်ပြုချက်ရယူနိုင်ခြင်း မရှိသေးပါ။

တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်၍ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA)တပ်ရင်း ၁၀၁ ၏ တပ်ရင်းမှူး ဒု ဗိုလ်မှူး ကြီးဖောဒိုက“မနေ့ညနေ ၄ နာရီကနေ ၆ နာရီအထိဖြစ်တာ စိုးနိုင်က မြန်မာအစိုးရကိုသစ္စာခံပြီး ကိုယ့်အချင်းချင်းပြန်တိုက်ဖို့လုပ်လို့ ဗိုလ်ဘိအဖွဲ့က သွားတိုက်တာ၊ တိုက်ပွဲမှာစိုးနိုင်ကျသွားတယ်၊ အဲဒီ ဒေသမှာ စစ်ရေးအရ လုံးဝတင်းမာသွားပြီ” ဟုဧရာဝတီသို့ ပြောသည်။

KNLA တပ်မဟာ ၇ ၏ တပ်မဟာမှူး ဗိုလ်မှူးချုပ် ဂျော်နီကလည်း ယမန်နေ့က ဖြစ်ပွားခဲ့သည့်တိုက်ပွဲကို အတည်ပြုပြောကြား ပြီး အသေးစိပ် အခြေအနေများကို မသိရှိရသေးကြောင်း ပြောဆိုသည်။

ဗိုလ်ဘိ ဦးဆောင်သောအဖွဲ့သည် လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့ညကလည်း ကမမောင်းရွာရှိ အစိုးရ စစ်တပ် ၏ တပ်စခန်းတခုကို ၀င်ရောက်တိုက်ခိုက်ရာ ဒေသခံရွာသားတဦး သေဆုံးပြီး တံတားတစင်း ပျက်စီးခဲ့သည်ဟု ဒေသ ခံရွာသားများက ပြောသည်။

ဘားအံမြို့ခံ ကရင်နိုင်ငံရေးပါတီတခု၏ တာဝန်ရှိသူတဦးက ဘားအံမြို့မှတဆင့် အစိုးရစစ်တပ်များ လှိုင်းဘွဲ့မြို့နယ်ဘက် သို့ ကုန်းလမ်း ရေလမ်းများမှတဆင့် လက်နက် ခဲယမ်းများနှင့် အင်အားတိုးမြှင့်ပို့ဆောင်မှုများ ရှိနေသဖြင့် ကရင်ပြည်နယ် အတွင်း မကြာမီ စစ်မီး တောက်လောင်နိုင်သည်ဟု သုံးသပ်ပြောကြားသည်။

ဗိုလ်ဘိ ဦးဆောင်သည့်အဖွဲ့ကို ပြန်လည်စည်းရုံး၍နားချပေးရန် ကရင်ပြည်နယ်အစိုးရအဖွဲ့ က DKBA နာယက ဆရာတော် နှင့် အကြံပေးအဖွဲ့များကို စေလွှတ်ခဲ့သော်လည်း ဗိုလ်ဘိ ခွဲထွက်အဖွဲ့က လုံးဝလက်ခံခြင်းမရှိဟုလည်း ၎င်းကပြောသည်။

DKBA သည် ယခင် နအဖ စစ်အစိုးရ ကမ်းလှမ်းသည့် နယ်ခြားစောင့်တပ်အဖြစ် ၂၀၁၀ ပြည့်နှစ် သြဂုတ်လ ၁၈ ရက်နေ့မှ စတင် အသွင်ပြောင်းခဲ့ပြီး လက်ရှိတွင် တပ်ရင်း ၁၀ ရင်းရှိရာ အင်အား၂၀၀၀ ၀န်းကျင်ရှိကြောင်း DKBA တာဝန်ရှိသူများက ပြောဆိုထားသည်။

ဗိုလ်မှူးကြီး စောလားပွယ် ဦးဆောင်သည့် DKBA တပ်မဟာ ၅ တပ်ဖွဲ့သည် နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို လက်မခံဘဲရွေး ကောက်ပွဲ ကျင်းပနေသည့်၂၀၁၀ နိုဝင်ဘာ ၇ ရက်နှင့် ၈ ရက်နေ့များမှစတင်၍ ကရင်ပြည်နယ်အတွင်းရှိ အစိုးရတပ်များကို တိုက်ပွဲများ ဆင်နွှဲခဲ့သည်။

DKBA သည် ၁၉၉၄ ခုနှစ်တွင် KNU မှ ခွဲထွက်၍ ယခင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ဖြစ်သည်။
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment