Monday, April 20, 2009

ကရင်ရွာသားများ စားနပ်ရိက္ခာ ရှားပါးမှုနှင့် ကြုံတွေ့နေရ

ထိုင်း-မြန်မာ နယ်စပ်ပေါ် ခွ၍ နေကြသော ကရင်ရွာသား ၂၀၀၀ ကျော်မှာ အသက်ရှင် ရပ်တည်နေထိုင်ရေးအတွက် အလွန်ခက်ခဲသော အခြေအနေနှင့် ရင်ဆိုင်နေကြရသည်။

သူတို့သည် စစ်ဖြစ်ပွားနေသော ဇုံအတွင်း ပိတ်မိနေကြပြီး၊ စားနပ်ရိက္ခာ ရှားပါးမှုအပြင် ကောက်ချင်သလို ကောက်နေသော အခွန်အကောက်များနှင့် ဆိုးရွားလာနေသော ကျန်းမာရေး အခြေအနေတို့နှင့် ရင်ဆိုင် ကြုံတွေ့နေကြရခြင်း ဖြစ်သည်။

ကောဆာ၊ ကလောဂေါ၊ ကောပိုးပိုးနှင့် ပေါဘူးလှတာ ကျေးရွာ ၄ ရွာမှာ ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်သော မဲဆောက်၏ တောင်ဘက်တွင်ရှိပြီး အုန်းဖျံမဲ ဒုက္ခသည်စခန်းနှင့် ထိုင်းနယ်စပ်မြို့ အုန်းဖန်အကြား တည်ရှိကာ လူဦးရေ ၂၁၁၁ ဦး ရှိသည်။

သူတို့မှာ ယခုအခါ စားစရာ ဆန်အနည်းငယ်သာရှိပြီး နောက်ထပ် ဆန်နှင့် ငါးပိ အရေးတကြီး လိုအပ်နေသည်ဟု အဆိုပါ ရွာသားများက ယမန်နေ့ နံနက်ပိုင်းတွင် ပြောသည်။ ဤရိက္ခာများမှာ ကရင်လူမျိုးများ၏ ပင်တိုင်ရိက္ခာ ဖြစ်သည်။

သတင်းရပ်ကွက်များ၏ အဆိုအရ ရွာတိုင်းသည် မြန်မာစစ်တပ်နှင့် ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် (DKBA) သို့ တရက်လျှင် ပေါ်တာ ၅ ဦး အခမဲ့ပေးကြရပြီး မကြာသေးခင် လများအတွင်း တိုးတက်ဖြစ်ပွားလာနေသော တိုက်ပွဲများကြောင့် ရွာသားများအတွက် စားစရာပင် အနိုင်နိုင် ဖြစ်လာနေကြရသည်ဟု ဆိုသည်။

ထိုဒေသအတွင်း DKBA တပ်ဖွဲ့ ၃၃၃၊ ၉၉၉၊ ၉၀၇ နှင့် ၉ဝ၆၊ မြန်မာ့တပ်မတော် တပ်ရင်း ၄ဝ၄၊ ၂၈၃ နှင့် ၂၈၄ တို့မှ တိုက်ခိုက်ရေး အင်အား ၃၅၀ ခန့် အမြဲရှိနေပြီး၊ ရွာများတွင် တွေ့သမျှ ဆန်များကို သူတို့က လုယူ စားသောက်ပစ်သည်မှာ အထူးအဆန်း မဟုတ်တော့ပါ။

ထိုဒေသမှာ သတ္တုပေါကြွယ်ဝသော နယ်မြေဖြစ်ပြီး၊ လယ်ယာအငှားချ ထွန်ယက်လုပ်ကိုင်သော်လည်း၊ လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများကြောင့် လယ်ယာလုပ်ငန်းမှ ထုတ်လုပ်မှုကို အကြီးအကျယ် ထိခိုက်ပျက်စီးစေကာ ပြောင်းပင် ကောင်းကောင်းမရဟု ဆိုသည်။

အေးချမ်းသည့် အချိန်က ထိုင်းရင်းနှီးမြှုပ်နှံသူများက လယ်ယာလုပ်သားများကို မျိုးစေ့များ ထုတ်ပေးပြီး၊ ရိတ်သိမ်းချိန်ရောက်လျှင် အလုပ်လုပ်ကိုင်သော လယ်သမားများစားရန် ဆန်များ ထုတ်ပေးသည်။

ယခုအခါတွင် ထွက်ရှိသမျှသော ပြောင်းများအတွက် DKBA ၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA တို့က အခွန်ကောက်ယူနေကြသဖြင့် စီးပွားရေးအရ လုံးဝ တွက်ခြေမကိုက် ဖြစ်နေကြသည်။ ယခုရာသီတွင် ပြောင်းဈေးနှုန်းများကလည်း ကျပြန်သဖြင့် အခြေအနေမှာ ပို၍ပင် ဆိုးရွားသွားခဲ့ရသည်။

အကျိုးဆက်အားဖြင့် ထိုင်းရင်းနှီးမြှုပ်နှံသူများက လယ်ယာလုပ်သားများ တနှစ်ပတ်လုံး လုပ်ထားရသည့် လုပ်အားခအတွက် ပေးရမည့် ဆန်များကို မပေးနိုင်ဖြစ်လာသည်။

KNLA တပ်ရင်း ၂၀၁ နှင့် အထူးတပ်ရင်း ၁၀၃ တို့မှ အင်အား ၃၀၀ ခန့်ရှိသည့် တပ်ကြွင်းတပ်ကျန်များက ဒေသတွင်းရှိ လယ်သမားများကို ကာကွယ်စောင့်ရှောက်ပေးရန် ကြိုးစားနေကြသည်။

ဥပမာ ငါးပိ၊ ငရုပ်သီး၊ စားအုန်းဆီ စသည့် ဆန်နှင့်အတူ လိုအပ်သည့် အခြား တွဲဘက်ရိက္ခာများအကြောင်း မေးမြန်းရာတွင် ဒေသတွင်းတွင် ထိုရိက္ခာများ လုံးဝမရရှိဘဲ ဆန်ကိုပင် မကြာသေးခင်က အစိုးရမဟုတ်သော NGO တခုက လှူဒါန်းသွားသည့် ဆန်ကို ရာရှင်ဖြင့် ခွဲဝေပေးနေရသည်ဟု ဒုက္ခသည်များအတွက် လိုအပ်ချက်များ တွက်ချက်ခန့်မှန်းပေးရန် ဖွဲ့စည်းထားသော ကော်မတီက ဆိုသည်။

(Help Without Frontiers) ဆိုသည့်အဖွဲ့က အချို့တဝက် ထောက်ပံ့ပေးနေသော်လည်း ထိုဒေသတွင်း လေ့လာအကဲဖြတ် လုပ်ငန်းများ လုပ်ကိုင်နေသည့် နယ်လှည့်ဆေးအဖွဲ့များနှင့် ကျန်းမာရေးလုပ်သားများက ပြောသည်မှာ ယခုအခါ ဒေသတွင်း အရေးတကြီး လိုအပ်နေသော ဆေးဝါးများမှာ ဓာတ်ဆားထုပ်များနှင့် Ibuprofen တို့ ဖြစ်သည်။

သူတို့အတွက် ယခုလောလောဆယ် ကျန်းမာရေးအရ အစိုးရဆုံးရောဂါများမှာ ဝမ်းပျက်ဝမ်းလျှော၊ ဝမ်းကိုက်နှင့် ငှက်ဖျားရောဂါတို့ဖြစ်သည်ဟု ကျေးရွာသားများက ပြောသည်။

အဆိုပါ ကျေးရွာ ၄ ရွာမှာ ဆေးဝါးအထောက်အပံ့များကို အထူးတပ်ရင်း ၁၀၃ ၏ အခြေချစခန်းမှ ရရှိနေခဲ့သည်။ သို့သော် အဆိုပါ အခြေချစခန်းမှာ ပြီးခဲ့သည့်နှစ်က ရန်သူ၏ သိမ်းပိုက်မှုကိုခံခဲ့ရပြီး၊ ယခုအခါ နယ်လှည့်ဆေးအဖွဲ့များ အပေါ်တွင်သာ မှီခိုနေရသည်။

ယခင်က ယခုကဲ့သို့ ခြောက်သွေ့ရာသီတွင် မြန်မာစစ်တပ်၏ ထိုးစစ်များကို ကရင်ရွာသားများ ပုံမှန်ပင် ရင်ဆိုင်ရပြီး၊ မိုးရာသီရောက်လျှင် သူတို့ ဆုတ်ခွာသွားလေ့ရှိသည်။ သို့သော် ယခုနှစ်တွင်မူ မြန်မာစစ်တပ်နှင့် DKBA တို့က အနည်းဆုံး ပေါဘူးလှတာ ကျေးရွာတွင် တဝက်တပျက် အမြဲတမ်း အခြေချစခန်းတခု လာရောက် တည်ဆောက်ထားပြီး၊ ယခုနှစ် မိုးရာသီရော၊ မိုးရာသီ ကုန်ဆုံးချိန်တွင်ပါ တလျှောက်လုံး ရှိနေမည်ကို ရွာသားများ စိုးရိမ်နေကြသည်။
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment