Thursday, May 23, 2013

KIO မှ ကိုယ်ပိုင် တက္ကသိုလ်ကျောင်း ဖွင့်လှစ်တော့မည်


ဗန်းမော်ခရိုင် KIO မိုင်ဂျာယန် အထက်တန်းကျောင်း။
ကချင်ပြည်နယ် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)မှ ကိုယ်ပိုင် တက္ကသိုလ်ကျောင်းဖွင့်လှစ်တော့မည် ဖြစ်ကြောင်း သိရသည်။
KIO မှ တိုက်ပွဲကြောင့် ထွက်ပြေးသိမ်းရှောင်နေသော ဒုက္ခသည်ကလေးများနှင့် KIO ထိန်းချုပ်နယ်မြေအတွင်း ၁၀ တန်းကျောင်း အောင်မြင်သူများအတွက် ရည်ရွယ်ပြီး ယခုနှစ်မှစကာ တက္ကသိုလ်ကျောင်းဖွင့်လှစ်သွားရန် ဗဟိုကော်မတီမှ အစည်းအဝေးပြုလုပ်နေကြောင်း KIO ပညာရေးဌာနမှ ဒု-အထွေထွေ အတွင်းရေးမှူး ဆလန်ကဘား ခွန်နောင် (Salang Kaba Hkun Nawng) ပြောသည်။
“ဒီနှစ် သြဂုတ်လလောက်မှာ စမယ်လို့တော့ လုပ်နေတယ်။ အတိအကျတော့ မသတ်မှတ်ရသေးဘူး။ ဒီနှစ်မဖြစ်ရင် နောက်နှစ်တော့ ဖြစ်မယ်။ မဖြစ်ရင်လဲ မရတော့ဘူး။ အခုက အစိုးရတက္ကသိုလ်ကိုလဲ သွားတက်လို့ မရတော့ဘူး ဆိုတော့ ကျနော်တို့ကိုယ် ကျနော်တို့ ဖွင့်ကို ဖွင့်ရတော့မဲ့ သဘောဖြစ်သွားတာပေါ့။ နေရာက ပိုသင့်တော်တဲ့ နေရာ လုံခြုံတဲ့နေရာမှာဖြစ်မယ်။ အခုတော့ အဲဒီမှာဆိုပြီး ပြောလို့မရသေးဘူး။ နေ့တိုင်းအစည်းအဝေးတော့ လုပ်နေတယ်။”
ယခုချိန် ကော်မတီမှ ကျောင်း၏ ပေါ်လစီများ၊ ဖွဲ့စည်းတည်ဆောက်ပုံများရေးဆွဲနေပြီး သင်ကြားမည့် ဆရာ/ ဆရာမ စုစည်းမှုများပြုလုပ်နေကာ ကျောင်းကိုဖွင့်လှစ်သင်ကြားသွားရင်း နိုင်ငံတကာ တက္ကသိုလ်ကျောင်း များနှင့် ပြန်လည်ဆက်သွယ်သွားမည်ဖြစ်ကြောင်း ဆိုသည်။
ထို့ပြင် ဒုက္ခသည်ကလေးများပိုမို တိုးလာခြင်းကြောင့် စာသင်ကျောင်းဆောင်မလောက်သဖြင့် ဗဟိုဌာနချုပ် လိုင်ဇာ အလဲန်ဘွမ် (Alen Bum) တွင် IDP အထက်တန်းကျောင်းဆောင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
ယခုဖွင့်လှစ်မည့်ကျောင်းဆောင်ကို အလဲန့်ဘွမ် (Alen Bum) တွင်ရှိသော KIA တပ်စခန်းကို အသုံးပြုသွားမည်ဖြစ်ပြီး ၎င်းတွင်ဘော်ဒါဆောင်အဖြစ်နေရမည်ဖြစ်ကြောင်းနှင့် ၎င်းတို့၏ ကျောင်းစရိတ်နှင့် အစားအသောက်အတွက် KIO မှ တာဝန်ယူသွားမည်ဖြစ်ကြောင်း အစည်းအဝေးတက်ရောက်သူ KIA အရာရှိတစ်ဦးကပြောသည်။
“ကျောင်းသားတွေအားလုံးနေဖို့ စီစဉ်နေပြီ။ ဆရာ/ဆရာမတွေလဲ အကုန်လုံးအဲဒီမှာ နေရမှာဟုတ်တယ်။ စာသင်တဲ့အထဲမှာ အသက်မွေးဝမ်းကျောင်းပညာတွေလဲ သင်ကြားသွားမယ်။ အခုက ၈ တန်းရောက်ပြီးတဲ့ ကျောင်းသားတွေအားလုံးက ကိုယ့်အသက်မွေးဝမ်းကျောင်း တစ်ခုတတ်ကိုတတ်ရမယ် ဆိုတဲ့ ရည်ရွယ်ချက်ဟုတ်တယ်။”
၎င်းတွင် တက်ရောက်မည့် ကျောင်းသူကျောင်းသား ၂၀၀၀ ကျော်ရှိပြီး သင်ကြားပေးမည့် ဆရာ/ဆရာမ ၁၃၀ ကျော်ဖြင့်သင်ကြားသွားမည်ဖြစ်ရာတွင် ဆရာ/ဆရာမများလည်း လိုအပ်နေသေးကြောင်း ဆလန်ကဘား ခွန်နောင်က ပြောသည်။
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေရှိ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူ ၂၆၇ ဦးရှိသည့်အထဲ မေလ ၁၅ ရက်နေ့ အောင်စာရင်းကြေညာရာတွင် ၁၂၃ ဦး အောင်မြင်ကြောင်း သိရသည်။
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment