Tuesday, July 26, 2011

စစ်ရာဇဝတ်မှု ကျူးလွန်သည်ဟုဆိုသူ သြစတြေးလျတွင် ထပ်ပေါ်ပြန်

    
နယူးဒေလီ(မဇ္ဈိမ) ။        ။ မိမိကိုယ်ကို စစ်ရာဇဝတ် ကျူးလွန်သူဟု ထုတ်ဖေါ်ပြောဆိုခဲ့သူ ဦးထူးထူးဟန်ကဲ့သို့ပင် သြစတြေးလျနိုင်ငံတွင် နေထိုင်သည့် မြန်မာဒုက္ခသည် ကရင်အမျိုးသားတဦးကလည်း စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့ကြောင်း သြစတြေးလျ မီဒီယာများမှတဆင့် ထုတ်ဖော် ပြောဆိုလာပြန်သည်။
သြစတြေးလျ နိုင်ငံသား ဖြစ်နေသူ အသက် ၄၄ နှစ်အရွယ် ကရင်အမျိုးသား စောမွန်းဆာဆိုသူက ၁၉၈၄ ခုနှစ်မှ
၁၉၈၇ ခုနှစ်အထိ  မြန်မာစစ်တပ် ဘက်မှ သူလျှိုအဖြစ် ကရင်အမျိုးသား အစည်းအရုံး (KNU)သို့ ဝင်ရောက်ခဲ့ကာလူ ၅ဝ ခန့် သတ်ဖြတ်ခဲ့ ကြောင်း သူ၏ ဝန်ခံချက်ကို ဆစ်ဒနီ မော်နင်းဟာ ရဲလ်က Sydney Morning Herald ဖော်ပြခဲ့သည်။

ကိုစောမွန်းဆာသည် ၁၉၉၈ ခုနှစ်တွင် KNU တပ်မှထွက်ခဲ့ပြီးနောက် ထိုင်းမြန်မာ နယ်စပ်ရှိ ဒုက္ခသည်စခန်းမှ သြစတြေးလျနိုင်ငံ ဘရစ်ဘန်းမြို ၂ဝဝ၆ ခုနှစ်ကပင် ဇနီးနှင့်သားသမီး ၅ ဦးနှင့်အတူ အခြေချ နေထိုင်လျှက် ရှိသည်။

သူသည် KNUတွင် တပ်ကြပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ဘူးသူ ဖြစ်သည်ဟု မီဒီယာသို့ ပြောကြားသော်လည်း အကြောင်းအရာများ မှန်ကန်မှု ရှိမရှိ အတည်မပြုနိုင်ကြောင်း သြစတြေးလျနိုင်ငံရှိ ကရင်လူမျိုးအဖွဲ့ (Australia Karen Organization)က မဇ္ဈိမကို ပြောသည်။

“သူပြောတဲ့ ဇာတ်လမ်းက မယုံခက်ခက်၊ ယုံခက်ခက်ပဲ၊ သူ့ကိုသိတာ တော့ တပ်ရင်း ၁၂ ဖွဲ့စည်းတော့ သူက ၂ ရစ်ပေါ့။ တပ်မှာ မပျော်လို့ ထွက်သွားဖူးတယ်။ နောက်ပိုင်း ကမ့်ထဲမှာသွားနေတာ” ဟု ဘရစ်ဘန်းမြို့တွင် နေထိုင်သူ AKO မှ ဒုဥက္ကဋ္ဌ ဖြစ်သူ ဦးစောထိုလီဝါးက ပြောသည်။

ကိုစောမွန်းဆာ၏ နောက်ကြောင်းနှင့် သူ့ပြောချက်များနှင့် ပတ်သတ်သည့် အချက်အလက်များကို AKO မှ ဆက်လက် စုံစမ်းဆဲဟု ဆိုလည်းဆိုသည်။

ကိုစောမွန်းဆာထံသို့ မဇ္ဈိမက ဆက်သွယ်ခဲ့ရာ မိသားစု အလုပ်ဖြင့် မအားလပ်သဖြင့် သူ့အကြောင်း အပြည့်အစုံ ပြောပြရန် ငြင်းဆန်ခဲ့သည်။

“ကျနော်က ကလေးတွေနဲ့ အလုပ်ရှုပ်နေတယ်၊ နောက်ပြီး ရှေ့နေနဲ့လည်း ကျနော့်အမှုအတွက် ပြောဖို့ရှိနေလို့ မအားလို့ပါ”ဟု ကိုစောမွန်းဆာက မဇ္ဈိမကို ပြောသည်။

သြစတြေးလျ ပြည်ထောင်စုရဲတပ်ဖွဲ့ က မီဒီယာမှတဆင့် သူ့၏ စစ်ရာဇဝတ်မှု ဝန်ခံချက်များကို စုံစမ်းရန် အင်္ဂါနေ့တွင် လာရောက်မည်ဟုလည်း သူက ဆိုသည်။

သြစတြေးလျ ဘရစ်ဘန်းတမြို့မှပင် လွန်ခဲ့သော ရက်ပိုင်းအတွင်းက မိမိကိုယ်ကို စစ်ထောက်လှမ်းရေး ဗိုလ်ဟောင်းဟု ဆိုသူ ကိုထူးထူးဟန်ကလည်း စစ်ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြောင်း မီဒီယာများတွင် ပြောခဲ့သေးသည်။

လူအမြောက်အများ သတ်ဖြတ်သည် ဆိုခြင်းကို တယောက်ပြီး တယောက် ထုတ်ဖော် ပြောဆိုနေကြခြင်းနှင့် ပတ်သက်၍ ဖျက်သိမ်းပြီး ဖြစ်သည့် စစ်ထောက်လှမ်းရေး ဟောင်းများကမူ  ခိုင်လုံမှု မရှိဟု ယူဆကြသည်။

“နှစ် ၂ဝကျော် လုပ်လာခဲ့တာ ထူးထူးဟန်ဆိုတာ ကျနော်တို့ စာရင်းမှာလဲ မရှိပါဘူး၊ ၈၈ မှာသူလှုပ်ရှားတော့ အသက် ၂၁ တောင် မရှိသေးဘူး၊ တပ်မှာက ဗိုလ်ဆိုရင် အသက် ၂၄ ကျော်မှဖြစ်တာ၊ သူပြောတာတွေက အခြေအမြစ် မရှိဘူး” ဟု အမေရိကန် နိုင်ငံ ဝါရှင်တန်ဒီစီ တွင်နေသော  ထောက်လှမ်းရေး အရာရှိဟောင်း ဗိုလ်မှူးအောင်လင်းထွဋ်က ပြောသည်။

အမေရိကန် နိုင်ငံရှိ မြန်မာသံရုံး၏ လက်ထောက် သံရုံး တာဝန်ခံဖြစ်ခဲ့သူ ဦးအောင်လင်းထွဋ်က “တယောက်ပြီး တယောက် ထွက်လာတယ်ဆိုတော့ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့တာတွေနဲ့ ပတ်သတ်ပြီး မှေးမှိန်သွားအောင်
 နောက်ကွယ်မှာ ရည်ရွယ်ချက် မရှိဘူးလို့ ပြောလို့ မရပါဘူး” ဟု ဆိုသည်။

စစ်ထောက်လှန်းရေး MI - 6 တွင် ဗိုလ်အဖြစ် တာဝန်ထမ်းနေစဉ် ၈၈ အရေးအခင်းကာလအတွင်း တောင်ဥက္ကလာ အခြေခံပညာ အထက်တန်း ကျောင်းသားများသမဂ္ဂ (အကသ) အတွင်းရေးမှူးအဖြစ် သူလျှိုလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း ကိုထူးထူးဟန်က မဇ္ဈိမနှင့် အင်တာဗျူးတွင် ပြောဆိုခဲ့သည်။

မြန်မာသံရုံး တာဝန်ထမ်း ဆောင်ခဲ့သူ နိုင်ငံခြားရေးဌာန ဝန်ထမ်းဟောင်း ဦးစိန်လွင်ကလည်း “ဒုက္ခသည်က စစ်ရာဇဝတ်မှု ကျူးလွန်သူ မဖြစ်ရဘူးလို့ ပါတယ်၊ ဒုက္ခသည် ကာလမှတော့ ဒါကို ဝန်မခံဘဲနဲ့ သြစတြေးလျ နိုင်ငံသားဖြစ်ပြီး အရေးယူလို့ မရတော့မှ ဒါကိုထပြီး လုပ်တာက မရိုးသားဘူး။ ပေါ်ပြူလာဖြစ်အောင် စတန့်ထွင် တယ်လို့ပင် ထင်တယ်” ဟုဆိုသည်။

သူကဆက်ပြီး “သံရုံးတွေကနေပဲ ထောက်လှမ်းရေး ကိစ္စတွေကို လုပ်ပေးရတော့ လွှတ်ထားတာတွေ ရှိပါတယ်။ ဒါပေမယ့် သြစတြေးလျ သံရုံးက သတင်းပေးလုပ်တဲ့ အထဲမှာ သူမပါဘူး။ သူနဲ့အတူ ၉ ယောက်ဆိုတာလည်း မရှိဘူး” ဟု ပြောသည်။

ဦးထူးထူးဟန်က သူနှင့်အတူ စစ်ထောက်လှမ်းရေးအဖြစ် လုပ်ကိုင်ခဲ့သူ ၉ ဦး သြစတြေးလျနိုင်ငံတွင် ရှိနေကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။ သို့သော် ကိုစောမွန်းဆာကိုမူ  တမြို့တည်း နေထိုင်သော်လည်း အဆက်အသွယ် မရှိကြောင်း ဦးထူးထူးဟန်က ဆက်ပြောခဲ့သည်။
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment