Monday, November 15, 2010

စစ်တပ်အင်အားတိုးချဲ့မှုကြောင့် ဆက်သွယ်ရေးဖုန်းများ ဖြတ်တောက်

နိုဝင်ဘာလ ၁၅ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း နအဖ စစ်အစိုးရက တပ်အင်အား အများအပြား တိုးချဲ့လာ သည့်အတွက် ကျေးရွာများရှိ ဆက်သွယ်ရေးဖုန်းများ အားလုံးမှာ ဖြတ်တောက်လိုက်ရကြောင်း ကေအိုင်စီက စုံစမ်းသိရှိရ သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၉ရက်နေ့မှစ၍ ယခုအချိန်ထိ ကြာအင်းဆိပ်ကြီးနှင့် ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၁ရွာ သို့ နအဖ စစ်တပ်မှ အင်အားတိုးချဲ့လာရာတွင် နယ်ခြားစောင့်တပ်ကို ငြင်းဆန်ထားသည့် ဒီကေဘီအေ တပ်မဟာ(၅) တပ်ဖွဲ့ နှင့် တိုက်ပွဲများ အချိန်မရွေး ဖြစ်ပွားနိုင်သည့်အတွက် ၎င်းရွာများရှိ ဆက်သွယ်ရေးဖုန်းလိုင်းများကို ဖြတ်တောက်လိုက်ကြခြင်း ဖြစ်ကြောင်း ကွင်းကလေးကျေးရွာအုပ်စုမှ ရွာသားတစ်ဦးက ပြောသည်။

၎င်းက “ဖုန်းလိုင်းဖြတ်တောက်လိုက်တာ ၂ရက်၃ရက်လောက် ရှိပြီ။ အခြေအနေမကောင်းဘူးဗျ။ ဗမာ စစ်သားတွေ နေ့တိုင်းပဲ အင်အားတိုးချဲ့လာတယ်။ ဒီလိုမျိုး ဗမာစစ်သားတွေ တပ်အင်အား တိုးချဲ့လာတာ မတွေ့တာကြာပြီဆိုတော့ တချို့ရွာသား တွေက ညညဆိုရင် အိမ်မှာမအိပ်ဘဲ လုံခြုံရတဲ့နေရာတွေမှာ ထွက်အိပ်တာရှိတယ်။”ဟု ပြောသည်။

ယင်းသို့ နအဖ တပ်အင်အား အလုံးအရင်းဖြင့် တိုးချဲ့လာသည့် ရွာများမှာ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ မဲစလိ၊ ချောင်း ဆုံ၊ ဘုရားသုံးဆူအပြင် ကြာအင်းဆိပ်ကြီးနှင့် ကော့ကရိတ်မြို့နယ်စပ်ကြားရှိ ကြိတ်၊ ကွင်းကလေး၊ သဒဲခို၊ သယ်ဖာထော၊ မယ်ကလောဝါး၊ ကျိုက်ဒုံ၊ မိတံ၊ မိနန်းအပ် စသည့်ကျေးရွာများဖြစ်ကြသည်။

ထိုဒေသရှိ ဖုန်းများမှာ ထိုင်းနိုင်ငံမှ လက်ကိုင်ဖုန်းများကို လိုင်းတဆင့်ခံကာ အသုံးပြုထားသည့် ဖုန်းများဖြစ်ပြီး ထိုင်းနိုင်ငံ၊ အုန်းဖန်မြို့နယ် မဲ့ကျမ်းကျေးရွာ(ကလော့ထော)တစ်ဖက် မြန်မာဘက်ခြမ်းရှိ မုလအိတောင်ထိပ်တွင် လိုင်းထောင်ထားကာ ဆက်သွယ်ရခြင်းဖြစ်သည်။

ယခုလို ဆက်သွယ်ရေးဖုန်းများ ဖြတ်တောက်လိုက်သောကြောင့် ထိုင်းနိုင်ငံနှင့် အချို့နိုင်ငံများတွင် အလုပ်လုပ်ကိုင်နေကြသူ များအနေဖြင့် ရွာရှိ မိသားစုကို ဆက်သွယ်ရန် များစွာ ခက်ခဲသွားသည့်အပြင် ၎င်းတို့၏ လုံခြုံရေးအတွက်လည်း စိုးရိမ်နေရ ကြောင်း ဘန်ကောက်မြို့၊ မွေးမြူရေးလုပ်ငန်းတွင် အလုပ်လုပ်နေသည့် ကွင်းကလေးရွာသားတဦးက ပြောသည်။

၎င်းက “အိမ်မှာ ကျနော့်မိန်းမနဲ့ ကလေး ၂ယောက် ကျန်ရစ်ခဲ့တာပေါ့နော်။ ဖုန်းဆက်သွယ်လို့မရတဲ့အခါကျတော့ သူတို့တွေ ဘယ်လိုအခြေအနေရှိလည်း မသိဘူး။ တိုက်ပွဲဖြစ်ရင်တော့ သူတို့တွေ ဒုက္ခရောက်မှာ သေချာတယ်။”ဟု ပြောသည်။

ထိုဒေသများရှိ တဆင့်ခံဖုန်းလိုင်းကို တာဝန်ယူနေသူတဦးက “ဖုန်းလိုင်းဖြတ်လိုက်တာ ကြိတ်ရွာကနေ ကျိုက်ဒုံမြို့အပြင် မိနန်းအပ်ရွာတွေအထိ တောက်လျှောက်ဖြတ်လိုက်တယ်။ ဖုန်းပိုင်ရှင်တွေကြောက်ကြလို့ ဖုန်းလိုင်းဖြတ်တာဖြစ်ပါတယ်။ အခု အဲဒီဒေသတွေမှာ ဗမာစစ်သားချည်းပဲ။ တိုက်ပွဲဖြစ်ရင် အများကြီး ရှုံးမှာလေ။”ဟု ပြောသည်။

အဆိုပါ အင်အားတိုးချဲ့လာသည့် စစ်အစိုးရတပ်များ၏ တပ်ရင်းနံပါတ်နှင့် တပ်အင်အားကို အတိအကျ မသိရှိရသော်လည်း တက်လာသော လမ်းကြောင်းတစ်လျှောက်တွင် ဒီကေဘီအေနှင့် ကေအဲန်ယူတပ်ဖွဲ့ဝင်တို့၏ ချုံခိုတိုက်ခိုက်မှုများကြောင့် ကျ ဆုံးမှုများရှိသည်ဟု ဒီကေဘီအေ သတင်းရပ်ကွက်က ဆိုသည်။
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment