Wednesday, April 4, 2012

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ကေအန်ယူ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ ထွက်ခွာ


သတင်း - မြနှယ်စိမ်းစိမ်း (အင်းစိန်)
ဧပြီလ ၄ ရက်၊ ၂၀၁၂ ခုနှစ်

မြန်မာအစိုးရနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ၂၁ ဦးပါ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်က ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြ၀တီ လမ်းကြောမှတဆင့် ရန်ကုန်မြို့သို့ ထွက်ခွာသွားသည်။

ယခုလ ၄ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကြာမြင့်မည့် ခရီးစဉ်တွင် KNUအဖွဲ့သည် အပစ်အခတ်ရပ်စဲရေး၊ ဆက်ဆံရေးရုံးများ ဖွင့်လှစ်မည့်ကိစ္စ၊ နယ်မြေဖြတ်သန်းသွားလာခွင့်ကိစ္စနှင့် နယ်မြေပိုင်းခြားသတ်မှတ်ခြင်း ကိစ္စရပ်များကို၊ ပြည်နယ်အဆင့်အနေဖြင့် ထပ်မံဆွေးနွေးရန်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်း အပါအ၀င် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်တင်မောင်ဝင်း ဦးဆောင်သည့်အဖွဲ့နှင့် ဘားအံမြို့တွင် ဆွေးနွေးကြမည်ဖြစ်သည်။

ဆက်လက်၍ KNU ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးမှုကို ရန်ကုန်မြို့တွင် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ဆက်လက် ဆွေးနွေးကြမည်ဖြစ်သည်။

ယခုလ ၆ ရက်နေ့တွင် ပြုလုပ်မည့် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲတွင် ပထမအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲ၌ မူအားဖြင့် နှစ်ဘက်သဘောတူညီထားသည့် KNU ၏ တောင်းဆိုချက် ၁၁ ချက်ကို အသေးစိတ် ထပ်မံဆွေးနွေးကြမည်ဖြစ်သည်။

ကိုယ်စားလှယ်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ နော်မေဦးက “ငြိမ်းချမ်းရေး ပြန်လည်ရရှိဖို့ သွားရောက်တာ ဖြစ်တယ်။ ဒီတိုင်းပြည် ငြိမ်းချမ်းရေးရရှိဖို့ မြန်မာအစိုးရအပေါ်မှာ အများကြီး မူတည်တယ်။ အောင်မြင်မှုရှိမရှိ ဆိုတာကတော့ နှစ်ဘက်ဆွေးနွေးမှုအပေါ်မှာ မူတည်တယ်” ဟု ပြောသည်။

ခရီးစဉ်အတွင်း နှစ်ဘက်သဘောတူညီချက်များအရ ဆက်ဆံရေးရုံးနှစ်ခုကို ပဲခူးတိုင်းအတွင်းရှိ ကျောက်ကြီးမြို့နယ်တွင်လည်းကောင်း၊ တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ်မြို့နယ်တွင်လည်းကောင်း ဖွင့်လှစ်ရန်ရှိပြီး ထားဝယ်မြို့နယ် ဆက်ဆံရေးရုံး ဖွင့်လှစ်နိုင်ရန်အတွက်၊ ယခုလ ၉ ရက်နေ့တွင် ရန်ကုန်သို့ ရောက်ရှိနေသည့် KNU ကိုယ်စားလှယ်အဖွဲ့ဝင်များအနက် မြိတ်-ထားဝယ်ခရိုင် ဥက္ကဌ ပဒိုကွယ်ထူးဝင်း ဦးဆောင်မည့် ၄ ဦးပါ အဖွဲ့က မြန်မာအစိုးရတာဝန်ရှိသူများနှင့်အတူ ရန်ကုန်မှတဆင့် လေကြောင်းလိုင်းဖြင့် ထားဝယ်သို့ ထွက်ခွာကြမည်ဖြစ်သည်။

KNU ကိုယ်စားလှယ်အဖွဲ့တွင် နော်စီဖိုးရာစိန် (အဖွဲ့ခေါင်းဆောင်) စောမူတူးဆေးဖိုး (ဒု-အဖွဲ့ခေါင်းဆောင်) စောအားတိုး၊ စောရောဂျာခင်၊ စောကွယ်ထူးဝင်း၊ စောရွှေမောင်း၊ စောမိုးဖြူ၊ စောအယ်ကလူသိန်း၊ နော်ဘလူးမင်းနိုက်ဇန်၊ စောထူးထူးလေးနှင့် နော်မေဦး တို့ပါရှိသည်။

ရုံးအဖွဲ့ဝင်များအဖြစ် စောသောသီဘွဲ (ရုံးအဖွဲ့မှူး)၊ စောလှထွန်း (ဒု-ရုံးအဖွဲ့မှူး)၊ စောတာဒိုမူး၊ စောအောင်ဝင်းရွှေ၊ နော်ထူးဖော၊ စောဘောဘိုး၊ စောကြီး၊ စောဒူးဖလော်စိုး၊ စောအယ်နာနှင့် နန်းဖော့ဂေ တို့ပါရှိပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲ လေ့လာသူများအဖြစ် ကရင်ပြည်နယ် ဘားအံမြို့မှ တောင်ကလေးကျောင်းတိုက် ဆရာတော် အရှင်ပညာသာမိနှင့် ခရစ်ယာန်ဘုန်းတော်ကြီး ဘိရှော့ဖိုးရေ တို့ပါရှိသည်။

KNU ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညတွင် ဘားအံမြို့၌ ညအိပ်ရပ်နားမည်ဖြစ်ပြီး ၅ ရက်နေ့ နံနက်တွင် ဘားအံမြို့ တောင်ကလေးကျောင်းတိုက်၌ ကရင်လူမှုအဖွဲ့အစည်းများ၊ ကရင်ခေါင်းဆောင်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ အပါအ၀င် ဒေသခံ ကရင်အမျိုးသားများကို တွေ့ဆုံပြီး အဖွဲ့၏ ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့် သဘောထားများကို ရှင်းလင်းပြောကြားမည် ဖြစ်သည်။

ခရီးစဉ်အတွင်း KNU ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အပါအ၀င်၊ အခြားနိုင်ငံရေးပါတီများနှင့် ယခုလ ၈ ရက်နေ့တွင် ရန်ကုန်မြို့၌ တွေ့ဆုံရန် ရှိသည်ဟု ကိုယ်စားလှယ်အဖွဲ့ဝင်တဦးက ပြောသည်။

လွန်ခဲ့သည့် ဇန်န၀ါရီလ ၁၂ ရက်နေ့က KNU အဖွဲ့သည် မြန်မာအစိုးရနှင့် ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသော်လည်း ကရင်ပြည်နယ်အတွင်း နှစ်ဘက်တပ်ဖွဲ့ဝင်များအကြား မကြာခဏ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ယခုဆွေးနွေးမည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် KNU ဘက်မှ ထာဝရငြိမ်းချမ်းရရှိရန်အတွက် ထပ်မံဆွေးနွေးခြင်းဖြစ်ပြီး မြန်မာဘက်မှ ငြိမ်းချမ်းရေးဆိုင်ရာ သဘောတူညီချက်များကို လက်ခံခြင်းမရှိပါက နှစ်ဘက်အကြား စစ်မှန်သည့် ငြိမ်းချမ်းရေးတည်ဆောက်မှုမှာ အချိန်ကာလများစွာ ကြာမြင့်ဦးမည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA မှ အဆင့်မြင့် တပ်မှူးကြီးတဦးက ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) သည် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် ၁၉၄၉ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့မှ စတင်ကာ အစိုးရအဆက်ဆက်ကို တိုက်ပွဲဝင်လာခဲ့သည်မှာ ၆၃ နှစ်ရှိပြီး အဖွဲ့၏ လက်ရှိဥက္ကဌမှာ ဗိုလ်ချုပ်ကြီး စောတာမလာဘော ဖြစ်သည်။
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment