Monday, October 29, 2012

ထိပ်ပိုင်း KNU ခေါင်းဆောင်အချို့ထံ KNLAတပ်မှူး တဦး ပေးစာ ပေးပို့

အဲခေါင်သောင့်၊ အောက်တိုဘာလ ၃၀ရက်နေ့၊ ၂၀၁၂ခုနှစ်

သဘောထား ကွဲလွဲမှုတွေကို သင်ပုန်းချေနိုင်ခဲ့သည့် KNUထိပ်ပိုင်း ခေါင်းဆောင်များ၏ အရေးပေါ် အစည်းအဝေး ပြုလုပ်နေကြစဉ် အတွင်း KNLA တပ်မှူးတဦးမှ သူ၏ သဘောထား၊ ဆန္ဒများကို ခေါင်းဆောင်အချို့ထံ စာရေးသား ပေးပို့ခဲ့သည်ဟု စုံစမ်းသိရှိရသည်။

ကေအဲန်ယူ တပ်မဟာ ၆လက်အောက်ခံ တပ်ရင်း ၁၆ တပ်ဖွဲ့ဝင် အချို့

ကေအဲန်ယူ တပ်မဟာ ၆လက်အောက်ခံ တပ်ရင်း ၁၆ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး မန်းတင်လှိုင်မှ သူနှင့် ရင်းနှီး ကျွမ်းဝင်မှု ရှိသည့် ထိပ်ပိုင်း ကေအဲန်ယူ ခေါင်းဆောင် အချို့ထံ ပုဂိုလ်ရေးအရ စာရေးသားခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါစာကို ကိုယ်တိုင် လာရောက်ပေးပို့သည့် သူ့၏ ကိုယ်ရေး အရာရှိက ပြောဆိုသည်။

"ကျနော့ တပ်ရင်းမှူးက ပုဂိုလ်ရေးအရ စာရေးပို့လိုက်တာပဲ။ ဗဟိုက သူနဲ့ ရင်းနှီးတဲ့ ခေါင်းဆောင်တွေကို သူရဲ့ ညီညွတ်မှု ရစေချင်တဲ့ သဘောထားတွေ စတာတွေကို ရေးသား ပေးပို့လိုက်တာပါပဲ။ သူရဲ့ ဆန္ဒတွေကိုလည်း ဘယ်လိုပြောမလဲ သားသမီးက မိဘတွေဆီကို စာရေးသားပြီး ဖြစ်ချင်တာလေးတွေကို ရေးသားတဲ့ သဘောပါပဲ" ပြောဆိုသည်။

"ထူးထူးခြားခြား ကျနော် ဗဟိုကို စာလာပို့တဲ့ နေ့မှာပဲ ခေါင်းဆောင်တွေ ညီညီညွတ်ညွတ်နဲ့ ပြန်ဖြစ်တာကို တွေ့ရတော့ ဒါတိုက်တိုက်ဆိုင်ဆိုင်လို့ ပြောရမှာပေါ့နော်။ ကျနော်တပ်ရင်းမှူးလည်း တော်တော်လေး ဆနပြည့်သွားပါတယ်" ဟု ၄င်းက ဆက်ပြောသည်။

ဒုဗိုလ်မှူးကြီး မန်းတင်လှိုင်သည် ယခင်က တပ်ရင်း ၁၆မှူး ဖြစ်ခဲ့သူ စောသမူဟဲ တာဝန်ယူစဉ် တပ်မှူးငယ် အနေဖြင့် တာဝန် ထမ်းဆောင်ခဲ့ပြီး ၁၉၉၇ခုနှစ် စောသမူဟဲ နအဖထံ လက်နက်ချ အလင်းဝင်ရောက်ခဲ့ရာတွင် ပါဝင်ခြင်း မရှိခဲ့ပဲ တပ်ရင်း ၁၆ကို ယနေ့အချိန်ထိ ဦးစီး ဦးဆောင်ခဲ့သူ တဦးဖြစ်သည်။

 စောသမူဟဲသည် ကေအဲန်ယူတွင် နေစဉ်အတွင်း နွားကုန်သည် ဟိနူ ဘာသာဝင် ၁၀ဦးကို သတင်ဖြတ်ခဲ့မှု အပါအ၀င် လူထုဆန့်ကျင်ရေး ပြုလုပ်မှုတွေကြောင့် ဗဟိုက အရေးယူရန် ဆင့်ခေါ်မှုကို လက်မခံပဲ နအဖနှင့် သွားရောက် ပူးပေါင်းခဲ့သူ ဖြစ်သည်။

 စောသမူဟဲ လက်နက်ချ အညံ့ခံသည့် အခမ်းအနားကို ကျိုက်ဒုံအနီးရှိ ကြိတ်ရွာတွင် ပြုလုပ်ခဲ့ပြီး အဆိုပါ အခမ်းအနားသို့ ဗိုလ်မောင်အေးနှင့် ဗိုလ်ခင်ညွန့်တို့ တက်ရောက်ခဲ့သည့် အပြင် ၄င်းတို့ စစ်ဖိနပ်ဖြင့် ကရင့်အလံကို နင်းချေကာ ကရင်တမျိုးသားလုံးကို စော်ကားခဲ့ကြသည်။

ယနေ့ တပ်ရင်း ၁၆ကို ဦးစီး ဦးဆောင် ပြုလုပ်နေသူ ဒုဗိုလ်မှူးကြီး မန်းတင်လှိုင်သည် နိုင်ငံရေး စစ်ရေးကို ပေါင်းစပ်လုပ်ကိုင်နေသူ တော်လှန်ရေး သမား အဖြစ် အများက လက်ခံထားကြပြီး သူ၏ ဆက်ဆံရေး ပြေပြစ်မှု၊ အထက်အောက် မျှမျှတတ ဆက်ဆံမှုနှင့် လူထု အကျိုး သယ်ပိုးမှုတွေကြောင့် ၄င်း၏ တပ်ရင်းသည် လူထု ထောက်ခံမှု အပြည့်အ၀ ရှိသည်ဟု စုံစမ်းသိရှိရသည်။
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment