Thursday, October 4, 2012

ထိပ်တန်း ခေါင်းဆောင် သုံးဦးကို KNUမှ ထုတ်ပယ်

အဖွဲ့အစည်း၏ စည်းမျှည်း စည်းကမ်းများကို ကျော်လွန်ပြီး ဖားအံတွင် ဆက်ဆံရေး ရုံး သွားရောက် ဖွင့်လှစ်ခဲ့သူ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးအပါအ၀င် ထိပ်ပိုင်း KNUခေါင်းဆောင် သုံးဦးကို KNUမှ ထုတ်ပယ်လိုက်သည်ဟု သတင်းရရှိသည်။

အဖွဲ့အစည်းမှ ချမှတ်ထားသည့် စည်းမျှည်း စည်းကမ်းများကို အကြိမ်ကြိမ်ကျူးလွန်ခဲ့သူ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနှင့် အခြား ဗဟိုကော်မတီဝင်များဖြစ်သည့် ပဒို စောဒေးဗစ်ထော၊ ပဒိုရောဂျာခင်တို့ကို တာဝန်မှ ထုတ်ပယ်လိုက်ကြောင်း ထုတ်ပြန်စာကို ကေအဲန်ယူ တွဲဖက်အထွေထွေအတွင်းရေးမှူး ပဒိုစောလှငွေက လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

အဆိုပါ ထုတ်ပြန်စာကို ဗဟိုကော်မတီ ၀င် ၁၁ဆီကိုလည်း အသီးသီး ပေးပို့ထားသည်ဟုလည်း သိရှိရသည်။ လစ်လပ်သွားသည့် စစ်ဦးစီးချုပ်နေရာနှင့် အခြား ဗဟိုကော်မတီနေရာများကို အမြန်ဆုံး အစားထိုးသွားရန် ရှိသည်ဟုလည်း စုံစမ်းသိရှိရသည်။

လစ်လပ်သွားသည့် စစ်ဦးစီးချုပ် နေရာတွင် တပ်မဟာ ၅ တပ်မဟာမှူး ဗိုလ်မှူးချုပ် ဘောကျော်ဟဲအား အစားထိုးခန့်အပ်သွားမည်ဟု KNUနှင့် နီးစပ်သူများထံမှ ခန့်မှန်း ပြောဆိုသံများ ထွက်ပေါ်လာလျှက်ရှိသည်။

သို့သော်လည်း ယခုလို ထိပ်ပိုင်း ခေါင်းဆောင် ၃ဦးကို ထုတ်ပယ်လိုက်သည့်အပေါ်  KNUအဖွဲ့အတွင်း အကွဲအပြဲများ ထပ်ဖြစ်လာမလား ဆိုသည့် စိုးရိမ်မှုများလည်း ကရင်လူထုများကြားတွင် ထွက်ပေါ်လာလျှက်ရှိသည်။

ထို့အပြင် ခေါင်းဆောင် ၃ဦး ထုတ်ပယ်လိုက်သည့်အပေါ် အများပြည်သူများ သိရှိရန် ထုတ်ပြန်ကြေညာချက်ကို ယခုချိန်ထိ KNUဗဟိုမှ ထုတ်ပြန်သေးခြင်း မရှိသေးကြောင်း သိရှိရသည်။

လွန်ခဲ့သည့် ၂၀၀၇ခုနှစ်ကလည်း ကေအဲန်ယူ တပ်မဟာ ၇မှူး ဗိုလ်ချုပ်ထင်မောင်ကို စည်းမျှည်းစည်းကမ်း အကြိမ်ကြိမ်ဖောက်ဖျက်မှုဖြင့် KNUမှ ထုတ်ပယ်ခံရပြီး အဆိုပါ ထုတ်ပယ်ခံရအပြီး ဗိုလ်ချုပ် ထင်မောင်မှ KNU/KNLAငြိမ်းကောင်စီကို ဖွဲ့ကာ မြန်မာစစ်တပ်နှင့် သွားရောက်ပူးပေါင်းခဲ့သည်။



လစ်လပ်သွားသည့် စစ်ဦးစီးချုပ်နေရာတွင် အစားထိုး ခန့်အပ်ရန် ထင်ကြေးပေး ခံရသည့် တပ်မဟာ ၅မှူး ဗိုလ်မှူးချုပ် ဘောကျော်ဟဲ။
သတင်း-အဲခေါင်သောင့်

Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment