Sunday, August 12, 2012

အပြောနှင့် အလုပ် ညီမညီ စောင့်ကြည့်နေကြောင်းနှင့် မိမိတို့လက်နက် မိမိတို့လက်ထဲတွင် ရှိနေကြောင်း မြန်မာအစိုးရကို ဗိုလ်မှူးချုပ် သူရစောဂျော်နီ သတိပေးပြောဆို

အဲခေါင်သောင့်၊ သြဂုတ်လ ၁၂ရက်၊ ၂၀၁၂ခုနှစ်။

လက်ရှိ အကောင်အထည် ဖော်ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး ဖြစ်စဉ်အတွင်း မြန်မာ အစိုးရက အပြောနှင့် အလုပ် ညီ မညီကို စောင့်ကြည့်နေကြောင်း နှင့် မိမိတို့ လက်နက်မိမိတို့ လက်ထဲတွင် ရှိနေသည့် အကြောင်း ကေအဲန်ယူ တပ်မဟာ ၇တပ်မဟာမှူး ဗိုလ်မှူးချုပ် သူရစောဂျော်နီက ယနေ့ ကျရောက်သည့် ၆၂ပြည့် ကရင့်အာဇာနည်နေ့တွင် သတိပေးပြောကြားလိုက်သည်။

 

ဗိုလ်မှူးချုပ် သူရစောဂျော်နီက" အပစ်ရပ် တာ ခိုင်ခိုင်မာမာရှိမှ နိုင်ငံရေး ဆွေးနွေးတဲ့အခါ ကိုယ့်အမျိုးသား အခွင့်အရေးကို တောင်းရမယ်။ ဒါပေမယ့် မြန်မာအစိုးရက သူပြောသလို လိုက်နာ မလိုက်နာ ညီမညီတော့ ကျနော်တို့ စောင့်ကြည့်နေတယ်။ ဒါမယ့် ကျနောတို့လက်နက်က ကျနော်တို့လက်ထဲမှာ ရှိနေတယ်။ တကယ်လို့ သူပြောသလို သူမလုပ်ရင် အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်ခဲ့ရင်တောင် ကေအဲန်ယူကြောင့် ဖြစ်မှာ မဟုတ်ဘူး။ သူကြောင့်ပဲဖြစ်မယ်"ဟု ကွယ်ကလူ သတင်းဌာနကို ပြောဆိုသွားသည်။

 ဗိုလ်မှူးချုပ် သူရ စောဂျော်နီသည် ကေအဲန်ယူနှင့် မြန်မာ အစိုးရတို့၏ ငြမ်းချမ်းရေး ပထမအကြိမ် ဆွေးနွေးပွဲတွင် ကေအဲန်ယူ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ၏ ကိုယ်စားလှယ် အနေဖြင့်  ဖားအံမြို့ ခရီးစဉ်တွင် လိုက်ပါ ဆောင်ရွက်ခဲ့သူ ဖြစ်ပြီး အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်သည့် အခြေအနေကိုလည်း ယခုလို ပြောဆိုသွားသည်။

  "အနှစ် ၆၀ကျော်အတွင်းမှာ မြန်မာ အာဏာရှင် အဆက်ဆက်က နိုင်ငံရေးနည်းကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းခဲ့လို့ စစ်ရေးနည်းနဲ့ ဖြေရှင်းခဲ့တာ ဖြစ်တယ်။ အဲဒါကြောင့် အနှစ် ၆၀ကြာရတာ။ မြန်မာအစိုးရ တွက်လို့ရလောက်ပြီး။ ကျနော်တို့ကရင်ကို မပြုတ်တိုက်မလား။ မပြုတ်ဘူး။ ယခု သူတို့နဲ့ တွေ့ဆုံတာ ၇လကျော် ၈လလာက်ရှိပြီး အဆင့်က အပစ်အခတ် ရပ်စဲရေးတောင် အခိုင်အမာ မရရှိသေးပါဘူး။ သေသေချာချာဘာမှ မလုပ်ရသေးဘူး"ဟု ပြောဆိုသည်။

ထို့အပြင် ဗိုလ်မှူးချုပ် သူရစောဂျော်နီက   မြန်မာပြည်၏ ပြည်တွင်း စစ် ပြသာနာ သည် နိုင်ငံရေး ပြသာနာ သာဖြစ်ကြောင်း၊ တော်လှန်ရေး မအောင်မြင်ရခြင်းသည် အခြေအနေအမျိုမျိုးကြောင့်နှင့် ညီညွတ်မှု မရှိခြင်းကြောင့် ဖြစ်ကြောင်း၊  ယနေ့ ကွဲပြားနေသည့် ကရင် အဖွဲ့အစည်းတွေအားလုံး လက်တွဲကြပြီး ညီညွတ်မှုကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း အခမ်းအနားတက်ရောက်လာသည့် တပ်ဗိုလ်တပ်မှူး အကြပ် စစ်သည်နှင့် လူထုတွေကို ပြောကြားသွားခဲ့သည်။

တပ်မဟာ ၇တခွင်တွင် ပြောက်ကျား ပါရဂူအဖြစ် နာမည်ကြီးသည့် ဗိုလ်မှူးချုပ် စောဂျော်နီသည် ဗိုလ်ချုပ်ထင်မောင် တပ်မဟာ ၇မှူး ဖြစ်နေစဉ်အတွင်း တပ်မဟာ ဗျူဟာမှူးတာဝန်ကို ထမ်းဆောင်ခဲ့ကာ၂၀၀၇ခုနှစ် ဗိုလ်ချုပ်ထင်မောင် နအဖနှင့် ပူးပေါင်းသွားသည့် အချိန်တွင် တပ်မဟာ ၇မှူးတာဝန်ကို ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

အဆိုပါ တပ်မဟာ ၇မှူးအဖြစ် တာဝန်ထမ်းဆောင်စဉ်အတွင်း သူ၏ ပေးဆပ် အနာနာခံမှုတွေ အပေါ် ကေအဲန်ယူ ဗဟိုမှ သူရဘွဲ့ နောက်တကြိမ် ပေးအပ် ချီးမြှင့် ခံခဲ့ရသူလည်း ဖြစ်သည်။



Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment