Tuesday, December 4, 2012

ကေအဲန်ယူ ကွန်ဂရက် ယခုပတ်အတွင်း အပြီးသတ်နိုင်အုံးမည် မဟုတ်

လွန်ခဲ့သည့်လ ၂၆ရက်နေ့က စတင်ကျင်းပခဲ့သည့် ၄နှစ်တကြိမ် ကေအဲန်ယူ ကွန်ဂရက်ကြီး ယခုအပတ်အတွင်း အပြီးသတ်နိုင်အုံးမည်မဟုတ်ပဲ နောက်အပတ် အချိန်ထိ ဆက်လက် ကျင်းပသွားရန် ရှိသည်ဟု ဗဟိုဌာနချုပ်မှ တာဝန်ရှိသူများက ပြောဆိုသည်။


 ၁၅ကြိမ်မြောက် ကေအဲန်ယူ ကွန်ဂရက်ကို နိုဝင်ဘာလ ၂၇ရက်မှ ဒီဇင်ဘာလ ၇ရက်နေ့အထိ နှစ်ပတ်ကြာ ကျင်းပပြုလုပ်သွားမည်ဟု အစောပိုင်းက ထုတ်ပြန်ကြေညာထားသော်လည်း 
၂၀၀၈မှ ၂၀၁၂ခုနှစ်အထိ လေးနှစ်တာ ကာလအတွင်း ဌာနဆိုင်ရာအလိုက် လုပ်ဆောင်ခဲ့သည့် လုပ်ငန်းစဉ်များကို တင်ပြဖတ်ကြားခြင်း၊ ပြန်လည်သုံးသပ်ခြင်းများ မပြီးမပြတ်နိုင်သေးသဖြင့် နောက်အပတ်ထိ ဆက်လက် ကျင်းပသွားရခြင်း ဖြစ်သည်။

ကွန်ဂရက်ကို နောက်အပတ်အထိ ဆက်လက်ပြုလုပ်သွားမည် ဖြစ်သောကြောင့် လာမည့် ဗဟိုကော်မတီဝင် အသစ်များကို ယခုအပတ်အတွင်း ရွေးချယ်နိုင်အုံးမည် မဟုတ်ပေ။

စည်းမျှည်း ဥပဒေအရ ကေအဲန်ယူ ဗဟို ကော်မတီများကို ကွန်ဂရက် နောက်ဆုံးရက်တွင် ရွေးချယ် အတည်ပြုလေ့ရှိသဖြင့် ယခုအပတ်အတွင်း အားလုံး မျှော်လင့် စောင့်စားနေကြသည့် ကေအဲန်ယူ ဗဟိုကော်မတီ ခေါင်းဆောင်များရဲ့ အမည်စာရင်းများကို ထုတ်ပြန်ပေးနိုင်အုံးမည် မဟုတ်ကြောင်းလည်း သိရှိရသည်။

ထို့ကြောင့် ကေအဲန်ယူ ကွန်ဂရက်မှ ရွေးချယ် အတည်ပြုမည့် ခေါင်းဆောင်သစ်များတွင် မည်သူမည်ဝါ ဖြစ်ကြမည်ကို ပြည်တွင်း ပြည်ပမှ ကရင်ထု အများအပြားက အထူးစိတ်ဝင် တစားဖြင့် စောင့်စားနေလျှက်ရှိသည်ဟု စုံစမ်း သိရှိရသည်။ (သတင်း-အဲခေါင်သောင့်)
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment