Saturday, September 29, 2012

"ကားလမ်းကလည်း -----ငါ့မျက်နှာလိုပဲ"ဆိုတဲ့ ကားစပယ်ယာ


လွန်ခဲ့တဲ့ ၁၀နှစ်လောက်က လှိုင်းဘွဲမြို့ကို ကိစ္စတခုနဲ့ သွားတုန်း အဖြစ်အပျက်လေး တခုပါ။ ဖားအံကနေ လှိုင်းဘွဲမြို့ကို သွားမယ်ဆိုရင် ဖားအံမြို့ပြင်က လေယဉ်ကွင်း၊ အဲဒီကနေတဆင့် တောင်ကလေးရွာ၊ ဖားအံ အကျဉ်းထောင်တွေကို ဖြတ်ရမှာ ဖြစ်ပြီး  အဲဒီကနေ တောက်လျှောက် ထီးဖိုးခလုံးရွာအထိ ကတ္တရာ ခင်းထားတဲ့ လမ်းက တော်တော်လေး ကောင်းတော့ ကားစီးရတာ အရမ်း ဖြောင့်ဖြူးပါတယ်။

ယခုလ အစောပိုင်းက ဖားအံ-မြ၀တီ ကားလမ်းပေါ်မှာ ဆိုးရွားနေတဲ့ လမ်းတွေကြောင့် ယခုလို အဖြစ်ဆိုးနဲ့ ဖြစ်ခဲ့ရတဲ့ပုံ(ဓါတ်ပုံ- Susanna Soe ဖေ့ဘွတ်ခ်)
တခုပုံထီးဖိုးခလုံးရွာ ကနေတဆင့် သွားမယ်ဆိုရင် တချိန်က ဒီကေဘီအေရဲ့ ဌာနချုပ် မြိုင်ကြီးငူကို သွားတဲ့ လမ်းခွဲရှိပြီး အဲဒီလမ်းက လမ်းသစ်ဖြစ်နေလို့  ချောမွေ့နေသော်လည်း လှိုင်းဘွဲကို ဆက်သွားမယ့် ကားလမ်းကတော့ ပြုပြင်သူ မရှိတော့ အရမ်း ဆိုးရွားတာကို တွေ့ရပါတယ်။ အဲဒီ ကတ္တရာ ကားလမ်းဟာ ကားနှစ်စီးသွားဖို့ပင် အနိုင်နိုင် အလွန်ကျဉ်းပြီး ချိုင့်ခွက်တွေကလည်း အကြီးအသေးတွေအလိုက် ကားလမ်း မျက်နှာပြင်ပေါ်မှာ အစီအရီနဲ့ နေရာယူထားပါသေးတယ်။

ထုံးစံအတိုင်း မြန်မာပြည်က နယ်တွေမှာ အသုံးများပြီး အမိုးပေါ်မှာ ထိုင်လို့ရအောင် လုပ်ထားတဲ့ တိုယိုတာ ဟိုင်းလတ် လိုင်းကားကို စီးကာ သွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီ လိုင်းကားပေါ်မှာ ကားဆရာကို လိုရင် လိုသလို ရပ်ခိုင်းလိုက် သွားခိုင်းလိုက် လုပ်ပြီး တလမ်းလုံး တွေ့သမျှ လူတွေကို "ထီလုံလား၊ လှိုင်းဘွဲလား လာ အစ်ကို အစ်မ လိုက်မလား"ဆိုပြီး သူ့ကားနဲ့ လိုက်စီးဖို့ အော်ပြောနေသူ စကားများများနဲ့ စပယ်ယာ လို့ခေါ်တဲ့ ယဉ်နောက်လိုက် တယောက်လည်း ပါပါတယ်။

အဲဒီ စကားများများနဲ့ စပယ်ယာကို ကြည့်လိုက်ပြန်တော့လည်း ကွမ်းကို မလုတ်ပလောင်း နဲ့ စားပြီး မျက်နှာပေါ်မှာတော့ ကျောက်ပေါက်နေတာကိုတော့ သတိထားလိုက်မိပါတယ်။ ဒီလိုနဲ့ ထီးဖိုးခလုံးရွာအထိ ကားလမ်းကောင်းနေတော့ အဆင်ပြေ ချောမွေ့စွာပင် ခရီး ဆက်နိုင်သော်လည်း ထီးဖိုးခလုံးရွာ အလွန်မှာတော့ ဘယ်လိုမှ အဆင်ပြေ ချောမွေ့မှု မရှိတော့ပါဘူး။ ကားလမ်းကလည်း ကြမ်း ကားမောင်းတဲ့ လူကလည်း ကြမ်းဆိုတော့ လှိုင်းစီးနေရသလိုပဲ ခရီးသည်တွေ အားလုံး လူးလိမ့်အောင် ဖြစ်ခဲ့ရပါတယ်။

ကားဆရာနဲ့ ယဉ်နောက်လိုက် စပယ်ယာတို့ရဲ့ ဆန္ဒကတော့ လှိုင်းဘွဲရောက်ရင် အမြန် ဂိတ်ပြန်ထိုးနိုင်အောင်နဲ့ နောက်တခေါက် ဖားအံ ပြန်ဆင်း လို့ရအောင် ဆိုပြီး တခြားလိုင်းကားတွေနဲ့ အပြိုင်မောင်းကြတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် တလမ်းဆုံး ရှေ့က ရောက်နေတဲ့ လိုင်းကားတွေကို အမှီလိုက် ကျော်တက်နိုင်အောင်နဲ့ နောက်က တက်လာတဲ့ လိုင်းကားတွေ သူတို့ကို အမှီမလိုက်နိုင်အောင် ကြမ်းကြမ်းတမ်းတမ်း မောင်းခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် ကံဆိုးချင်တော့ ထီလုံ မရောက်ခင်လေးမှာပဲ မမျှော်လင့်ပဲ ရုတ်တရက် ကားဘီးပေါက်ပါတော့တယ်။ ကြမ်းတမ်းတဲ့ ကားလမ်းနဲ့ ကြမ်းတမ်းစွာ မောင်းနေတဲ့ ကားဆရာတွေကြောင့် ကားဘီးခမြာ ခံနိုင်ရည် မရှိတော့ပဲ ယခုလို အဖြစ်ဆိုးနဲ့ ကြုံခဲ့ရတာ ဖြစ်ပါတယ်။ ခရီးကြန့်ကြာသဖြင့် ခရီးသည်တွေ စိတ်ညစ်နေကြသလို တွက်ခြေကိုက်အောင် ဆိုပြီး ကြိုးစားနေကြတဲ့ ကားဆရာနဲ့ ကား စပယ်ယာတို့လည်း တော်တော်လေး စိတ်ညစ်သွားပုံရပါတယ်။

ခရီးသည်တွေ အားလုံး ကားလမ်းဘေးမှာ ဆင်းခိုင်းပြီး စောင့်နေတဲ့အချိန် ကားဘီး အသစ်တပ်ဖို့ အပိုကားဘီးကို ကားပေါ်ကနေ ယူချလာတဲ့ စပယ်ယာဆိုသူရဲ့  ငြီးတွား သံတွေကြောင့် ခရီးသည်တွေအားလုံး ငိုအားထက် ရယ်အား သန်ခဲ့ရပါတယ်။ အဲဒီ ကားစပယ်ယာ ငြီးလိုက်တာကတော့

"ထွီး--ငါ့ရီး---ကားလမ်းကလည်း -----------ငါ့မျက်နှာလိုပဲ" ဆိုတာပဲ ဖြစ်ပါတယ်။

ကားလမ်းပေါ်က ချိုင့်ခွက်တွေကို နှိုင်းစရာ ရှားပြီး သူ့ရဲ့ မျက်နှာပေါ်က ကျောက်ပေါက်နေတာနဲ့ နှိုင်းပြီး ပြောလိုက်တဲ့အတွက် စိတ်ညစ်နေကြတဲ့ ခရီးသည်တွေ အားလုံး ၀ါးခနဲ ဖြစ်သွားခဲ့ရပါတယ်။ တခြားအရာတွေနဲ့ နှိုင်းရင် ရိုင်းမယ် နစ်နာမှာကို ကြောက်ပြီး တခြားလူတွေလည်း မနစ်နာရအောင် သူ့မျက်နှာလေးနဲ့ပဲ နှိုင်းလိုက်တာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

ဒါက လွန်ခဲ့တဲ့ ၁၀နှစ်က အဖြစ်အပျက်ပါ။ ယနေ့အချိန်မှာကော ခုနက ကားစပယ်ယာ ပြောသလို ကားလမ်းတွေ သူ့မျက်နှာလို ဖြစ်နေသေးသလား ဆိုရင်တော့ နည်းတောင် နည်းသေးတယ်လို့ ပြန်ဖြေရမှာ ဖြစ်ပါတယ်။ ချိုင်းခွက်နဲ့ ကားလမ်းတွေကတော့ အရင်ကထက်စာရင် ပိုများလာတယ်လို့တောင် ပြောလို့ရပါတယ်။ ကရင်ဒေသ တခုထဲ မဟုတ်ပါဘူး။ တနိုင်ငံလုံး အတိုင်းအတာနဲ့ ကားလမ်းတွေ ကြမ်းတမ်းနေဆဲပဲ ရှိပါသေးတယ်။

အဲဒါနဲ့ ဆက်စပ်ပြီး တလောက ကေအဲန်ယူနဲ့ မြန်မာအစိုးရတို့ တွေ့ဆုံဆွေးနွေးပွဲမှာ အခြေအတင် ဆွေးနွေးရတဲ့ အကြောင်းအရာလေး တခုရှိပါတယ်။ အဲဒါကတော့ ကေအဲန်ယူနယ်မြေထဲမှာ လမ်းဖောက်လုပ်ဖို့ ကိစ္စပဲ ဖြစ်ပါတယ်။  တကယ် လိုအပ်နေတဲ့ နေရာတွေမှာ လမ်းတွေကို မပြုပြင် မဖောက်လုပ်ပဲနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေ ထိမ်းချုပ်ထားတဲ့နေရာ၊ စစ်ပွဲတွေ ဖြစ်ခဲ့တဲ့ နေရာ၊ တဖက်နဲ့ တဖက် ယုံကြည်မှု တည်ဆောက်လို့ မရသေးတဲ့ နေရာတွေမှာ ယခုလို လမ်းတွေ ဖောက်လုပ်ဖို့ လုပ်ဆောင်နေတာဟာ စစ်ရေး အမြင် တခုတည်းနဲ့ပဲဆိုတာ စစ်ရေး အမြင်ရှိသူတွေကော စစ်ရေးအမြင် မရှိသူတွေပါ ရှင်းရှင်းလင်းလင်း သိရှိနိုင်တဲ့ အရာဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိ အစိုးရအနေနဲ့ ငြိမ်းချမ်းရေး အမှန်တကယ် လိုလားမယ်ဆိုရင် တိုင်းရင်းသား လက်နက်ကိုင်တွေ ထိမ်းချုပ်ရာ ဒေသတွေမှာ စစ်ရေးအမြင်နဲ့ တဖက်နဲ့ တဖက် ယုံကြည်မှုကို ပျက်ပြားစေမယ့် လမ်းဖောက်လုပ်တာတွေ ပြုပြင်တာတွေကို မလုပ်ဖို့နဲ့ တကယ် စေတနာရှိမယ်ဆိုပါက တကယ် လိုအပ်နေပြီး ခုနက ကားစပယ်ယာရဲ့ မျက်နှာလို ဖြစ်နေတဲ့ အများအပြားသော ကားလမ်းတွေကိုသာ အရင်ဆုံး ပြုပြင်ဖာထေးနိုင်မယ်ဆိုရင်--------------။

ကျောက်ပေါက်နေတဲ့ ကားစပယ်ယာ မျက်နှာလို ကားလမ်းတွေ
 အမြန်ဆုံး ကောင်းလာပါစေလို့  ဆန္ဒပြုရင်း
အဲခေါင်သောင့် (စက်တင်ဘာလ ၂၇ရက်၊ ၂၀၁၂ခုနှစ်)

Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment