Saturday, March 24, 2012

ငြိမ်းချမ်းသော နည်းဖြင့်သာ အမျိုးသား သင့်မြတ်ရေးကို ဒီကေဘီအေ ကြိုးစားတည်ဆောက်မည်

သတင်းနှင့်ဓါတ်ပုံ-အဲခေါင်သောင့် (မတ်လ ၂၄ရက်၊ ၂၀၁၂)
ယနေ့ တိုးတက် ဖြစ်ထွန်းလာနေသည့် ဒီကေဘီအေနှင့် ကေအဲန်ယူတို့၏ အမျိုးသား ညီညွတ်ရေး လမ်းကြောင်းကို ငြိမ်းငြိမ်းချမ်းချမ်းဖြင့် ဆက်လက် ကြိုးပမ်း တည်ဆောက်သွားမည်ဟု အမည်မဖော်လိုသည့် ဒီကေဘီအေ တပ်မှူးတဦးက ယနေ့ ပြောဆိုသည်။

ဆုံဆည်းမြိုင်ဒေသမှ ဒီကေဘီအေ တပ်ဖွဲ့ဝင်အချို့။
ကေအဲန်ယူ တပ်မဟာ (၇) မှ ဒီကေဘီအေ ခေါင်းဆောင်များကို လုပ်ကြံရန် ကြိုးပမ်းမှုရှိခဲ့သည်ဟု ဆိုသည့် အထောက်အထားနှင့်တကွ မီဒီယာတွင် ထုတ်ဖော်ပြောဆိုခဲ့ ပြီးသည့် အပေါ် ယခုလို ထပ်မံ ပြောဆိုသွားခြင်း ဖြစ်သည်။

"ကျနော်တို့ အမျိုးသား သင့်မြတ်ရေးကို ကရင်လူထုတွေနဲ့ ထပ်တူထပ်မျှ လိုလားပါတယ်။ ဒါကြောင့် ဘယ်လိုပဲ ဖြစ်နေပါစေ ပြေလည်ဖို့ တခုကို ကြည့်ပြီး ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းသွားချင်ပါတယ်။ ကေအဲန်ယူကလည်း လက်အောက်ခံ တပ်တွေကို စုံစမ်းမှုတွေ ပြုလုပ်ပြီး ရှင်းလင်းတဲ့ ဖြေရှင်းချက်ကို အမြန်ဆုံး ပြုလုပ်ပေးဖို့ လိုတယ်။ ဒါမှသာ နားလည်မှု ယုံကြည်မှုတွေ ပိုရှိလာနိုင်လို့ပါ"ဟု ပြောသည်။

ထို့အပြင် သက်ဆိုင်ရာ ကေအဲန်ယူ ထိပ်ပိုင်း ခေါင်းဆောင်တွေနှင့်လည်း တွေ့ဆုံပြီး ညှိနှိုင်းသွားရန် စီစဉ်ဆောင်ရွက် နေသည်ဟုလည်း အဆိုပါ တပ်မှူးက ပြောဆိုသည်။

ဒီကေဘီအေ ခေါင်းဆောင်တွေကို ကေအဲန်ယူ တပ်မဟာ ၇မှ လုပ်ကြံရန် ကြိုးပမ်းခဲ့သည်ဆိုသည့် ဒီကေဘီအေ၏ ပြောဆိုချက်အပေါ် ကေအဲန်ယူမှ သက်ဆိုင်ရာ အောက်ခြေ တပ်တွေကို စုံစမ်းမှုတွေ စတင် ပြုလုပ်သွားမည်ဖြစ်ပြီး မကြာမှီ သတင်းတခု ထုတ်ပြန်သွားမည်ဟုလည်း တာဝန်ရှိသူများက ပြောဆိုသည်။


Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment