Monday, September 9, 2013

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် ကမ်းလှမ်းချက်ကို နိုင်ငံရေး အာမခံချက် မရှိသဖြင့် သဘောထားမပေးနိုင်ကြောင်း အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံပြီးနောက် UNFC ပြောကြား

Eleven-Monday, 09 September 2013 09:27
AddThis Social Bookmark Button
ExA-9-9
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် UNFC တို့ စက်တင်ဘာ ၈ ရက်က ထိုင်းနိုင်ငံ၌ တွေ့ဆုံစဉ် (ဓာတ်ပုံ-ညိုအုန်းမြင့်)
အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တို့ စက်တင်ဘာ ၈ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ တတိယအကြိမ် တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
ထိုဆွေးနွေးပွဲ အပြီးတွင် အစိုးရ၏ ကမ်းလှမ်းချက်ဖြစ်သော အောက်တိုဘာလအတွင်း နေပြည်တော်၌ ပြုလုပ်ရန်ရှိသည့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်စာချုပ် လက်မှတ်ရေးထိုးရန် အချက်သည် နိုင်ငံရေး အာမခံချက် မရှိသဖြင့် သဘောထား မပေးနိုင်ခဲ့ကြောင်း UNFC ဘက်က ပြောကြားသည်။
"အစိုးရက အောက်တိုဘာမှာ တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲဖို့ကိစ္စရပ်ကို လာပြီးတင်ပြတဲ့ သဘောပါ။ အဲဒါ လက်မှတ်ထိုးပြီးရင် နိုဝင်ဘာမှာ နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်မယ်ပေါ့။ အဲဒီကမ်းလှမ်းချက်က နိုင်ငံရေး အာမခံချက် မရှိသေးတဲ့အတွက် အောက်တိုဘာကိစ္စကို ကျွန်တော်တို့ဘက်က သဘောထား မပေးခဲ့ပါဘူး" ဟု UNFC ၏ တွဲဖက်အထွေထွေ အတွင်းရေးမှူး-၂ ပဒိုမန်းမန်းက Eleven Media Group သို့ ပြောကြားသည်။
"ဘာထူးသလဲဆိုရင် ဘာမှမထူးဘူးလို့ပဲ ပြောရမယ်။ နိုင်ငံရေး ဆွေးနွေးပွဲ မူ၊ ဘောင်တွေ ပြောတယ်။ အစိုးရဘက်က နိုင်ငံရေးဆွေးနွေးပွဲ မူ၊ ဘောင် မသွားခင် အောက်တိုဘာမှာ တစ်နိုင်ငံလုံး အပစ်ရပ်လက်မှတ် ထိုးဖို့ပြောတယ်။ ကျွန်တော်တို့ဘက်က ပထမအကြိမ် တွေ့တုန်းက တောင်းဆိုခဲ့တဲ့ အချက်ခြောက်ချက်ကို ပြောတယ်။ နောက် ဒုတိယအကြိမ် တိုင်းရင်းသား ညီလာခံမှာ ဘာတွေကို ဦးတည်လုပ်ခဲ့သလဲဆိုတာ ရှင်းပြတယ်။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်ဖို့အတွက် သဘောထားငါးချက်ကို တင်ပြခဲ့တယ်" ဟု ပဒိုမန်းမန်းက ဆက်လက်ပြောကြားခဲ့ပါသည်။
တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရန်အတွက် လုပ်ဆောင်မည် ဆိုပါက UNFC ၏ သဘောထားအဖြစ် တင်ပြခဲ့သော အချက်ငါးချက်မှာ (၁) ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးချိန်တွင် နေပြည်တော်၌ နောက်တစ်ကြိမ် ပြန်ထိုးရမည် ဆိုသည်မှာ သဘာဝ မကျကြောင်းနှင့် တစ်ဖွဲ့ချင်းစီအလိုက် အပစ်ရပ် လက်မှတ်ထိုးပြီး ဖြစ်သော်လည်း တိုက်ပွဲပြန်ဖြစ်နေခြင်းမှာ မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း၊ (၂) တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို ယုံကြည်မှုရှိအောင် လုပ်ဆောင်သင့်ကြောင်း၊ (၃) တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရာတွင် လက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်သင့်ကြောင်း၊ (၄) ထိုသို့ လက်မှတ်မရေးထိုးမီ အချိန်တွင် အစိုးရဘက်မှ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲကြောင်း ကြေညာချက်ကို ဦးစွာထုတ်ပြန်သင့်ကြောင်း (၅) ပြည်ထောင်စု သဘောတူညီချက်ကို အစိုးရဘက်မှ ပွင့်ပွင့်လင်းလင်း ချပြသင့်ပြီး ပြည်ထောင်စု သဘောတူညီချက်ကို ရယူရာ၌ Stake holders အားလုံး ပါဝင်ဆွေးနွေးပြီး ရရှိသည့် သဘောတူညီချက် ဖြစ်သင့်ကြောင်း အစရှိသော အချက်များဖြစ်သည်ဟု ပဒိုမန်းမန်းက ပြောကြားပါသည်။
"ဒီနေ့ ဆွေးနွေးပွဲက ဘာမှမယ်မယ်ရရ မရှိပါဘူး။ ထူးခြားတာက သူတို့ဘက်က အောက်တိုဘာလ အပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးဖို့ လာဖိတ်တာလို့ပဲ ပြောရမှာပါ။ နိုင်ငံရေး ဆွေးနွေးပွဲအတွက် condition တွေကို သူတို့ဘက်က မေးတာရှိတယ်။ ကျွန်တော်တို့က တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ်ထိုးဖို့ ငြင်းတာမဟုတ်ပါဘူး။ ဒါပေမယ့် condition တွေတော့ ရှိတယ်ဆိုတာ ပြောခဲ့ပါတယ်" ဟု UNFC ၏ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဥက္ကာက Eleven Media Group သို့ ပြောကြားသည်။
အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် UNFC တို့သည် ၂၀၁၂ ခုနှစ် နိုဝင်ဘာက ပထမအကြိမ် (အလွတ်သဘော) တွေ့ဆုံခဲ့ပြီး ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီက ထိုင်းနိုင်ငံ၌ပင် ဒုတိယအကြိမ် တွေ့ဆုံခဲ့သည်။ 
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment