ပဒိုမန်းရှာကို မမေ့နိုင်ကြတဲ့ လေးစား ချစ်ခင်သူတွေ အတွက် အမှတ်တရပါ။
ဖဒိုမန်းရှာလဖန်းသည်
ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်သားဖြစ်ပြီး ၁၉၆၂ ခုနှစ် ဇူလိုင်(၇)
ရက်အရေးတော်ပုံပေါ်ပေါက်ချိန်၌ ရန်ကုန်တက္ကသိုလ်တွင် ကျောင်းတက်နေဆဲ
ကျောင်းသားတစ် ဦးဖြစ်သည်။ ၁၉၆၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ
ဝိဇ္ဇာဘွဲ့ရရှိပြီး ၁၉၆၅ ခုနှစ်တွင် ကရင်တော် လှန်ရေးနယ်ပယ်သို့
ခြေစုံပစ်ဝင်ရောက်ခဲ့သည်။ ၁၉၆၆ ခုနှစ်တွင် ထိုစဉ်က KNU အထွေထွေ
အတွင်းရေးမှုး ဖဒိုစကောလယ် ထောနှင့်အတူ တရုပ်ပြည်နယ်စပ်နှင့်
ရှမ်းပြည်ဒေသများ သို့ကွင်းဆင်း စည်းရုံးရေး၌ လိုက်ပါခဲ့သည်။ ၁၉၇၅ ခုနှစ်၌
KNUP နှင့် KNU တို့ပေါင်းစည်း ညီညွတ်ရေး လုပ်ပြီးချိန်၌
ညောင်လေးပင်ခရိုင်၌ တာဝန်ကျပြီး ခရိုင်တွဲဖက် အတွင်းရေးမှုး
တာဝန်ထမ်းဆောင်ခဲ့သည်။ (၁၉၇၆ - ၇၇ - ၇၈ )ခုနှစ်များတွင် KNLA
တပ်မတော်နှင့်အတူ တသားထဲ နေထိုင်ခဲ့သည်။ (၂၀၀၀) ခုနှစ် KNU ကွန်ဂရက်မှ
စတင်ကာ အထွေထွေ အတွင်းရေးမှုးအဖြစ် ရွေးချယ်ခြင်းခံရကာ လုပ်ကြံခံ ရချိန်
(ယနေ့) အထိတာဝန် ထမ်းဆောင်ခဲ့သည်။ ကွယ်လွန်ချိန်၌ အဝေးရောက်နေသော
အင်္ဂလန်နိုင်ငံနေ ဇိုရာဖန်းအပါအ၀င် သားသမီးလေးဦးကျန်ရှိခဲ့ပြီး ဇနီးဖြစ်သူ
နန့်ရွှေကျင်မှာ လွန်ခဲ့သော သုံးနှစ်ကျော်ကကွယ်လွန်ခဲ့ သည်။ဖဒိုမန်းရှာသည် ၁၉၆၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် သို့စတင်ပညာသင်ကြားခဲ့ပြီး ၁၉၆၆ တွင်သမိုင်းဘာသာရပ်ဖြင့် ဘွဲ့ ရရှိကာ ကရင်တော်လှန်ရေး တွင် ပါဝင်ခဲ့သူဖြစ်သည်။ရန်ကုန်တက္ကသိုလ်ရှိ ကျောင်းသားသမဂ္ဂအဆောက်အဦးကြီးကို ဖြိုဖျက်ကာ ကျောင်းသားများကို နှိပ်ကွပ်သည့် ၁၉၆၂ ဆဲဗင်းဇူလိုင်နှင်ကြုံခဲ့သည့် ဖဒိုမန်းရှာသည်ရေဆန် ဟူသော ကလောင်အမည်ဖြင့် စာများ ကဗျာများ ရေးသားခဲ့သည်။
ပဒိုမန်းရှာရေးသားသည့် နာမည်ကြီးကဗျာတပုဒ်
ချစ်သမီးသို့
သမီးရေ…
ဂန္ထ၀င်ခရီးမှာ
နေ့ခရီးကြောင်တောင် နေရောင်ခြည်အောက်
တောင်မြောက်ဘယ်မှာ မသိပါ၍
ရပ်နေသူလည်းရှိပါသည်။
ညဥ့်နက်သန်းခေါင် လမ်းစမှောင်လည်း
တောင်မြောက်သေချာ သိနေပါ၍
လိုရာသွားနေသူများလည်း ရှိပါသည်၊
လေပြင်းအတိုက် လှိုင်းအရိုက်မှာ
ငိုရှိုက်အော်မြည် ဆောက်တည်ရာမဲ့
လွင့်ပျက်နေသူများလည်း ရှိပါသည်၊
မုန်တိုင်းကထန် လှိုင်းကထန်လည်း
ရေဆန်လေကြမ်း ခရီးလမ်းကို
ဖြတ်သန်းနေသူတွေလည်း ရှိပါသည်၊
သမီးရေ--
စေတနာနှင့် အသိ
သတိနှင့်သီလ၊ ၀ီရိယနှင့် ပညာ
သစ္စာနှင့် သမာဓိ၊ သတ္တိနှင့် စွန့်လွတ်မှု
အရင်းပြု ခရီးနှင် ဂန္ထ၀င်ရက်မြတ်
ရဲရဲမြတ်လော့ သမီး-----။
ရေဆန်(ပဒိုမန်းရှာလာဖန်း)