Tuesday, July 24, 2012

နော်ဝေ အစိုးရနှင့် ဖြတ်လေး ဖြတ် အစီအစဉ်

အဲခေါင်သောင့်၊ ဇူလိုင် ၂၄ရက်၊ ၂၀၁၂ခုနှစ်
၂၀၁၀နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသား လွတ်လာတာနဲ့ အစိုးရက ငြိမ်းချမ်းရေးဖော်ဆောင်လာတာတွေကို ကမ္ဘာက ပြောင်းလဲလာပြီလို့ ထင်မှတ်ကြပြီး မြန်မာပြည်တွင်းမှာ သွားရောက် ကူညီမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

အဲဒီလို ပြောင်းလဲလာပြီလို့ ထင်မှတ်ပြီး သွားရောက်ကူညီ သူတွေထဲမှာ တချိန်က မြန်မာ ပြည်ကို စီးပွားရေး ပိတ်ဆို့မှုတွေ အကြီးအကျယ် လုပ်ခဲ့တဲ့ အနောက် နိုင်ငံကြီးတွေက ထိပ်ဆုံးကနေ ပါဝင်နေတာကို တွေ့ရပါတယ်။ ယခုအခါ သူတို့တွေဟာ တချိန်က အရေးယူ ပိတ်ဆို့မှုတွေကို ပြန်လည် ရုပ်သိမ်းပြီး သွားရောက်ကူညီခဲ့ကြတာလည်း ဖြစ်ပါတယ်။


အိုင်ဒီပီတွေနဲ့အတူ ဓါတ်ပုံအရိုက်ခံတဲ့ နော်ဝေ နိုင်ငံခြားရေး ၀န်ကြီးနဲ့ နှစ်ဖက်ခေါင်းဆောင် အချို့

အဲဒီအထဲမှာ နော်ဝေ အစိုးရလည်း ထိပ်ဆုံးကနေ အပါအ၀င်ဖြစ်ပြီး အထူးခြားဆုံးကတော့ လက်ရှိ အစိုးရ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေး၊ အိုင်ဒီပီ အရေးတွေနဲ့ ဒုက္ခသည်များအရေး ကို ထဲထဲဝင်ဝင် အားတက်သရော ကူညီထောက်ပံတာတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီလို ထဲထဲဝင်ဝင် အားတက်သရော ကူညီတာတွေရဲ့ နောက်ကွယ်မှာ ဘာတွေရှိသလဲ ဆိုတာတွေက ကာယကံရှင်တွေသာ အသိဆုံး ဖြစ်ပေမယ့်လည်း လက်ရှိ လုပ်ဆောင်ချက်တွေအပေါ် ဆိုး၏ ကောင်း၏ဆိုတာကိုတော့ အချိန်မှီ သုံးသပ်နိုင်အောင်နဲ့ တားဆီးသင့်လျှင် တားဆီးသွားနိုင်ဖို့ လွန်စွာပင် အရေးကြီးပါတယ်။

အဘယ်ကြောင့်ဆိုသော် လက်ရှိ နော်ဝေအစိုးရရဲ့ အိုင်ဒီပီတွေ အပေါ် ကူညီလုပ်ဆောင်မှုတွေထဲမှာ စိုးရိမ်ရတာတွေနဲ့အတူ အန္တရာယ်တွေက အိုင်ဒီပီတွေ အပေါ် ကျရောက်လာနိုင်တာတွေကို တွေ့နေရလို့ပဲ ဖြစ်ပါတယ်။ နော်ဝေအစိုးရရဲ့ ပထမဆုံး အိုင်ဒီပီတွေ အတွက် ခြေလှမ်းကတော့  စံပြကျေးရွာ Model village တည်ပြီး မြန်မာ စစ်တပ် ကရင် လက်နက်ကိုင် တပ်နှင့် ပြည်တွင်း ဒုက္ခသည်တွေကို စုပေါင်း နေထိုင်စေမယ် ဆိုတာပဲ ဖြစ်ပါတယ်။ 

စားနပ်ရိက္ခာတွေ ကူညီထောက်ပံ့ပြီး အသက်မွေးဝမ်းကြောင်း အလုပ်တွေ ဖွံဖြိုးရေး လုပ်ငန်းတွေ လုပ်ဆောင်ပေးမှာ ဖြစ်ပြီး လက်ရှိ ကရင်တပ်နဲ့ မြန်မာ တပ်ကြား အရင် စမ်းသပ်မှာ ဖြစ်ကာ ပဲခူးတိုင်း ညောင်လေးပင်မှာ စမ်းသပ်မှာ ဖြစ်တယ်လို့လည်း နော်ဝေ နိုင်ငံခြားရေး ဌာနက တရားဝင် ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။ တဆက်ထဲ ထားဝယ်နဲ့ ဒူးပလာယာဘက်မှာလည်း ဆက်လက် အကောင်အထည် ဖော်သွားမယ်လို့ ဆိုထားတဲ့အပြင် အောင်မြင်မှုရှိရင် တနိုင်ငံလုံးအတိုင်းအတာအထိ ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း ဆိုထားပါသေးတယ်။

ယခုလို အိုင်ဒီပီတွေအတွက် Model Village တွေ တည်ဆောက်ပေးနေပြီး တဖက်မှာလည်း ယခင်ရှိနှင့်ပြီးသား အိုင်ဒီပီ ထောက်ပံ့မှုတွေကို လျှော့ချလိုက်တာတွေ၊ ဖြတ်တောက် လိုက်တာတွေ ပြုလုပ်လာတာကြောင့် အိုင်ဒီပီတွေကို အဲဒီ Model Village မှာ သွားရောက်နေထိုင်စေဖို့ တွန်းအားတခု ဖြစ်စေပါတယ်။ ဒါကြောင့် နော်ဝေအစိုးရရဲ့ တိုင်းရင်းသားတွေ အပေါ် လုပ်ဆောင်မှုတွေဟာ ခေတ်အဆက်ဆက် မြန်မာစစ်တပ်တွေ တိုင်းရင်းသား ဒေသမှာ ကျင့်သုံးနေတဲ့ ဖြတ်လေးဖြတ် စနစ်နဲ့ အတူတူပင် ဖြစ်တယ်လို့လည်း ဝေဖန်သံတွေ ကျယ်ကျယ်လောင်လောင် ထွက်လာခဲ့ပါတယ်။

မြန်မာစစ်တပ်တွေ သုံးနေတဲ့ ဖြတ်လေးဖြတ်ဆိုတာကတော့ ရိက္ခာဖြတ်၊ ဘဏ္ဍာငွေဖြတ်၊ သတင်းအဆက်အသွယ်ဖြတ်နှင့် လူထုနှင့်အဆက်အသွယ်ဖြတ်ပဲ ဖြစ်ပါတယ်။ အဆိုပါ ဖြတ်လေးဖြတ် အစီအစဉ်ကို အာဏာရှင်ဟောင်း ဦးနေ၀င်း အာဏာသိမ်းအပြီး ၁၉၆၃ခုနှစ်ကနေ ၁၉၈၀နောက်ပိုင်းအထိ ကျင့်သုံးခဲ့တာ ဖြစ်တယ်။ အဲဒီအချိန်က ဗမာပြည် ကွန်မြူနစ်ပါတီနဲ့ ကေအဲန်ယူအဖွဲ့ကို အမြစ်ပြတ်ချေမှုန်းရန် အဲဒီအစီအစဉ်နဲ့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး နောက်ဆက်တွဲကတော့ လူထုတွေပဲ ဒုက္ခပင်လယ်ဝေခဲ့ရပါတယ်။

လက်ရှိ ကျနော်တို့ နိုင်ငံရဲ့ လက်နက်ကိုင် ပဍိပက္ခရဲ့ အကြောင်းရင်းက နိုင်ငံရေး ပြသာနာကို မဖြေရှင်းနိုင်လို့ ပဲဖြစ်ပါတယ်။ ဒီလို နိုင်ငံရေး ပြသာနာကို မဖြေရှင်းနိုင်သေးပဲနဲ့ ယခုလို Model Villageမှာ အတူတကွ နေထိုင်ထိုင်ကြမယ်ဆိုရင် အိုင်ဒီပီတွေအတွက် စိုးရိမ်ရမယ့် အနေအထားပါ။ အဲဒီမှာ တိုက်ပွဲ မဖြစ်နိုင်ဘူးလို့ ဘယ်သူ အာမခံရဲပါသလဲ။
 အဲဒီ အိုင်ဒီပီတွေရဲ့ လုံခြုံရေးကို ဘယ်သူတာဝန်ယူမလဲဆိုတာတွေ မေးခွန်းထုတ်စရာတွေ ဖြစ်လာပါတယ်။

ယနေ့ အပစ်အခတ် လက်မှတ် ရေးထိုးပြီးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ မြန်မာစစ်တပ်တွေ သေနတ်သံ ပြန်ပေါက်တာတွေ ခဏခဏ ကြားနေရတော့ လက်ရှိ နော်ဝေအစိုးရ အကောင်အထည်ဖော်မယ့် လုပ်ငန်းဟာလည်း သံသရတွေ အများကြီး ရှိလာစေပါတယ်။ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ စားပွဲဝိုင်းပေါ်မှာ ပြောဆိုဖို့ အရိပ်အရောင်တွေက ပြောင်းလဲနေပါပြီဆိုတဲ့ လက်ရှိအစိုးရမှာ မတွေ့ရသေးပါဘူး။

အဆိုးဆုံးကတော့ ကချင်ဒေသမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေသလို အပစ်ရပ်ထားပါတယ် ဆိုတဲ့ ရှမ်းလက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ အခြားလက်နက်ကိုင် တပ်ဖွဲ့တွေနဲ့လည်း တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေလျှက် ရှိပါတယ်။ ကရင်ဒေသမှာလည်း အဲလို တိုက်ပွဲမျိုး မဖြစ်နိုင်ဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး။

ဒီတော့ လက်ရှိ နော်ဝေအစိုးရ လုပ်ဆောင်နေတဲ့ အစီအစဉ်ဟာ စေတနာနဲ့ လုပ်သည်ဖြစ်စေ လက်ရှိ မြန်မာ အစိုးရအကြိုက် ဖွံဖြိုးရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ လုပ်ဆောင်နေတာပဲဖြစ်စေ လူထုအတွက် အကျိုးမရှိရင်တော့ ၀ိုင်းဝန်းကန့်ကွက်ကြရမည်သာ ဖြစ်တယ်။ တဖက်မှာလည်း နော်ဝေနိုင်ငံရဲ့ မြန်မာနိုင်ငံမှာ အကျိုးအမြတ်တွေ ရရှိစေဖို့ ရင်းနှီးမြုပ်နှံမှုတွေ အတွက် မြန်မာအစိုးရအကြိုက် လုပ်ဆောင်ပေးနေသလားဆိုတာ သံသရတွေ ရှိစေပါတယ်။

နော်ဝေနိုင်ငံဟာ မြန်မာနိုင်ငံထဲမှာ ရင်းနှီးမြုပ်နှံမှုအချို့ ပြုလုပ်ထားပြီး လက်ရှိမှာလည်း နော်ဝေနိုင်ငံ၏ အကြီးဆုံး မိုဘိုင်းဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ တယ်လီနောအုပ်စု (Telenor Group) က မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ စိုင်းပြင်းနေလျက်ရှိသလို တခြား စီးပွားရေး လုပ်ငန်းတော်တော် များများကိုလည်း ရင်းနှီးမြုပ်နှံဖို့ ချည်းကပ်မှုတွေ အမျိုးမျိုးကိုလည်း တွေ့ရပါတယ်။

 နော်ဝေအစိုးရဟာ ဒီလို ရင်းနှီးမြုပ်နှံမှုတွေ ရရှိဖို့ လက်ရှိ အစိုးရအကြိုက် မအေးချမ်းသေးတဲ့ တိုင်းရင်းသားဒေသတွေမှာ  ဖွံဖြိုးရေး လုပ်ငန်းတွေ အစောတလျင်ပြုလုပ်ချင်နေတဲ့ အရိပ်အရောင် တွေ့ရပါတယ်။ နော်ဝေအစိုးရအနေနဲ့ တကယ် စေတနာ မှန်ကန်မယ်ဆိုရင် အရင်ဆုံး ကူညီလုပ်ဆောင်ပေးသင့်တာကတော့ လက်ရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်နဲ့ အစိုးရတပ်တို့ရဲ့ ခိုင်မာတဲ့ အပစ်အခတ် ရပ်စဲနိုင်ဖို့ပါ။ အဲဒီကနေတဆင့် လိုအပ်နေတဲ့ နိုင်ငံရေးပြသာနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်မှသာ ဖွံဖြိုးရေး လုပ်ငန်းတွေကို စတင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် အိုင်ဒီပီတွေ နှစ်ပေါင်း များစွာ တောထဲတောင်ထဲမှာ ပြေးလွားပုန်းရှောင်နေရပြီးမှ ယခုလို ဘ၀အာမခံချက်တွေ လုံခြုံမှုတွေ မတွေ့ရပဲ  ကြီးမားတဲ့ အန္တရာယ်တွေ ရှိလာနိုင်တဲ့ Model Villageအစီအစဉ်ကို အကောင်အထည် ဖော်နေကြသူတွေဖြစ်တဲ့ ဖွံဖြိုးရေး စကားလုံးတွေ တွင်တွင်သုံးပြီး နိုင်ငံရေးပြသာနာကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းချင်ပဲ လမ်းလွဲသွားချင်နေတဲ့ လက်ရှိ မြန်မာအစိုးရကိုသော် လည်းကောင်း၊ ရင်းနှီးမြုပ်နှံမှု တခုအတွက်နဲ့ မြန်မာအစိုးရအကြိုက် ဖွံဖြိုးရေး လုပ်ငန်းတွေ လုပ်ဆောင်ပေးမယ့် နော်ဝေအစိုးရ ကိုသော်လည်းကောင်း၊ ပိုက်ဆံရမယ်ဆို ဘ နဖူးတောင် သိုက်တူးယုံမက အမျိုးသားကို ပင် သစ္စာဖောက်မယ့် သူတွေ တချို့ကိုသော်လည်းကောင်း၊ အမျိုးသားရေး တာဝန်တရပ်အနေနဲ့  ပြတ်ပြတ်သားသား ၀ိုင်းဝန်းဆန့်ကျင်ရန် အချိန်တန်ပြီ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။



Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment