Sunday, December 29, 2013

နယ်စပ်က နှစ်သစ်ကူးပွဲတော် ကရင့်ရိုးရာဒုံးအကပြိုင်ပွဲ

ကရင်သက္ကရာဇ် ၂၇၅၃ ခုနှစ် ခရစ်သက္ကရာဇ် ၂၀၁၄ ခုနှစ် ကရင်နှစ်သစ်ကူးပွဲတော် ရိုးရာဒုံးအကပြိုင်ပွဲကို စနေနေ့ ညက  မြ၀တီမြို့နယ်ရွှေကုက္ကိုလ်မြိုင်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ကရင်ပြည်နယ်အခြေစိုက် အဆင့်မြှင့်လက်ရွှေးစင်ဒုံး အဖွဲ့ ၁၂ ဖွဲ့က စတင်ယှဉ်ပြိုင်လျက်ရှိသည်။


ရွှေကုက္ကိုလ်မြိုင်  ကရင်ဒုံးအကပြိုင်ပွဲ (ဓာတ်ပုံများ - မန်းမျိုးမြင့်)

ဒုံးအကပြိုင်ပွဲကို ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ၏ ခေါင်းဆောင်များကတက်ရောက် ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး ပရိသတ် နှစ်ထောင်ကျော်တက်ရောက် အားပေးခဲ့ကြသည်။

အဖွင့်အမှာစကားပြောကြားခဲ့သည့် (ကရင်ပြည်နယ်)နယ်ခြားစောင့်တပ် အမှတ် ၃ တပ်နယ်မှူး ဗိုလ်မှူးချုပ်စောချစ်သူက အခြေအနေအရပ်ရပ်ကြောင့် ကရင်အမျိုးသားများ မည်သည့်အနေအထားကိုရောက်ရှိနေသည်ဖြစ်စေ အမျိုးသားရေးနှင့်ရည်မှန်းချက်များကို ဥပက္ခာပြုမည်မဟုတ်ဘဲ ပန်းတိုင်အရောက်သွားမည့်ဂတိသစ္စာကို ပေးအပ်သည့်အကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး KNU ပြည်ထဲရေးနှင့်သာသနာရေးဌာနမှူး ပဒိုစောအားတိုးနှင့် ကရင်ငြိမ်းချမ်းရေးကောင်စီမှ ဗိုလ်ချုပ်ယဉ်နုတို့က အမျိုးသားရေးဆိုင်ရာ အမှာစကားများပြောကြားခဲ့ကြသည်။

ဖွင့်ပွဲတွင်မီးရှုးမီးပန်းများပစ်ဖောက်ခဲ့ပြီး နှစ်သစ်ကူးအထိမ်းအမှတ် စာလုံးများကိုလည်း မီးပန်းများအသုံးပြုကာ သရုပ်ဖော်ပြသခဲ့သည်။

ယနေ့ညမှစတင်ကာ ပြိုင်ပွဲဝင်ဒုံးအဖွဲ့များ လာမည့်ဇန်န၀ါရီလ(၁)ရက်အထိ အလှည့်ကျယှဉ်ပြိုင်သွားကြမည်ဖြစ်သည်။

၂၀၁၄ ခုနှစ်ဇန်န၀ါရီလ (၁)ရက်နေ့သည် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ဖြစ်ပြီး ကရင်ပြည်နယ် ၅ မြို့နယ် စုပေါင်းကျင်းပသည့် ကရင်နှစ်သစ်ကူးနေ့ကို မြ၀တီရှိရွှေကုက္ကိုလ်တွင်  ကျင်းပပြုလုပ်ခြင်းဖြစ်သည်။

မန်းမျိုးမြင့်

  













Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment