
စောဌေးမောင် ဦးဆောင်သည့် ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီကို တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့က ခေါ်ယူကာ အနုနည်းဖြင့် အကြပ်ကိုင်ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ဆက်စပ်ပြောကြားခြင်းဖြစ်သည်။
ယခုလ (၄) ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) တပ်စခန်းသို့ လာရောက်ပူးပေါင်းသည့် ငြိမ်းချမ်းရေးကောင်စီအဖွဲ့၏ တပ်ရင်း (၇၀၄) မှ ဗိုလ်မှူးစောလေးမူးက “အရင်လ (၂၈) ရက်နေ့က ဘားအံမှာ ငြိမ်းချမ်းရေးကောင်စီအဖွဲ့က လူကြီးတွေကို နအဖ စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ) က ခေါ်တွေ့ပြီး ဖူးဌေးမောင်ကို အဖွဲ့တွင်းမှာရှိတဲ့ အသက်ကြီးတဲ့လူတွေကို အဖွဲ့ကထွက်ခိုင်းပြီး ကျန်တဲ့လူတွေနဲ့ ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ဖို့ပြောတယ်။ ၂၀၁၀ ကျရင် နယ်ခြားစောင့်အဖြစ် အကန့်အသတ်နဲ့ အသွင်ပြောင်းပေးမယ်။ အဲဒီကိစ္စကို စဉ်းစားခိုင်းတယ်” ဟု ပြောသည်။
၎င်းဆွေးနွေးပွဲတွင် မြန်မာစရဖအရာရှိများနှင့်အတူ ငြိမ်းချမ်းရေးကောင်စီအဖွဲ့မှ စောဌေးမောင် (ဥက္ကဋ္ဌ)၊ ဗိုလ်ချုပ်ကြီး ထော့လေး (ဒုတိယစစ်ဦးစီးချုပ်)၊ နော်ကပေါ်ထူး (အတွင်းရေးမှူး) နှင့် ဗိုလ်မှူးချုပ်ယဉ်နု (စစ်ထောက်ချုပ်) တို့ ပါရှိသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ စောဌေးမောင်က အဖွဲ့ဝင်များအား ယနေ့ထိ ပြန်လည်ရှင်းလင်း ပြောဆိုခြင်း မရှိသည့် အပေါ် အဖွဲ့ဝင်များက စိုးရိမ်နေပြီး ၎င်းတို့အားလုံးကို နအဖလက်ထဲ ဝကွက်အပ်မည်ကို စိုးရိမ်နေကြသည်။
ကရင်ခွဲထွက်များ၏ အခြေအနေနှင့်ပတ်သက်၍ ရွေးကောက်ပွဲပြီးလျှင် ခွဲထွက်အဖွဲ့အားလုံးကို နယ်ခြားစောင့်အဖြစ် အသွင်ပြောင်းပြီး ကာကွယ်ရေးဦးစီးချုပ်၏ အကန့်အသတ်အောက်တွင် ရပ်တည်ရမည်ဖြစ်သောကြောင့် ကရင်ခွဲထွက်အဖွဲ့များအားလုံး အလိုအလျောက် လုံးပါးပါးပြီး ပျောက်ကွယ်သွားမည် ဖြစ်သည်ဟုလည်း စောလေးမူးက ပြောသည်။
၎င်းက “စစ်မှန်တဲ့ငြိမ်းချမ်းရေး ရမယ်ထင်ပြီးလုပ်ခဲ့တာ လက်တွေ့မှာ တခြားစီပဲ။ နအဖလက်အောက်မှာ ဘာနိုင်ငံရေး၊ ဘာငြိမ်းချမ်းရေးမှ လုပ်လို့မရဘူး။ ဒါကြောင့် မိခင်အဖွဲ့အစည်းဖြစ်တဲ့ ကေအန်ယူဆီ ပြန်လာတာပါ” ဟု ပြောသည်။
ကေအန်ယူခွဲထွက်အဖွဲ့အစည်းများမှာ ဒီကေဘီအေ၊ ကေအန်ယူငြိမ်းချမ်းရေးကောင်စီအဖွဲ့၊ ပဒိုအောင်ဆန်း ဘုရားကုန်းအဖွဲ့၊ စောသမူဟဲ ဟောင်သရောအဖွဲ့၊ သံတောင်အထူးဒေသ တောင်နှင့်မြောက် (၂) ဖွဲ့ နှင့် (၁၀၁) အဖွဲ့တို့ဖြစ်သည်။
ငြိမ်းချမ်းရေးကောင်စီတွင် တပ်ရင်း (၁၀) ရင်းရှိပြီး (၁) ရင်းလျှင် (၃၀) ဦးခန့်ရှိကာ ၎င်းတို့လက်ရှိ လက်နက်ကိုင် အင်အားမှာ (၃၀၀) ခန့် ရှိသည်ဟု သိရသည်။
လက်နက်ကိုင်အင်အားနည်းပါးရခြင်းမှာ နအဖက လက်နက်ဝယ်ယူစုဆောင်းခွင့်နှင့် တပ်အင်အားတိုးချဲ့ခွင့် မပြုသဖြင့် ဒီကေဘီအေအဖွဲ့ကဲ့သို့ အင်အားတောင့်တင်းမှု မရှိကြောင်း၊ ဒီကေဘီအေအဖွဲ့ လက်နက်လူသူ စုဆောင်းမှုကို နအဖက မသိချင်ယောင်ဆောင်ထားပြီး ဒီကေဘီအေနှင့် ကေအန်ယူ ဖြစ်သည့်တိုက်ပွဲများတွင် လိုအပ်သည့် လက်နက်ခဲယမ်းမီးကျောက်နှင့် ရိက္ခာများကို လိုသလောက်ထုတ်ပေးသည်ဟုလည်း မိသားစုဝင် (၄) ဦးနှင့်အတူ ပြန်ဝင်လာသည့် စောလေးမူးက ပြောသည်။
ငြိမ်းချမ်းရေးအဖွဲ့များထံမှ ရရှိသောအချက်အလက်များအရ နအဖ ဖွဲ့စည်းပေးမည့် နယ်ခြားစောင့်တပ်တတပ်တွင် ငြိမ်းချမ်းရေးအဖွဲ့ဘက်မှ အရာရှိ (၁၅) ယောက်အပါအဝင် အင်အား (၂၉၆) ယောက်နှင့် နအဖဘက်မှ အရာရှိ (၃) ဦး အပါအဝင် အင်အား (၃၀)၊ စုစုပေါင်းအင်အား (၃၂၆) ယောက်ပါဝင်မည်ဖြစ်ကာ လစာနှင့် အခြားခံစားခွင့်များကို နအဖမှ ထုတ်ပေးမည်ဖြစ်ပြီး စစ်သင်တန်းကိုလည်း နအဖက ပေးမည်ဟုသိရသည်။