သတင်း-ကေအိုင်စီ ၊ (နိုဝင်ဘာလ ၁၃ရက်)
နိုဝင်ဘာလ ၁၂ရက် မနက်ပိုင်းကတည်းက ညနေစောင်းအထိ မြ၀တီမြို့ထဲမှာ
နအဖ စစ်တပ် အများစုနဲ့ ရဲအချို့က ဒီကေဘီအေအိမ်တွေ၊ နယ်ခြားစောင့်တပ်အိမ်တွေကို လိုက်စစ်တယ်။
အဲဒီလို စစ်ရာမှာ သက်ဆိုင်ရာ ရပ်ကွက်မှူးတွေကို ခေါ်ပြီး အိမ်တွေလိုက်ပြခိုင်းတယ်လို့ သိရတယ်။
ကေအိုင်စီက ဆက်သွယ်ဖြစ်တဲ့ တချို့အစစ်ခံရတဲ့ အိမ်တွေက ကာယကံရှင်တွေကို မတွေ့ရဘဲ အိမ်သားတွေကို
မေးမြန်းတာတွေလုပ်တယ်။
နောက်ပြီး အခန်းတွေကို ၀င်ပြီးမွေနှောက်ရှာဖွေတယ်။ သူတို့တွေ့ရှိတဲ့ ယူနီဖောင်းတွေ၊ သေနတ်၊ ကျည်ဆံတွေကို
သိမ်းယူသွားတာလည်း ရှိတယ်လို့ ပြောတယ်။ တချို့အိမ်တွေကတော့ အဖွဲ့အစည်းလက်မှတ်တွေ တောင်းကြည့်တယ်။
တပ်ရင်းအရာရှိနာမည်မေးတယ်။
လာစစ်တဲ့ စစ်တပ်တွေမှာ တပွင့်၊ နှစ်ပွင့် အဆင့်ရှိသူတွေ ပါဝင်ပေမဲ့ အိမ်ထဲဝင်စစ်တာကတော့
တပ်ကြပ်ကြီးနဲ့ တပ်သားတွေကပဲ အိမ်ပေါ်တက်၊ အခန်းထဲဝင် စစ်ဆေး မေးမြန်းတာပါလို့ သိရပါတယ်။
အိမ်ရှင်မတစ်ဦး ပြောတာက “လာစစ်တဲ့ စစ်သားတွေကလည်း ကောင်းကောင်းမွန်မွန်ပဲ ပြောပါတယ်။
အမ ကျနော် ဒီအခန်းဝင်ကြည့်မယ်နော်။ ကျနော် ဒီဘီဒိုလေး ကြည့်မယ်နော်လို့ ခွင့်တောင်းပါတယ်။
စစ်သားတွေကလည်း ငယ်ငယ်လေးတွေ။ လာတာ စစ်သားတွေ ၁၀ယောက်လောက်နဲ့ ရဲ သုံးလေးယောက်ပါတယ်။
ရပ်ကွက်မှူးကတော့ သူတို့နဲ့အတူ ရပ်ကွက်ထဲ ဘယ်သူတွေက ဒီကေဘီအေလဲ၊ နယ်ခြားစောင့်လည်း သိနေတော့
လိုက်ပို့ပေးရတာပေါ့။ ကြည့်ရတာ တာဝန်ကျေပုံစံမျိုးပါပဲ။”လို့ ပြောပါတယ်။