Monday, September 16, 2013

ဇွဲကပင်တောင် ကေဘယ်လ်ကားစီမံကိန်း ကရင်လက်နက်ကိုင် ခုနစ်ဖွဲ့လည်း ကူညီမည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ဇွဲကပင်တောင် ကေဘယ်လ်ကားစီမံကိန်း ဖြစ်မြောက်ရေးတွင် ကရင်လက်နက်ကိုင် အဖွဲ့ခုနစ်ဖွဲ့လည်း ပူးပေါင်းပါဝင် ကူညီကြမည်ဖြစ်ကြောင်း ထိုစီမံကိန်းဖြစ်မြောက်ရေး ကော်မတီအတွင်းရေးမှူး -၂ စောအောင်ချစ်က မဇ္ဈိမကို
ပြောသည်။

ပူးပေါင်းပါဝင်မည့် အဖွဲ့များမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) ၊ ပဒိုအောင်ဆန်း ဘုရားကုန်းငြိမ်းချမ်းရေးအဖွဲ့၊ ဟောင်သယောငြိမ်းချမ်းရေးအဖွဲ့၊ သံတောင်ငြိမ်းချမ်းရေးအဖွဲ့၊ ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ၊ ကရင်နယ်ခြားစောင့်တပ် (BGF) တို့ဖြစ်ကြသည်။

ဇွဲကပင်တောင် ကေဘယ်လ်ကား စီမံကိန်းဖြစ်မြောက်ရေးအတွက် မဟာသန္တိသုခကျောင်းတော်ကြီးမှ ပီနန် ဆရာတော်၊ ဇွဲကပင်တောင်ဆရာတော်၊ သာသနာ့ဇေယျမင်္ဂလာ စာသင်တိုက်ဆရာတော်တို့ ကြီးမှူးပြီး ပြုလုပ်သည့် စီမံကိန်းလည်းဖြစ်သည်။

စောအောင်ချစ်က “ငြိမ်းချမ်းရေးမရဘဲ စီမံကိန်းကလည်း လုပ်လို့မရဘူး။ သူတို့တွေ ပါဝင်ခြင်းအားဖြင့် ကျွန်တော်တို့ အတွက်လည်း အားရှိတယ်။ သူတို့ဆီကအကူအညီတွေ အများကြီးရမှာပါ။ ကရင်နဲ့ဇွဲကပင်က ခွဲလို့မရဘူး။ ဒီစီမံကိန်း က ငြိမ်းချမ်းရေးရဲ့ မှတ်ကျောက်လဲဖြစ်တယ်” ဟုပြောသည်။

ကရင်လက်နက်ကိုင်အဖွဲ့များသည် ကေဘယ်လ်ကားစီမံကိန်း ဖြစ်မြောက်ရေးအတွက် အလှူငွေရရှိရေးနှင့် လိုအပ် သည့် နေရာများတွင်လည်း လုံခြုံရေးတာဝန်ယူပေးမည်ဖြစ်သည်။ ယင်းစီမံကိန်းဖြစ်မြောက်ရေး အတွက် KNU ၏ ဥက္ကဌမူတူးစေးဖိုးမှ အမေရိကန်ဒေါ်လာ တစ်သောင်းကို လှူဒါန်းခဲ့ပြီး ကျန်အဖွဲ့များကလည်း လှူဒါန်းရန်ရှိကြောင်း သိရသည်။

KNU ဥက္ကဌ ဦးစောမူတူးစေးဖိုးက “ဒါငြိမ်းချမ်းရေးကြောင့် အသီးအပွင့်ပေါ်လာတဲ့ ကိစ္စတစ်ခုဖြစ်တယ်။ ပြီးတော့ ကရင်ပြည်နယ်တစ်ခုလုံးရဲ့ ကျက်သရေဆောင်လဲဖြစ်တယ်။ အဲဒါကို အထိမ်းအမှတ်တစ်ခုအနေနဲ့ ကူညီသင့်တယ်” ဟု ယခုစီမံကိန်းနှင့်ပတ်သက်၍ သုံးသပ်ပြောကြားသည်။

အဆိုပါ စီမံကိန်းဖြစ်မြောက်ရေးကော်မတီတွင် KNU ၏ ဗဟိုကော်မတီဝင် ပဒိုတူးတူးလေး DKBA ဗိုလ်ချုပ်ဟောင်း ဦးစောကျော်သန်းက နာယကအဖြစ်ဦးဆောင်ပြီး နယ်ခြားစောင့်တပ် အထွေထွေအတွင်းရေး မှူးစောချစ်သူမှ ဒု-ဥက္ကဌ၊ KNU မှ ပဒိုရွှေမောင်းက အဖွဲ့ဝင်အဖြစ်နှင့် KNU အဖြစ်ပါဝင်သည်။ ပဒိုရွှေမောင်းသည် KNU ၏ ဇွဲကပင်
တောင်ကေဘယ်လ်ကား ဖြစ်မြောက်ရေးအဖွဲ့တွင်မူ ဥက္ကဌအဖြစ် တာဝန်ယူ ထားသည်။

အဆိုပါ စီမံကိန်းဖြစ်မြောက်ရေး ရန်ပုံငွေရရှိရေးအတွက် ဆရာတော်ကြီးများကလည်း ဘားအံ၊ လှိုင်းဘွဲ့၊ ကော့ကရိတ်၊ မန္တလေး၊ ကလော၊ အောင်ပန်း၊ တောင်ကြီးတို့တွင် တရားပွဲများပြုလုပ်ခဲ့သလို နောင်တွင် လည်း နယ်လှည့်တရားပွဲများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။

ဇွဲကပင်တောင် ကေဘယ်လ်ကားစီမံကိန်းကို ဆရာတော်သုံးပါး၏ ဦးဆောင်မှုဖြင့် မလေးရှားနိုင်ငံ SMET SDA BHD ကုမ္ပဏီနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ ပညာရှင်များ ပူးပေါင်းကာပြီးခဲ့သည့် သြဂုတ်မှ စတင်အကောင် အထည်ဖော်နေခြင်းဖြစ်သည်။ စီမံကိန်းကို တစ်နှစ်နှင့် ခြောက်လအတွင်း ပြီးစီးရန်လျာ ထားသည်။ ကေဘယ်ကားများ သည် တောင်ခြေရှိလုမ္ဗိနီဥယျာဉ်မှ ဇွဲကပင်တောင် ဆံတော်ရှင်စေတီသို့ ပြေးဆွဲသွားမည်ဖြစ်ပြီး ယင်းစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၂၂ သန်းခန့်ကုန်ကျမည် ဖြစ်သည်။
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment