Wednesday, December 5, 2012

အာဏာရှင်စနစ် ဘယ်လို နိဂုံးချုပ်မလဲ


အာဏာရှင်စနစ် ဘယ်လို နိဂုံးချုပ်မလဲ
ဦးအောင်ခင်

မြန်မာပြည်မှာ ၁၉၈၈ ပြည်သူ့အရေးတော်ပုံ ဖြစ်ပွားတာ အနှစ် ၂၀ ကျော်လာပြီ။ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နေတုန်းပါပဲ။ ဗမာစစ်အာဏာရှင်စနစ် သက်ဆိုးရှည်နေရတဲ့ အကြောင်းရင်းတွေကို ပညာရှင်တွေ ဆန်းစစ်ကြတယ်။ ၁၉၈၈ အရေးတော်ပုံနောက်ပိုင်းမှာ မြန်မာ့ရေးရာ လေ့လာသူတွေ များလာတယ်။ စစ်အာဏာရှင်ကို အပြည်ပြည်ဆိုင်ရာ အသိုင်းအ၀ိုင်းက မကြိုက်ပေမယ့် လက်ရှိအစိုးရအနေနဲ့ ဆက်ဆံနေကြရတယ်။ အချိန်ကြာကြာ ဆက်ဆံတဲ့အခါ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုသလို ဖြစ်သွားတယ်။ စစ်အင်အားကလည်း တိုးပွားလာတော့ စစ်အာဏာရှင်ဟာ ဆင်းပေးဖို့ စိတ်မကူးဘူး။

ဒါကြောင့် အာဏာရှင်စနစ် နိဂုံးချုပ်အောင် ဘယ်လိုလုပ်မလဲ ဆိုတာကို စဉ်းစားလာကြတာပဲ။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး နှလုံးရည်တိုက်ပွဲဝင်နေတာ အနှစ် ၂၀ ရှိပြီ။ တိုင်းရင်းသားတွေ လက်နက်ကိုင်ပြီး လက်ရုံးရည်တိုက်ပွဲဝင်နေတာ အနှစ် ၅၀ ကျော်ပြီ။ နှလုံးရည်တိုက်ပွဲရော လက်ရုံးရည်တိုက်ပွဲရော ပန်းတိုင်ရောက်ဖို့ အများကြီး လိုသေးတယ်။

အီရတ်အာဏာရှင်အစိုးရကို အမေရိကန်တပ်က ၂၀၀၃ ခုမှာ ၀င်တိုက်ပြီး ဖြုတ်ချလိုက်တဲ့အတွက် စစ်တိုက်ပြီး ဖြုတ်ချတဲ့နည်းကို လက်ခံသူတွေ ရှိလာတယ်။ အတိုက်အခံ အားကောင်းလာအောင် ကူညီအားပေးတဲ့အတွက် အာဏာရှင်စနစ် နိဂုံးချုပ်သွားတာမျိုးလည်း ရှိတယ်။ ပြည်တွင်းလက်နက်ကိုင်လှုပ်ရှားမှုကို နိုင်ငံခြားက စစ်ကူပေးပြီး အစိုးရကို ဖြုတ်တာမျိုးလည်း ရှိတယ်။ လိုအပ်တဲ့ စီးပွားရေးအခြေခံတွေ မရနိုင်အောင် ပိတ်ပင်နိုင်တဲ့တွက် အာဏာရှင်တွေ ဆင်းပေးရတာမျိုးလည်း ရှိတယ်။

“မားကို့စ်အစိုးရရဲ့ ဖောက်ပြန်မှုတွေကြောင့် ဖိလစ်ပိုင်စစ်တပ်မှာပါ စိတ်ဓာတ်ကျပြီး ဗိုလ်ချုပ်ကြီး Fidal Ramos ဒီမိုကရေစီဘက်သား ဖြစ်လာတာကို မေ့ထားလို့ မဖြစ်ဘူး။ အာဏာရှင်မားကို့စ် လက်ထက်မှာ စစ်တပ်က နိုင်ငံရေးမလုပ်ပေမယ့် အာဏာရှင်နဲ့ ရောထွေးယှက်တင်ဖြစ်ပြီး ဖောက်ပြန်နေတာကြောင့် ပြည်တွင်းပုန်ကန်မှုကို ရင်ဆိုင်နေရတဲ့ စစ်ဗိုလ်လူတန်းစားထဲမှာ အမိန့်နာခံသူတွေ နည်းလာတယ်။”

တောင်အမေရိကတိုက်က အတိုက်အခံအဖွဲ့အစည်းတွေဟာ နိုင်ငံရေးအင်အားရော၊ စစ်အင်အားရောရှိတာကြောင့် နိုင်ငံခြားက စစ်ကူယူတဲ့ အစဉ်အလာ ရှိတယ်။ မြန်မာပြည်မှာတော့ အတိုက်အခံအဖွဲ့အစည်းမှာ စစ်အင်အားမရှိဘူး။ တိုင်းရင်းသားမှာသာ ရှိတယ်။ ဒါပေမယ့် အစိုးရစစ်တပ်အင်အားဟာ တိုင်းရင်းသားလက်နက်ကိုင်အင်အားထက် ဆယ်ဆလောက် ပိုများတာရယ်၊ အင်အားကောင်းတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်အခတ်ရပ်စဲထားတာရယ်ကြောင့် ဗမာစစ်အစိုးရကို ပြည်တွင်းလက်နက်ကိုင်တွေက ဖြုတ်ချဖို့ဆိုတာ အလားအလာ မရှိသလောက်ဘဲ။

အမေရိကန်နိုင်ငံရေးပညာရှင်အချို့ရဲ့ လေ့လာချက်တွေမှာ နိုင်ငံတွင်းက စစ်အင်အားအခြေအနေ ပြောင်းလဲသွားလို့ အာဏာရှင်စနစ် နိဂုံးချုပ်သွားပုံတွေကို ဖော်ပြတယ်။ အရှေ့ဥရောပ ဆိုဗီယက်တပ်တွေ ရုပ်သိမ်းလိုက်လို့ ဒီမိုကရေစီအသွင်ကူးပြောင်းနိုင်တာကို ဥပမာပေးကြတယ်။ ဆိုဗီယက်သြဇာခံနိုင်ငံတွေမှာ ဆိုဗီယက်လမ်းစဉ်ပြောင်းတာဟာ အမေရိကန် အကူအညီပေးတာထက်ပိုပြီး ထိရောက်တယ်လို့ Samual Huntington က တတိယလှိုင်း The Third Wave စာအုပ်မှာ ရေးဖူးတယ်။ ဆိုဗီယက်မှာ စီးပွားရေး၊ နိုင်ငံရေးပြုပြင်ပြောင်းလဲရတာဟာ အာဖဂန်စစ်ပွဲမှာ အခြေခံတယ်လို့ Huntington က သုံးသပ်တယ်။ စရိတ်အကုန်အကျ များလွန်းတဲ့ အာဖဂန်စစ်ပွဲကနေ ဆိုဗီယက်တပ်တွေ ဆုတ်ပေးလိုက်ရတဲ့ အကျိုးဆက်ဟာ ပြည်တွင်းမှာ ရိုက်ခတ်သွားတာပါပဲ။

လောလောဆယ်တော့ မြန်မာပြည်ထဲ ၀င်ရောက်တိုက်ခိုက်ပြီး စစ်ဘီလူးကို ဖြုတ်ချမယ့်သူ မရှိသေးဘူး။ ဗမာစစ်တပ် အရှက်တကွဲ အကျိုးနည်းပြီး သိမ်ငယ်သွားအောင် တိုက်ခိုက်နိုင်တာ တရုတ်တဦးတည်း ရှိတယ်။ ဒါပေမယ့် မော်စီတုန်း လက်ထက်ကလို တရုတ်တပ်တွေ မြန်မာပြည်ထဲ ၀င်တိုက်တာမျိုး လက်ရှိ တရုတ်အစိုးရက လုပ်မှာမဟုတ်ဘူး။ တရုတ်ပြည် အေးချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာပြည်က အထောက်အကူပြုတာကိုပဲ တရုတ်ကွန်မြူနစ်က လိုလားတယ်။

လွန်ခဲ့တဲ့ မေလကုန်က အမေရိကန်ကာကွယ်ရေးဝန်ကြီး Robert Gates စင်ကာပူညီလာခံမှာ ပြောသွားတဲ့ မိန့်ခွန်းကိုကြည့်ရင် အိုဘားမားအစိုးရသစ်ဟာ စစ်ရေးအရ စွက်ဖက်ဖို့ စိတ်မကူးတာ ထင်ရှားတယ်။ ဒေသခံအစိုးရတွေနဲ့ ထိထိရောက်ရောက် လက်တွဲလုပ်ကိုင်နိုင်ဖို့အတွက် အာဆီယံချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးစာချုပ်ကို ဇူလိုင်လက အမေရိကန် လက်မှတ်ထိုးလိုက်တယ်။

နှစ်ပေါင်းများစွာ အာဏာအလွဲသုံးစားလုပ်ပြီး ဖောက်ပြန်ပျက်စီးနေတဲ့ ဗမာစစ်တပ်ဟာ တိုက်ရည်ခိုက်ရည် ရှိမှာမဟုတ်ဘူးလို့ ခန့်မှန်းကြတယ်။ တိုင်းရင်းသားလက်နက်ကိုင်ကို မနိုင်ဘူးထင်လို့ အပစ်အခတ် ရပ်စဲထားတာကို ထောက်ပြကြတယ်။ အပစ်အခတ် ရပ်စဲမှု နိဂုံးချုပ်ပြီဆိုရင်တော့ မုဒိမ်းတပ်မတော်ရဲ့ အစွမ်းအစကို မြင်ရပါလိမ့်မယ်။ နှစ်ပေါင်းများစွာ အာဏာရူးပြီး ကိုယ်ကျိုးရှာလာတဲ့ ဗမာစစ်မှုထမ်းဟာ စစ်သည်တော် မစစ်တော့ဘူးလို့ သုံးသပ်သူလည်း ရှိပါတယ်။ နိုင်ငံရေးလုပ်ပြီး ဖောက်ပြန်တဲ့ စစ်တပ်ဟာ အင်အားကောင်းတဲ့ ရန်သူကို ရင်ဆိုင်တဲ့အခါမှာ အကွဲအပြဲဖြစ်ပြီး အာဏာလက်လွှတ်လိုက်ရတဲ့ သာဓကတွေ ရှိတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ ၁၉၈၆ က အာဏာရှင်မားကို့စ် ပြုတ်ကျသွားတာကို ပြည်သူ့ဆန္ဒပြပွဲကြောင့်လို့ သတ်မှတ်ပြီး ပြည်သူ့အာဏာတော်လှန်ရေးလို့ ကင်ပွန်းတပ်ကြတယ်။ မားကို့စ်အစိုးရရဲ့ ဖောက်ပြန်မှုတွေကြောင့် ဖိလစ်ပိုင်စစ်တပ်မှာပါ စိတ်ဓာတ်ကျပြီး ဗိုလ်ချုပ်ကြီး Fidal Ramos ဒီမိုကရေစီဘက်သား ဖြစ်လာတာကို မေ့ထားလို့ မဖြစ်ဘူး။ အာဏာရှင်မားကို့စ် လက်ထက်မှာ စစ်တပ်က နိုင်ငံရေးမလုပ်ပေမယ့် အာဏာရှင်နဲ့ ရောထွေးယှက်တင်ဖြစ်ပြီး ဖောက်ပြန်နေတာကြောင့် ပြည်တွင်းပုန်ကန်မှုကို ရင်ဆိုင်နေရတဲ့ စစ်ဗိုလ်လူတန်းစားထဲမှာ အမိန့်နာခံသူတွေ နည်းလာတယ်။

ဗမာစစ်တပ်မှာ ဒီမိုကရေစီလိုလားတဲ့ အုပ်စုပေါ်လာပြီး အတိုက်အခံ (သို့မဟုတ်) တိုင်းရင်းသားလက်နက်ကိုင်နဲ့ ပူးပေါင်းမယ်ဆိုရင်တော့ စစ်အစိုးရ မျက်ဖြူဆိုက်နိုင်တယ်လို့ ထင်ကြေးပေးကြတယ်။ ဒါပေမယ့် ဗမာစစ်ဗိုလ်လူတန်းစားမှာ တပ်ထဲရှိတုန်း အမိန့်နာခံပြီး အပြင်ရောက်မှ ဆန့်ကျင်တဲ့ အစဉ်အလာရှိတယ်။ လွတ်လပ်ရေးရစမှာ ကွန်မြူနစ်ခေါင်းဆောင်တဲ့ တပ်ရင်းအချို့က အရပ်သားအစိုးရကို တော်လှန်တာတော့ရှိတယ်။

မတရားတဲ့ စစ်အာဏာရှင်စနစ်ကို လက်မခံနိုင်တော့လို့ ပြည်သူနဲ့ လက်တွဲပြီး ဒီမိုကရေစီပြုပြင်ရေးလုပ်ချင်တဲ့ မျိုးဆက်သစ် စစ်ဗိုလ်လူတန်းစား ပေါ်ထွက်လာမှသာ မြန်မာပြည်မှာ အခြေခံအပြောင်းအလဲဖြစ်ဖို့ အလားအလာရှိတယ်လို့ သုံးသပ်တာမျိုးလည်း ရှိတယ်။ ဒါပေမယ့် စစ်တပ်ထဲ အကွဲအပြဲဖြစ်မှာ စိုးရိမ်သူတွေ ရှိတယ်။ စည်းလုံးညီညွတ်စွာ ကြပ်ပြေးသန်းရွှေ မိသားစုကို အလေးပြုတာပဲ မြင်ချင်သူတွေ ရှိတယ်။ အကြောင်းပြချက်က ဆိုမာလီနိုင်ငံ (Somalia) မှာလို လက်နက်ကိုင်ကြီးစိုးတဲ့ တပ်မင်းတွေ ပေါ်လာမှာ စိုးရိမ်လို့တဲ့။ စစ်မရောက်မီ မြားကုန်တယ်ဆိုတာ ဒါမျိုးပေါ့။

ဗိုလ်ခင်ညွန့် ခေါင်းဆောင်တဲ့ ထောက်လှမ်းရေးအုပ်စုကို ဒီမိုကရေစီလိုလားသူတွေအဖြစ် သတ်မှတ်တာမျိုးလည်း ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျခံနေရတုန်း စာနာထောက်ထားတဲ့ ထောက်လှမ်းရေးတွေ ရှိတယ်။ ဒေါ်စုနဲ့ ယုံကြည်မှု တည်ဆောက်ပြီး သမိုင်းစာမျက်နှာသစ် ဖွင့်တယ်ဆိုတဲ့ ဗိုလ်ခင်ညွန့်ထောက်လှမ်းရေးတွေ ထောင်ထဲရောက်ကုန်တာကို ကြည့်ပြီး ဒေါ်စုနဲ့ ဆွေးနွေးချင်တဲ့ ဗိုလ်ခင်ညွန့်အုပ်စုနဲ့ မဆွေးနွေးချင်တဲ့ သန်းရွှေ-မောင်အေးအုပ်စု ပြိုင်ဆိုင်ရင်း ဗိုလ်ခင်ညွန့် အုပ်စု ပြုတ်သွားတာဆိုတဲ့ အယူအဆ အားကောင်းလာတယ်။

သတင်းစာဆရာ Bertil Lintner ကတော့ ဒီအမြင်ကို လက်မခံဘူး။ ခင်ညွန့်ထောက်လှမ်းရေးတွေ စီးပွားရေး၊ နိုင်ငံရေး အင်အားကောင်းလာပြီး တပ်ထဲမှာ အခွင့်ထူးခံ ဖြစ်လာတဲ့အတွက် ဗိုလ်သန်းရွှေက ရှင်းပစ်တာလို့ ဆိုတယ်။ ဗိုလ်နေ၀င်းက ထောက်လှမ်းရေးတင်ဦးကို ရှင်းပစ်တဲ့ပုံစံပဲလို့ ဆိုတယ်။ ၈၈ ဒီမိုကရေစီအရေးတော်ပုံကာလမှာ ခင်ညွန့်ထောက်လှမ်းရေး သောင်းကျန်းတာတွေကို ကြည့်ပြီး ဒီလိုလူမိုက်တွေက ဒီမိုကရေစီပြုပြင်ရေးလုပ်တယ်ဆိုတာကို မယုံမကြည် ဖြစ်နေတာပါပဲ။ သင်္ကန်းဝတ်လိုက်တဲ့ မုဒိမ်းသမား ဂျပိုးသူခိုးကို ၀ိုင်းရှိခိုးတဲ့ဓလေ့ မြန်မာပြည်မှာ ရှိနေတာကိုလည်း မေ့ထားလို့ မဖြစ်ဘူး။

အာရှနိုင်ငံတွေမှာ ဒီမိုကရေစီရေးအတွက် အနစ်နာခံ လုပ်ကိုင်သွားကြတဲ့ မျိုးဆက်တွေ ရှိတယ်။ ဒါကြောင့် မြန်မာပြည်မှာ မျှော်လင့်ချက်ထားနိုင်တာ ၈၈ မျိုးဆက်ပဲလို့ Bertil Lintner သုံးသပ်တယ်။ ၈၈ မျိုးဆက် အများအပြား စာနယ်ဇင်းလောကမှာ တိုင်းပြည်တာဝန် ထမ်းဆောင်နေကြတယ်။ မြန်မာ့အနာဂတ်မှာ အင်အားစုတစုအနေနဲ့ ပါဝင်မယ့်လူတွေဟာ ၈၈ မျိုးဆက်ဖြစ်တယ်။ သက်ကြီးရွယ်အို အန်အယ်လ်ဒီခေါင်းဆောင်တွေ မဟုတ်ဘူး။ ၈၈ မျိုးဆက်ထဲက ခေါင်းဆောင်အချို့ကို ထိန်းသိမ်းလိုက်ရုံနဲ့ ဒီမိုကရေစီလှုပ်ရှားမှု ကွယ်ပျောက်သွားမှာ မဟုတ်ဘူး။ စစ်အစိုးရဟာ နိုင်ငံရေးပါတီကို ဖျက်ဆီးနိုင်ပေမယ့် မျိုးဆက်တဆက်ကို ဖျက်ဆီးဖို့ အလွန်ခက်ခဲတယ်လို့ Bertil Lintner သုံးသပ်တယ်။

မျိုးဆက်တဆက်ကို အနှစ် (အစိတ်) လို့ သတ်မှတ်တာမို့ အာဏာရှင်စနစ် နိဂုံးချုပ်ဖို့ မျိုးဆက်ဘယ်နှဆက် ကြာမယ် မသိဘူး။ အာဏာရှင်စနစ်ကို ဇာတ်သိမ်းစေတဲ့ ပြင်သစ်တော်လှန်ရေး ၁၇၈၉ မှာ စခဲ့ပေမယ့် နောက်အနှစ် ၈၀ ကျော်ကြာတော့မှ ပြည်သူ့ကိုယ်စားလှယ်တွေချည်း အစိုးရဖွဲ့နိုင်တာကို ကြည့်ရင် အာဏာရှင်စနစ် အမြစ်ပြတ်ဖို့ အချိန်ကြာတတ်တာကို တွေ့နိုင်တယ်။ လွတ်လပ်ရေးအတွက် အနစ်နာခံရတဲ့ အတိုင်းအတာဟာ တနိုင်ငံနဲ့ တနိုင်ငံ မတူကြဘူး။ ဒါပေမယ့် လွတ်လပ်ရေးရအောင် ကြိုးပမ်းနေသမျှ အာဏာရှင်စနစ် နိဂုံးချုပ်မယ့် အခွင့်အလမ်း အမြဲတမ်း ရှိနေတယ်လို့ပဲ ပြောပါရစေ။

ဦးအောင်ခင်
(Zaw Win ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ ...)
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment