Sunday, December 22, 2013

ကလိန်ကကျစ်ကျပြီး မရိုးသားတဲ့ ဦးအောင်မင်းရဲ့ အနာနဲ့ဆေးရဲ့ အကျိုးဆက်

ငြိမ်းချမ်းရေးအဖွဲ့များကို ကားလိုင်စင်ပေးခြင်းမှာ သမ္မတမှ စာအိတ်ဖြင့်ပေးခြင်းမဟုတ်ဘဲ အစိုးရအဖွဲ့ကိုယ်စား ၎င်းကပေးခြင်းဖြစ်ပြီး အစီးရေ ၁၁၁၀ အထိပေးရန် စီစဉ်ထားကာ အစီး ၃၀၀၀ ဆိုသည်မှာ ကညနမှ ၎င်းတို့သဘောဖြင့် ချန်ထားခြင်းဖြစ်ဟု သမ္မတရုံးဝန်ကြီးဦးအောင်မင်း ပြောကြား

တိုင်းရင်းသားများအား ကားလိုင်စင်ပေးခြင်းမှာ နိုင်ငံတော်သမ္မတက စာအိတ်ပိတ်ပေးခြင်းမဟုတ်ဘဲ အစိုးရအဖွဲ့ကိုယ်စား ၎င်းကပေးခြင်းဟု သမ္မတရုံး(၄)ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဒီဇင်ဘာ ၂၁ ရက်က ရန်ကုန်မြို့ရှိ MPC တွင် ပြုလုပ်သည့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများ ဖွဲ့စည်းထူထောင်ရေး ညှိနှိုင်းအစည်းအဝေးအပြီးတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ ငြိမ်းချမ်းရေးအဖွဲ့များသို့ ကားလိုင်စင်ထုတ်ပေးရန် စီစဉ်ထားသည့်အစီးရေမှာ ၁၁၁၀ ရှိပြီး အစီး ၃၀၀၀ ဆိုသည်မှာ ကညနမှ သူ့သဘောဖြင့်သူ ချန်ထားခြင်းဖြစ်ကြောင်းကိုလည်း ထည့်သွင်းပြောကြားသွားသည်။

တိုင်းရင်းသားများကို ထုတ်ပေးသည့် ကားလိုင်စင်နှင့်ပတ်သက်၍ လက်ရေးဖြင့်ရေးထားသော စာမျက်နှာလေးမျက်နှာပါ ကြေညာချက်ကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက မီဒီယာများသို့ ရှင်းလင်းပြောကြားခြင်းမပြုမီ Myanmar Peace Center ၏ တာဝန်ရှိသူတစ်ဦးဖြစ်သော ဦးအောင်နိုင်ဦးက ကြေညာချက် ထုတ်ပြန်ခြင်းသာဖြစ်ကြောင်း ကြိုတင်ပြောကြားခဲ့ပြီး မေးခွန်းမေးမြန်းခွင့်မပြုခဲ့ကြောင်း သိရသည်။

သမ္မတရုံး (၄) ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက "တိုင်းရင်းသားများကိုထုတ်ပေးတာ ကားပါမစ်မဟုတ်ဘူးဗျ။ ကားမှတ်ပုံတင် လုပ်ပေးခြင်းပဲဖြစ်ပါတယ်။ အဲဒီတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုတာ ဥပဒေပြင်ပမှာရှိတဲ့သူတွေကို ဥပဒေထဲကိုရောက်အောင် လုပ်ရတာဖြစ်ပါတယ်။ သူတို့စီးနေတဲ့ကားတွေကလည်း ဥပဒေပြင်ပကကားတွေကို ဥပဒေထဲရောက်အောင် ကျွန်တော်တို့က လိုင်စင်ထုတ်ပေးခြင်းဖြစ်ပါတယ်။ အဲဒီတော့ ခင်ဗျားတို့သိလိမ့်မယ်။ ခေါင်းဆောင်ကြီး နယ်လ်ဆင်မင်ဒဲလားက ပြောတာရှိတယ်။ ကျွန်တော်တို့ တိုင်းရင်းသားတွေဟာ ဒီ Peace Process ဟာ မိတ်ဆွေအချင်းချင်းပြောတာ မဟုတ်ပါဘူး။ ရန်သူနဲ့ စကားပြောတာ ဖြစ်ပါတယ်။ ရန်သူကို မိတ်ဆွေဖြစ်အောင် ပြုလုပ်ခြင်းပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ တရားမ၀င်ဖြစ်နေတဲ့ ကားတွေကို တရားဝင်ဖြစ်အောင် လုပ်ပေးခြင်းဖြစ်တယ်ဆိုတာကို တင်ပြချင်ပါတယ်။ အဲဒီလိုလုပ်တဲ့အခါမှာ ဒီလိုင်စင်ထုတ်ပေးတာ ပါမစ်ထုတ်ပေးတာ သမ္မတလည်း ပေးလို့မရပါဘူး။ ကျွန်တော်လည်း ပေးလို့မရပါဘူး။ ကျွန်တော်တို့ဆီမှာ အစိုးရအဖွဲ့အစည်းအဝေးဆိုတာ ရှိပါတယ်။ အစိုးရအဖွဲ့ကို Cabinet လို့ခေါ်ပါတယ်။ Cabinet ဘက်က ကျွန်တော်တို့အားလုံးကို ဆွေးနွေးတင်ပြပြီးဆုံးဖြတ်ပြီးမှ ဒါကိုဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။ အဲဒီလိုဆောင်ရွက်တဲ့အခါမှာ အချက်နှစ်ချက်ပါတယ်။ အချက်တစ်ချက်က ဘာလဲဆိုရင် တိုင်းရင်းသားခေါင်းဆောင်တွေ စီးနေတဲ့ကားကို အခွန်မဆောင်ဘဲနဲ့ လိုင်စင်ထုတ်ပေးရပါတယ်။ နောက်တစ်ခုကတော့ ငယ်သားတွေစီးတဲ့ကားတွေကို ကျွန်တော်တို့က ရာခိုင်နှုန်း ၆၀ အခွန်ဆောင်ပြီးတော့ ထုတ်ပေးရပါတယ်။ အဲဒီတော့ ဒီရာခိုင်နှုန်း ၆၀ အခွန်ဆောင်ပြီးတော့ လိုင်စင်ထုတ်ပေးတယ်ဆိုတာ ဒါအသစ်အဆန်းမဟုတ်ဘူး။ အရင်တုန်းက ကျွန်တော်တို့ တပ်မတော်အစိုးရလက်ထက်မှာ Without လိုင်စင်ကားတွေကို ဒီအတိုင်းဆောင်ရွက်ခဲ့တာ ဖြစ်တဲ့အတွက် ဒါဟာအသစ်အဆန်းမဟုတ်ဘူးဆိုတာ တင်ပြလိုပါတယ်။ အဲဒီတော့ ကားအစီးရေ သတ်မှတ်တဲ့အခါမှာလည်း အဖွဲ့ကြီးရင်ကြီးသလို အဖွဲ့သေးရင်သေးသလို သတ်မှတ်ပေးခဲ့ပါတယ်။ နောက်တစ်ဖွဲ့နဲ့တစ်ဖွဲ့လည်း ဘယ်လောက်ပေးတယ်ဆိုတာ ကျွန်တော်တို့မပြောခဲ့ပါဘူး။ ဘာလို့မပြောခဲ့လဲဆိုရင် သူ့ကျတော့အများကြီးပေးတယ်။ ငါ့ကျတော့ နည်းနည်းပေးတယ်ဆိုတဲ့ စိတ်ဝမ်းကွဲမှု နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာမှာကြောက်တဲ့အတွက် စိုးရိမ်တဲ့အတွက် ထုတ်မပြောခဲ့ခြင်းဖြစ်တယ်။ သို့သော်လည်း စုစုပေါင်းအစီးရေဟာ အခွန်မဲ့ကား ခေါင်းဆောင်တွေစီးဖို့ကား အခွန်မဲ့ကား ၃၇၀၊ နောက်ပြီးတော့ လက်အောက်ငယ်သားတွေစီးဖို့ ကားအားလုံးပေါင်း ရာခိုင်နှုန်း ၆၀ အခွန်ဆောင်ပြီးတော့မှ ပေးရမယ့်ကားက ၇၄၀၊ စုစုပေါင်း အစီး ၁၁၁၀ ဖြစ်ပါတယ်။ သူတို့ပြောနေတဲ့ ၃၀၀၀ ဆိုတာ မဟုတ်ပါဘူး။ အဲဒီတော့ အချို့အဖွဲ့တွေက ငြိမ်းချမ်းရေးစကားပြောနေဆဲ ဖြစ်ပါတယ်။ အဲဒီအတွက် ဒီကားတွေကလည်း ကျွန်တော်တို့ အပြည့်အ၀မထုတ်ပေးရသေးပါဘူး။ သူတို့ပြောသလို ၃၀၀၀ မဟုတ်ပါဘူးဆိုတာလည်း တင်ပြချင်ပါတယ်။ အဲဒီတော့ ခွင့်ပြုတဲ့ယာဉ်တွေကိုလည်း သူတို့စီးနေတဲ့ယာဉ်တွေလို့ သတ်မှတ်ထားတဲ့အတွက် သူတို့စီးနေတဲ့ယာဉ်တွေကို လိုင်စင်လာလုပ်တာ။ သူတို့ယူလာတာဖြစ်တဲ့အတွက် ကျွန်တော်တို့ လိုင်စင်ထုတ်ပေးရပါမယ်။ ဒီကားကို တရားမ၀င်အောက်လမ်းကသွင်းလာပြီးတော့ လာပြရင်လည်း လိုင်စင်ထုတ်ပေးရမှာ ဖြစ်ပါတယ်။ အောက်လမ်းကသွင်းတဲ့ကားတွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေက ဖမ်းဆီးအရေးယူတဲ့အပိုင်းက တစ်ပိုင်းဖြစ်ပါတယ်။ ကျွန်တော်တို့အပိုင်း မဟုတ်ပါဘူး။ လိုင်စင်လာလုပ်တဲ့အခါမှာလည်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန) နဲ့ အခွန်ဦးစီးဌာနတို့ကနေ စစ်ဆေးပေးရပါတယ်။ စစ်ဆေးပြီးလို့ ဥပဒေနဲ့ညီရင် ကျွန်တော်တို့က လိုင်စင်ထုတ်ပေးရပါတယ်" ဟု ရှင်းလင်းခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက "အဲဒီတော့ အစီး ၃၀၀၀ ကိစ္စကို ရှင်းပြပါမယ်။ အခုခွင့်ပြုတဲ့ကားတွေကို အုပ်စုလိုက် နံပါတ်ထုတ်ပေးပါတယ်။ အဲဒီတော့ သူတို့ကိုအုပ်စုတစ်အုပ်စုထဲမှာ နံပါတ်ထုတ်ပေးတဲ့အတွက် ယခုခွင့်ပြုထားတာဟာ ၁၁၁၀ စီးဖြစ်ပါတယ်။ ယခုလိုကိစ္စမျိုး ထပ်မံရှိလာနိုင်မလားဆိုပြီးတော့ ကညနက သူ့သဘောနဲ့သူ အစီး ၃၀၀၀ ဆိုပြီး ချန်ထားခြင်းဖြစ်ပါတယ်။ ၃၀၀၀ ပေးဖို့အတွက် စီမံချက်မရှိပါဘူး။ ယခုပြောနေတဲ့ကိစ္စမှာ မိမိတို့က ပါမစ်ပေးခြင်းမဟုတ်ပါ။ တရားမ၀င်စီးနေတဲ့ကားများကို လိုင်စင်ထုတ်ပေးခြင်းသာ ဖြစ်ပါတယ်။ ယခုခွင့်ပြုချက်ကို သမ္မတကြီးက စာအိတ်ဖြင့်ပေးတာမဟုတ်ပါဘူး။ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက အစိုးရအဖွဲ့ကိုယ်စား ထုတ်ပေးခဲ့ခြင်းသာ ဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။

ထပ်မံ၍ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက "လိုင်စင်ထုတ်ပေးသည့်ကားများကို ပြန်လည်ရောင်းချခြင်းဟာ ကားပိုင်ရှင် တိုင်းရင်းသားများ၏ကိစ္စသာ ဖြစ်ပါတယ်။ ကျွန်တော်တို့ကိစ္စ မဟုတ်ပါဘူး။ လက်နက်ကိုင် တိုင်းရင်းသားဟာ ယခင်က ဆက်ကြေးပေါ်မှာ ရပ်တည်ခဲ့ရပါတယ်။ ငြိမ်းချမ်းရေး သဘောတူညီချက်များကို လက်မှတ်ရေးထိုးတဲ့အခါမှာ ဆက်ကြေးမကောက်ခံရန်ဆိုတဲ့ကိစ္စကို ကျွန်တော်တို့က အဓိကထားပြီး ဆွေးနွေးပါတယ်။
အချို့တိုင်းရင်းသားများဟာ ယခုဆက်ကြေးကောက်ခံခြင်း မပြုတာကိုလည်း တွေ့ရပါတယ်။ အဲဒီတော့ကားများကိုရောင်းပြီး တပ်ဖွဲ့၏ စားနပ်ရိက္ခာကိစ္စများကို ဖြေရှင်းနေကြရတာ ဖြစ်ပါတယ်။ အခုလိုင်စင်ပေးခြင်းဟာ ရေတိုကိစ္စသာဖြစ်ပြီးတော့ တရားဝင်နည်းလမ်းအရ ရေရှည်အစီအမံများ ဆောင်ရွက်သွားမည်ဖြစ်ပါတယ်။ ဒါလေးကို ကျွန်တော်သတင်းထုတ်ပြန်တဲ့အနေနဲ့ ပေးတာဖြစ်တယ်။ ၏-သည်မလွဲ ရေးပေးဖို့ ကျွန်တော်တင်ပြအပ်ပါတယ်။ ကျွန်တော် ဒါကိုပြောရတာဟာ အရင်တုန်းက မပြောဘဲနဲ့နေမလို့ပါဘဲ။ သို့သော်လည်း သမ္မတကြီးကိုယ်တိုင်က ပါမစ်ထုတ်ပေးတယ်ဆိုတဲ့အခါကျတော့လည်း သမ္မတကြီးက ဒီအဆင့်ကိုဆင်းပြီး လုပ်စရာလည်းမလိုပါဘူး။ ဒါတွေအားလုံးက ရုံးစာရေးသာသာ လုပ်လို့ရတဲ့ကိစ္စဖြစ်ပါတယ်။ ကျွန်တော်က ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီအနေနဲ့သာ ကျွန်တော်ဒါကို ထုတ်ပေးခဲ့ခြင်း ဖြစ်တယ်ဆိုတာကို ဒီမှာခင်ဗျားတို့ကို လေးလေးစားစား တင်ပြရအပ်ပါတယ်" ဟု ရှင်းလင်းခဲ့သည်။

ဒီဇင်ဘာ ၁၉ ရက်က Myanmar Peace Center ၏ နေရာထိုင်ခင်း စီစဉ်ပေးမှုဖြင့် Business Alliance ဟိုတယ်၌ သတင်းမီဒီယာများနှင့် ကရင်အမျိုးသားအစည်းအရုံး ဗဟိုအလုပ်အမှုဆောင် ပဒိုမန်းငြိမ်းမောင်တို့ တွေ့ဆုံရာတွင် ပဒိုမန်းငြိမ်းမောင်က ပြောကြားရာတွင်မူ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ရရှိခဲ့သော ငြိမ်းချမ်းရေးကားပါမစ်များကို သမ္မတဦးသိန်းစိန်ကိုယ်တိုင် စာအိတ်ဖြင့် တိုင်းရင်းသားအဖွဲ့များကို ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment