Saturday, January 5, 2013

ဥက္ကဌ မူတူးစေးဖိုး၏ နေပြည်တော် ခရီးစဉ်အပေါ် ဝေဖန်မှုတွေ အမျိုးမျိုး ထွက်ပေါ်နေ

မြန်မာ သမ္မတ ဦးသိန်းစိန်၏ ဖိတ်ခေါ်ချက်ဖြင့် နေပြည်တော်ကို သွားရောက်ခဲ့သူ ကေအဲန်ယူ ဥက္ကဌ မူတူးစေးဖိုး၏ ကိုယ်စားလှယ်အဖွဲ့အပေါ် ဝေဖန်မှုတွေ အမျိုးမျိုး ထွက်ပေါ်နေလျှက်ရှိသည်။
ဥက္ကဌ မူတူးစေးဖိုးနှင့် နေပြည်တော်ရှိ စီးပွားရေးသမားများ ရယ်မောပျော်ရွင်နေကြပုံ။

ကချင်ဒေသတွင် မြန်မာစစ်တပ်၏ ထိုးစစ်တွေ ပြင်းပြင်းထန်ထန် ပြုလုပ်နေချိန်အတွင်း ယခုလို ကေအဲန်ယူ ဥက္ကဌအနေဖြင့်  နေပြည်တော်ကို သွားရောက်ခြင်းသည် သင့်တော်မှု မရှိကြောင်း ပြည်တွင်း ကရင်လူငယ်တဦးက ယခုလို ထောက်ပြ ပြောဆိုသည်။

"ကချင်မှာ ဒီလောက်တောင် ထိုးစစ်တွေ ပြင်းပြင်း ထန်ထန် ဖြစ်နေချိန် လည်းဖြစ်၊ နောက်ပြီး လေယဉ်နဲ့တောင် လာတိုက်တဲ့ အချိန်မှာ ယခုလို ကေအဲန်ယူရဲ့ အကြီး ဆုံး ခေါင်းဆောင်ကြီးတယောက် အနေနဲ့ နေပြည်တော်ကို သွားရောက်တာဟာ သင့်တော်တဲ့ အရာတခု မဟုတ်ပါဘူး။ မသွားသင့်တဲ့ ခရီးစဉ်တခုပါ" ဟု ဆိုသည်။

စင်္ကာပူ နိုင်ငံရောက် ကရင်လူငယ်တဦးကလည်း "ဒီလောက် ကချင်တွေ အသဲအသန် ခံနေရချိန်မှာ သွားဖို့ဆိုတာ ရက်ရွေ့ဆိုင်းသင့်တယ်၊ ဘယ်သူပဲ ဖိတ်ဖိတ်၊ သမ္မတပဲ ဖိတ်ဖိတ်၊ ဘာကောင်ပဲ ဖိတ်ဖိတ် ရက်ရွေ့ဆိုင်းသင့်တယ်။ ဒါမှ မဟုတ်ရင်လည်း ကချင် ထိုးစစ်ရပ်မှ သွားတွေ့နိုင်မယ် ဆိုတာမျိုး အကြောင်းပြန်သင့်တယ်။ ယခုဟာက သိမ့်သွားချင်နေတဲ့ ပုံစံမျိုး ဖြစ်နေတယ်"ဟု ဆိုသည်။

ယခုလ ၃ရက်နေ့ ထုတ်ပြန်သည့် ကေအဲန်ယူ ကြေညာချက်တွင်မူ သမ္မတ ဦးသိန်းစိန် ဖိတ်ကြားမှုဖြင့် သွားရောက်ခြင်း ဖြစ်ကြောင်း၊ တိုင်းရင်းသား ဒေသအတွင်း စစ်ပွဲများ ရပ်စဲရန်နှင့် အဓိပ္ပါယ် ပြည့်ဝသော ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ရောက်ရှိနိုင်ရန် ဆွေးနွေးသွားမည် ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

သို့သော်လည်း ယနေ့ မနက်တွင် ကေအဲန်ယူ ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဦးဝင်းမြင့်နှင့် တွေ့ဆုံခဲ့ပြီး ဆွေးနွေးသည့် အကြောင်းအရာများကို နှစ်ဖက်စလုံးမှ တရားဝင် ထုတ်ပြန် ပြောဆိုခြင်း မရှိသော်လည်း ကေအဲန်ယူ ထိမ်းချုပ်နယ်မြေအတွင်းရှိ သတ္တုလုပ်ငန်းနှင့် အခြားစီးပွားရေး လုပ်ငန်းများကို ဆွေးနွေးသွားဖွယ်ရှိသည်ဟု ခန့်မှန်း ပြောဆိုနေကြသည်။

ထို့အပြင် ယနေ့ ညနေ မြန်မာစံတော်ချိန် ၄နာရီတွင် ကေအဲန်ယူ ကိုယ်စားလှယ်အဖွဲ့သည် သမ္မတ ဦးသိန်းစိန်နှင့် သွားရောက် တွေ့ဆုံမည် ဖြစ်သည်ဟု The Voiceဂျာနယ်ရေးသားချက်အရ သိရသည်။

ကေအဲန်ယူ ကိုယ်စားလှယ်အဖွဲ့တွင် ဥက္ကဌ မူတူးစေးဖိုး၊ အတွင်းရေးမှူးချုပ် ပဒို စောကွယ်ထူး၊ တွဲဖက်အတွင်းရေးမှူး ၂ ပဒိုမန်းမန်း၊ မန်းငြိမ်းမောင်နှင့် ပဒိုစောလှထွန်းတို့ သွားရောက်ခဲ့ကြခြင်း ဖြစ်သည်ဟု ကေအဲန်ယူ ကြေညာချက်တွင် ထုတ်ပြန်ထားသော်လည်း ယနေ့ဆွေးနွေးပွဲများတွင် ပဒိုစောရောဂျာလည်း ပါဝင်သည်ကို တွေ့ရှိရသည်ဟု မျက်မြင်သက်သေများက ပြောဆိုကြသည်။


Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment