Saturday, December 3, 2011

ကျက်သရေ တုံးလိုက်လေခြင်း


ဒီဓါတ်ပုံကို ကြည့်လိုက်တဲ့ အချိန် ကျနော့ရဲ့ ရင်ထဲကနေ တဆင့် ပါးစပ်ဖျားကနေ ထွက်ကျလာရတဲ့ စကားလုံးလေး ကတော့ ကျက်သရေ တုံးပါတယ် ဆိုတဲ့ စကားလုံးလေးပါပဲ။ ဘာဖြစ်လို့ပါလိမ့်။ အမေရိကန်နဲ့ ယနေ့  မြန်မာပြည်က အုပ်ချုပ်နေသူတွေ တွေ့ကြဆုံကြ ဆွေးနွေးကြတာတွေကို အဆိုးမြင်ပြီး ပြောနေတာ မဟုတ်ရပါ။ မြန်မာပြည်ကို အုပ်ချုပ်နေပါတယ် ဆိုတဲ့ သမ္မတ အပါအ၀င် တာဝန်ရှိသူတွေရဲ့ ၀တ်ပုံစား ပုံလေးတွေကို အမြင်ကပ်ချင် စရာ ကောင်းလွန်းလို့ ထွက်လာတဲ့ စကားလုံးလေးပါ။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး လေယဉ်ပေါ် ဆင်းပြီး မြန်မာမြေကြီးပေါ် နင်းလိုက်တဲ့ အချိန် ပထမဦးဆုံး လာရောက်နှုတ်ဆက်တဲ့ တာဝန်ရှိသူ ဆိုတဲ့ လူတွေက တိုက်ပုံအကျီာင်္၊ လုံချည် တကားကားနဲ့ အမျိုးကို တကယ် ချစ်လှပြီး ယဉ်ကျေးသိမ်မွေ့ကြောင်း ပြတာလောက် အမြင်ကပ်စရာ ဘယ်အရာမှ မရှိနိုင်တော့ပါဘူး။ တဆက်ထဲ သွားပြီး ပြန်ပြေးယောင် မိတာက ၁၉၉၇ခုနှစ် မြန်မာပြည်ကို အာဆီယံထဲ ၀င်ခွင့်ပေးတဲ့ အချိန် က နိုင်ငံခြားရေး ၀န်ကြီး ဦးအုံးဂျော်ဆိုသူဟာလည်း နိုင်ငံတကာ အလယ်မှာ ထူးထူးခြားခြား အဲဒီဝတ်စုံကို ၀တ်ပြ သွားခဲ့တာပဲ ဖြစ်ပါတယ်။ သူတို့ကိုယ် သူတို့ ကျက်သရေ တော်တော်လေး ရှိလှပြီလို့ ထင်နေကြလား မသိဘူး။ သမိုင်း တလျှောက်လုံး အိမ်နီးချင်း နိုင်ငံတွေကို အနိုင်ကျင့် ရန်စ စော်ကားပြီး တမြေတည်းနေ တရေတည်း သောက်နေသူ ညီအစ်ကို တိုင်းရင်းသားတွေကို ဖိနှိမ့်အနိုင်ကျင့်ကာ လူမျိုးတူ အချင်းချင်းထဲမှာပင် မညှာမတာ သတ်ဖြတ်နှိမ့် စက်နေကြသူတွေက ဘုရားတရား သမားလိုလို စိတ်ထား မွန်မြတ်တဲ့ သူတော်ကောင်းကြီး လိုလို လာဟန်ဆောင် ပြနေတာလောက် ဘယ်လိုမှ ကျက်သရေ ရှိလာမှာ တော့ မဟုတ်ဘူး။ လူမျိုးပေါင်းစုံ နေထိုင်တဲ့ မြန်မာပြည်ထဲမှာ လူမျိုးတိုင်းလိုလို ကိုယ်ပိုင် ၀တ်စား ဆင်ယင်မှုတွေ ကိုယ်စီရှိကြပါတယ်။ တိုက်ပုံအကျီာင်္နဲ့ လုံချည်ဆိုတာကလည်း မြန်မာပြည်ထဲက ဗမာဆိုတဲ့ လူမျိုးကို ကိုယ်စားပြုတဲ့ အ၀တ်အစားတခု ဖြစ်ပြီး စစ်မှန်တဲ့ ဒီမိုကရေစီ ဖော်ဆောင်ကြမယ် ဆိုရင် အဆိုပါ -၀တ်စား ဆင်ယင်မှုတွေကို သတိထားဝတ်ဆင်ဖို့ လိုအပ်ပါတယ်။ ဗမာ အ၀တ်အစားကြီးကို နိုင်ငံတကာအလယ်မှာ ၀တ်ပြလိုက်ခြင်းအားဖြင့် မြန်မာပြည်ထဲက တိုင်းရင်းသားတွေ အားလုံးကို ကိုယ်စားပြုရာ မရောက်သလို ခေတ်အဆက်ဆက် ဖိနှိမ့် အနိုင်ကျင့် ခံနေရတဲ့ တိုင်းရင်းသားတွေရဲ့ အမြင်ထဲမှာ မဟာဆန်မှု၊ လူမျိုးရေး အစွဲကြီးမှုလို့ပဲ မြင်ယောင်လာနိုင်ပါတယ်။ တကယ်တော့ ကမ္ဘာ့အလယ်မှာ  သွားပြီး ဟန်ဆောင် ယဉ်ကျေးပြနေစရာ မလိုပါဘူး။ အလုပ်နဲ့ သက်သေပြဖို့သာ လိုပါတယ်။ ပြည်သူတရပ်လုံးကို နှိမ့်ဆက်ညှင်းပန်း ခဲ့တဲ့ လူတွေက နိုင်ငံတကာ မြင်ကွင်းတွေမှာ ယဉ်ကျေးကြောင်း ဟန်ဆောင်ပန်ဆောင် လုပ်ပြနေတာကတော့ ကျနော့ရဲ့ မျက်စိရှေ့ထဲမှာ ဘယ်လိုနည်းနဲ့မှ ကျက်သရေ ရှိလာမယ် မထင်ကြောင်း တင်ပြလိုက်ရပါတယ်။
ဝန်ခံချက်- ရင်းတွင်းခံစားချက်ဖြင့် ရေးသားထားပါတယ်။
အဲခေါင်သောင့်(ဒီဇင်ဘာလ ၃ရက်၊ ၂၀၁၁)
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment