Wednesday, December 30, 2009

နှစ်သစ်အားမာန်

ခေါင်ဆူ.လိုင့်

ကန္တာရခရီးကြမ်း လျှောက်ရင်း
လမ်းမပျောက်ဘဲ ရေငတ်နေတဲ့ ငါ
စမ်းရေတပေါက် တွေ့သောက်မိတော့
ပေါ့ပါးရွှင်လန်း ဆန်းစစ်မိခဲ့
ရှေ့ဆက်မဲ့ ခရီးသစ်ကို
နှစ်သစ်မှာ အကြံသစ်တွေနဲ့
ခွန်အားမာန်အပြည့်မို့
ရန်စွယ်ကျော်လွှားဖို့ အသင့်တွေး
ရွေးကောက်ပွဲမတိုင်ခင်
လေး၊ မျှားတံ တင်ကြပါစို့လား…။
Tuesday, December 29, 2009

နအဖတပ်စစ်ဦးကျိုးအောင် တပ်ရိက္ခာသိမ်းဆည်းခဲ့သည်ဟု ကေအဲန်ယူမှ ပြောဆို

ကောင်းဝါ(ဒီဇင်ဘာ- ၂၉)။ ။ မွန်ပြည်နယ် သံဖြူဇရပ်မြို့ ဝဲကလီကျေးရွာတွင် အခြေချထားသည့် တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းတပ်နယ်မှူးမှ သံဖြူဇရပ် ဘုရားသုံးဆူမြို့ကိုပြေးဆွဲနေသော မော်တော်ယဉ်များကို တပ်ရိက္ခာ သယ်ဆောင်ရန်အတွက် အတင်းအဓမ္မ ချောဆွဲနေသည်ဟု ကားသမားများမှ ပြောပါသည်။

အဆိုပါ ရိက္ခာများကို ကြာအင်းဆိပ်ကြီး မြို့နယ် အနန်းကွင်းကျေးရွာ အခြေချ စစ်ဗျူဟာရုံးနှင့် ဘုရားသုံးဆူမြို့ အခြေချ တပ်ရင်းအတွက် ပို့ဆောင်ပေး ခဲ့ရသည်ဟု ဆိုသည်။ သံဖြူဇရပ်နဲ့ ဘုရားသုံးဆူ လမ်းကြောတလျှောက် ပြေးဆွဲနေသည့် တချို့ကားသမားများ သည် မိမိတို့၏ကား ချောဆွဲခြင်းဘေးမှ လွတ်ကင်းအောင် ငွေကြေးပေးဆောင်ပြီး သော်လည်း ထပ်မံချောဆွဲခံနေရသည်ဟု ဆိုပါသည်။

အမည်မဖေါ်လိုသူ ကားသမားတစ်ဦးအဆိုအရ ဆန်အိတ်ပေါင်း(၃ဝဝဝ)ကျော်ကို အနန်းကွင်းဗျူဟာရုံးနှင့် ဘုရား သုံးဆူမြို့အခြေချတပ်ရင်းကို သယ်ဆောင်လာသည့်အခါတွင်မူ ကားလမ်းကြောတလျှောက်တွင်ရှိသည့် ကေအာန် ယူတပ်ဖွဲ့များကနေ နအဖတပ်ရဲ့ရိက္ခာဆိုပြီး သိမ်းဆည်းခဲ့ပါသည်။ အဆိုပါတပ်ရိက္ခာများကိုပို့ဆောင်ရန် အမှတ် (၄ဝ၇)ခြေမြန်တပ်ရင်းက တပ်ရင်းမှူးဒုဗိုလ်မှူးကြီးတင်မောင်မောင်ဦးစီးသည့် နအဖစစ်ကြောင်းကနေ လုံခြုံရေး တာဝန်ယူနေသည်ဆိုသော်လည်း လက်တွေ့အခြေအနေမှာ ကားသမားတွေအပေါ်၌သာ လွှဲပုံချတားသည်ဟု ပြောဆိုခဲ့ပါသည်။ ကားပေါ်မှာတင်လာသည့် နအဖတပ်ရိက္ခာများကို ကေအာန်ယူခေါ် ကရင်အမျိုးသားအစည်း အရုံးကနေ သိမ်းဆည်းခဲ့သည့်အပေါ်တွင် ကေအာန်ယူတပ်မဟာ(၆)က ဗိုလ်ကြီးစောထဲနေကိုမေးမြန်းရာတွင် ဟုတ်မှန် ကြောင်းအတည်ပြုပြောဆိုခဲ့ပြီး အခုလိုဆက်လက်ပြောဆိုခဲ့ပါသည်။

" ကျွန်တော်တို့ဒီရိက္ခာသိမ်းတယ်ဆိုတာက ဟိုနအဖဘက်က ကေအာန်ယူနယ်မြေထဲမှာ ထိုးစစ်လုပ်ဘို့ အစီအစဉ် ရှိတယ်။ အစီအစဉ်ရှိတဲ့အပေါ် သူတို့ရိက္ခာသယ်လာတဲ့အချိန်မှာကျွန်တော်တို့ကအတိအကျသိရလို့သာ ကျွန်တော် တို့ကသိမ်းဆည်းတာ။ သိမ်းဆည်းတယ်ဆိုတာပြည်သူလူထုရဲ့ပစ္စည်းတော့ ကျွန်တော်တို့လုံးဝရှောင်ဖယ်ပြီးတော့ ကျွန်တော်တို့မသိမ်းဘူး။ ဟိုရန်သူ့ရိက္ခာဆန်တွေကျတော့ ဟိုဒင်း ရန်သူ့ပစ္စည်းတို့ပစ္စည်း ကျွန်တော်တို့ကရန်သူ့ ပစ္စည်းတွေကိုဘဲသိမ်းတယ်။ အေး ကျွန်တော်တို့တိတိကျကျသိတဲ့အပေါ်မှာဘဲ သိမ်းဆည်းတာဖြစ်တယ်။ ဘာဖြစ် လို့လဲဆိုတော့ ဒီလာမဲ့(၂ဝ၁ဝ)ခြောက်သွေ့ရာသီထဲမှာ တပ်ရင်း(၁၆) တပ်ရင်း (၁၇) တပ်ရင်း(၁၈) ဂွင်ထဲမှာ စကခ(၁၂)ရယ် စကခ(၁၉)ရယ် စကခ(၈)ရယ် တပ်မဟာ(၆)ဂွင်မှာ ထိုးစစ်ပြင်ဆင်မှုတွေ အဲတာလုပ်ထားတာ ရှိတယ်။ အဲဒီအပေါ်မှာကျွန်တော်တို့က ဒီရိက္ခာကားတန်းတွေ တက်လာတဲ့အချိန်မှာတာ သူတို့ဘက်ကစစ်ဦးကျိုး အောင် အဲတာကျွန်တော်တို့ကသိမ်းဆည်းတာဖြစ်သည်" ဟု ဆိုပါ သည်။

ယခုလို နအဖတပ်မှ ရိက္ခာစုဆောင်းနေသည့်ဖြစ်စဉ်မှာ ပွင့်လင်းရာသီအချိန်တွင်ကေအာန်ယူတပ်မဟာ(၆) အပေါ် ထိုးစစ်ဆင်ဘို့အလားအလာများလာမည်ဟု သတင်းထွက်နေသည့်အပေါ် နယ်စပ်နေပြည်သူတွေ စိုးရိမ်နေကြ ကြောင်း နယ်စပ်စစ်ရေးအကဲခတ်သူတွေက ဆိုပါသည်။

ထို့အပြင် နအဖစစ်အစိုးရသည် ၍ ILO ခေါ်ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်နဲ့ပူးပေါင်းပြီး မြန်မာနိုင်ငံအတွင်းမှာအတင်း အဓမ္မ လုပ်အားပေးစေခိုင်းမှုတွေ ပပျောက်အောင် ဝိုင်းဝန်းလုပ်ဆောင်သွားရန် သဘောတူညီချက်စာချုပ်ချုပ်ဆို ထားသော်လည်း လက်တွေ့အနေအထားအရ ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့အပြင် လူ့အခွင့်အရေးတွေ ဆက်လက် ချိုးဖေါက်နေဆဲဟု အလုပ် သမားအရေး လေ့လာသူများက ဆိုပါသည်။
Monday, December 28, 2009

ကေအဲန်ယူ ဥက္ကဌကြီး ဗိုလ်ချုပ်ကြီး စောတာမလာဘောကို စစ်အာဏာရှင်ကြီး သန်းရွေမှ ရှိခိုးတောင်းပန်နေသည့်ပုံ

ဗိုလ်ချုပ်ကြီး စောတာမလာဘောကို နောင်လာမည့်နှစ်သစ်တွင် ပျောက်ကြားစနစ်သစ်များမသုံးရန် ရှိခိုးတောင်းပန်နေသည့် နအဖ စစ်အာဏာရှင်ကြီး သန်းရွေပုံဖြစ်ပါသည်။ ဓါတ်ပုံကို http://www.freeimagehosting.net/uploads/d5087756f9.jpgမှ ကူးယူထားခြင်း ဖြစ်ပါသည်။

ကေအဲန်ယူ တပ်မဟာ(၅) တိုက်ခိုက်မှုကြောင့် နအဖ တပ်ဖွဲ့ဝင် ၁၀ယောက် ထိခိုက်သေဆုံး

အသက်ကို ဖက်နှင့်ထုတ်ကာ လှုပ်ရှားနေရရှာသည့် ရှေ့တန်းရောက် နအဖတပ်ဖွဲ့ဝင်တချို့ပုံ။

ကေအဲန်ယူလက်အောက်ခံ တပ်မဟာ ၅လက်အောက်ခံတပ်ဖွဲ့ဝင်များက နအဖတပ်ဖွဲ့ဝင်များကို ဒီဇင်ဘာလ ၂၀ရက်နေ့မှ ၂၃ရက်နေ့အတွင်း ၉ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နအဖတပ်ဖွဲ့ဝင် ၁၀ဦးထက်မက ထိခိုက်သေဆုံးသွားခဲ့သည်ဟု ကေအဲန်ယူသတင်းထုတ်ပြန်ချက်အရ သိရသည်။
တိုက်ပွဲဖြစ်ပွားသည့် နေရာများမှာ ထီးဘွဲဒေ့၊ ဆိုလူ၊ ဟိုကလိုစသည့် တပ်မဟာ ၅ဧရိယာအတွင်းရှိ နေရာ ၁၁နေရာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ယင်းတိုက်ပွဲများအပြီး ကေအဲန်ယူမှ လက်နက် ၅လက်၊ MA-3 ၃လက်၊ MA-2 ၂လက်၊ ကာဘိုင် ၁လက်၊ ကျဉ်အိတ် ၇ခု၊ ကျဉ်ဆံ ၂၉၂တို့ကို သိမ်းပိုက်ရရှိခဲ့သည်။ အဆိုပါတိုက်ပွဲအတွင်း ကေအဲန်ယူဘက်မှ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိကြောင်း ဖာပွန်ခရိုင် ပြန်ကြားရေးဌာန သတင်းထုတ်ပြန်ချက်များအရ သိရပါသည်။
ကိုးကား-ကွယ်ကလူကရင်ဘာသာဝက်ဆိုက်ဘ်။

ကေအဲန်ယူ တပ်မဟာ(၅)တွင် နအဖနှင့် ဒီကေဘီအေ တပ်အင်အားအလုံးအရင်းဖြင့် ၀င်ရောက်နေရာယူ

ဒီဇင်ဘာလ ၂၃ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ်မြောက်ပိုင်းရှိ ကေအဲန်ယူ တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင်၊ ဒွဲလိုးမြို့နယ်တွင် ပြီးခဲ့သည့် ရက်အနည်းငယ်တွင် နအဖနှင့် ဒီကေဘီအေ ပူးပေါင်းတပ်တို့ တပ်အင်အား အလုံးအရင်းဖြင့် ၀င်ရောက် နေရာယူနေသည်ဟု သတင်းရရှိသည်။

ကေအဲန်ယူ တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်၌ ယခင်က တပ်အင်အား ၆၀၀ရှိသော ဒီကေဘီအေ တပ်မ ဟာ(၃၃၃)နှင့် တပ်မဟာ (၉၉၉)တပ်ရင်းတချို့သည် ပြီးခဲ့သည့် ရက်အနည်းငယ်က တပ်အင်အား ၁၀၀ ကျော် ထပ်ဖြည့်ကာ နောက်ထပ်အင်အား ၄၀၀ ထပ်ဖြည့်ရန်ရှိပြီး လက်ရှိအချိန်တွင် နအဖ စစ်တပ် တပ် မ(၄၄)မှ တပ်ရင်း ၂ရင်းကို စစ်ကူတောင်းထားကြောင်းလည်း ကေအဲန်ယူ တပ်မဟာ(၅) ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးစောကလယ်ဒိုက ပြောသည်။

သူက “ပြီးခဲ့တဲ့ တရက်နှစ်ရက်တုန်းက ကျနော်တို့ သိရတဲ့အတိုင်းဆိုရင် ဒီကေဘီအေ တပ်အင်အား ၁၀၀ကျော် ထပ်ခေါ်ထားပြီးတော့ လှဂွန်းပြို့(ခိုသွီထာ့)မှာ နေရာယူတယ်။ နောက်ထပ် ထပ်ခေါ်ဖို့လည်း ရှိသေးတယ်။ နောက်ပြီးတော့ နအဖ တပ်ရင်း ၂ရင်းကို လည်း စစ်ကူခေါ်တယ်လို့ ကျနော်တို့သိရတယ်။ သူတို့လုပ်ငန်း(ရွှေနဲ့သစ် ထုတ်လုပ်ဖို့)နဲ့ ပတ်သက်ပြီးတော့ လုံခြုံရေး ထပ်တိုးတာလား။ အခုလိုဝင်လာ တာ စစ်ဘက်ဆိုင်ရာနဲ့ ပတ်သက်ပြီးတော့ လှုပ်ရှားမှုတခုခု လုပ်ဖို့လားတော့ ကျနော် မပြောနိုင်သေးဘူး” ဟု ပြောသည်။

၎င်းတပ်ရင်းတို့ ရှေ့ဆက်လှုပ်ရှားမည့် အစီအစဉ်ကို မသိရှိရသေးသော်လည်း လတ်တလောအချိန်တွင် နအဖစစ်တပ်မှ စစ်ကွပ်ကဲရေးဌာနချုပ်(၂၁)နှင့် ဌာနချုပ်(၃)တို့ ပူးပေါင်း၍ ၎င်းတို့တပ်စခန်း တည်ရှိရာ ဖာ့ဝေါ်၊ လယ်မူပလော၊ ဆောမူပလော၊ ဆောထာ့ စသည့်နေရာများတွင် စစ်တပ်ရိက္ခာ ပို့ဆောင်မှုများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဗိုလ်မှူးစောကလယ်ဒိုက ဆက်ပြောသည်။

၎င်းအပြင် နအဖ စစ်ကွပ်ကဲရေးဌာနချုပ် အမှတ်(၇)နှင့် အမှတ်(၅)မှ တပ်ရင်း(၃)ရင်းကလည်း ကေအဲန် ယူ ထိန်းချုပ်ရာနယ်မြေဖြစ်သည့် ရှိုးကျိုးနှင့် ခေးပူတို့နယ်မြေတို့တွင် ယခုရက်ပိုင်းအတွင်း ရောက်ရှိနေပြီ ဖြစ်သည်ဟု သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မြိုင်ကြီးငူအထူးဒေသ အခြေစိုက် ဒီကေဘီအေ ဗဟိုဌာချုပ်သို့ ကေအိုင်စီမှ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း တာဝန်ယူ တုန့်ပြန်ဖြေကြားမည့်သူ မရှိပါ။

ဒီကေဘီအေတပ်ဖွဲ့သည် လွန်ခဲ့သည့် နိုဝင်ဘာလက ရွှေတူးဖော်ရေးနှင့် သစ်ထုတ်လုပ်ရေးလုပ်ငန်းအ တွက် အကြောင်းပြကာ တပ်အင်အား ၆၀၀ကျော်နှင့်အတူ ကေအဲန်ယူ တပ်မဟာ (၅)နယ်မြေ ဖာပွန်နှင့် သထုံခရိုင် နယ်စပ်ကြား ဘီးလင်းချောင်းနားတွင် ၀င်ရောက်နေရာယူခဲ့သော်လည်း လူထုအပေါ် ဖိအား ပေးမှု တစုံတရာ မရှိသေးပေ။

ကေအဲန်ယူ တပ်မဟာ ၅နယ်မြေတွင် ယခုနှစ် ပွင့်လင်းရာသီမှစ၍ ထိုဒေသတွင် လှုပ်ရှားနေသည့် နအဖ စစ်တပ်များနှင့် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (ကေအဲန်အယ်လ်အေ) တပ်ဖွဲ့ တို့အကြား တရက် တကြိမ်၊ နှစ်ရက်တကြိမ် ပြောက်ကျားတိုက်ပွဲ ဖြစ်ပွားလျှက်ရှိသည်ဟု သိရသည်။

၎င်းအပြင် ယခုလ ၁၉ရက်နေ့ကလည်း ကေအဲန်ယူ တပ်မဟာ(၆)နယ်မြေရှိ ကေအဲန်အယ်လ်အေ တပ် ရင်း(၂၀၁)မှ တပ်ခွဲတခွဲနှင့် နအဖ ခမရ(၅၄၇)တို့ တိုက်ပွဲဖြစ်ပွားရာ နအဖဘက်မှ ၂ဦး ကျဆုံးကာ တပ်စု မှူးတဦး၊ တပ်ကြပ်ကြီးတဦး အပါအ၀င် လေးဦး ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူသတင်းအရ သိရ သည်။
Wednesday, December 23, 2009

ဆစ်ဒနီမြို့ လူငယ်များ၏ ကရင့်ရိုးရာဒုံးအက

Monday, December 21, 2009

သြစတြေးလျားနိုင်ငံ မဲဘမ်းလ်မြို့ ကရင်နှစ်သစ်ကူးနေ့ ပုံရိပ်

သြစတြေးလျားနိုင်ငံ၊ ဗစ်တိုရီးယားပြည်နယ်၊ မဲဘမ်းလ်မြို့က ကရင်နှစ်သစ်ကူးနေ့အခမ်းအနား ပုံရိပ်များဖြစ်ပါသည်။ ဓါတ်ပုံရိုက်ကူးပေးပို့သူ စောဖိုးခွားနှင့် အဆိုပါဓါတ်ပုံများအား စေတနာဖြင့် အမြဲတမ်းမျှဝေပေးတတ်သည့် ကရင့်ဘလော်ဂါ ကိုစောကျော်ခွိကို ကျေးဇူးအထူးတင်မိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
Sunday, December 20, 2009

မဲလ်ဘမ်းမြို့၂၇၄၉ခုနှစ်မြောက် ကရင်နှစ်သစ်ကူးနေ့ ကျင်းပ ပြီးစီးခြင်း

ဒီဇင်ဘာ ၁၉၊ ၂၀၀၉
သတင်း-စောကျော်ခွိ
ဓါတ်ပုံ- စောဖိုးခွား

သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ် မဲလ်ဘမ်းမြို့၌ သက္ကရာဇ် ၂၇၄၉ခုနှစ်မြောက် ကရင်နှစ်သစ်ကူးကို ကျင်းပပြီးစီးခဲ့ကြောင်းသိရပါသည်။ လူပေါင်းတစ်ထောင့် နှစ်ရာကျော် တက်ရောက်သော ထိုအခမ်းအနားကို ဝေါ်ရဘီရပ်ကွက် ကူကဘာရာ အဝိုင်းရှိ ဂလန်းအော်ဒန် မူလတန်းကျောင်းတွင် ကျင်းပခဲ့ရာအဝေးရောက်ကရင်များ၊ ရပ်နီး၊ ရပ်ဝေး မိတ်သယာရများ စုံညီစွာ တက်ရောက်ခဲ့ကြသည်၊

မနက်(၁၀)နာရီမှ စတင်ကျင်းပခဲ့ရာ ကရင်လူကြီးများမှ နှစ်သစ်ကူးမိန့်ခွန်းများပြောကြားပြီးနောက် ကောက်ညှင်းပေါင်းနှင့်ကြက်သားကြော်များ ဝေငှ ကျွေးမွေးခဲ့သည်။ ရိုးရာ ကရင့်ဒုံးအကများ၊ ဝါးညှပ်အကများနှင့်ဖျော်ဖြေတင်ဆက်ခြင်း၊ စတိတ်ရှိုးကဏ္ဍတွင်ခေတ်ပေါ်ကရင်သီချင်းများမြိုင်ဆိုင်စွာ သီဆိုပျော်ပါးကြရင်း မိမိတို့၏ အမျိုးသားဆိုင်ရာနေ့ကို ဝမ်းပန်းတာ ကြိုဆိုခဲ့ကြသည်ဟု သိရပါသည်။

ထို့အပြင် ကဗျာ ပြိုင်ပွဲကိုလည်း ကျင်းပပေးပြီး အားကစားကဏ္ဍတွင်လည်း ပိုက်ကျော်ခြင်း၊ ဘော်လီဘော၊ ဘော်လုံး၊များပါဝင်သည်။ မိန်းကလေးများလည်း ဘော်လီဘောတွင်ပါဝင်ပြီး စကောရွက် လမ်းလျောက်ပြိုင်ပွဲများပါဝင်သည်ဟုသိရပါသည်။ ကလေးထိန်းသိန်းရေးနေရာတွင်လည်း ကစားစရာ အစုံအလင်နှင့် အလွန်ကို စည်ကားလှသည်ဟုသိရပါသည်။

အစားအသောက်များရောင်းချခြင်း၊ ကရင်ရိုးရာ အသုံးအဆောင်၊ အဝတ်အထည်များရောင်းချခြင်း၊ ၂၀၁၀ ခုနှစ်ပြည်တွင်းထုတ် ပြက္ခဒိန် ရောင်းချခြင်းများပါဝင်ပြီးများပါဝင်ကြကြပီး ထိုရောင်းချရငွေများကို ရံပုံငွေအဖြစ် သိမ်းဆည်းထားကြမည်ဖြစ်သည်ဟု သိရပါသည်။

မိမိတို့ဌာနေ၊ မြေ မဟုတ်မှန်းသိပေမဲ့ ကိုယ့်ရပ်ရွာဒေသကဲ့သို့ သဘောထားပြီး နှစ်သစ်ကူးအချိန်မှာ တစုတစည်းထဲ ရောက်လာ ပြန်လည်ဆုံဆည်းရတဲ့ ကရင့်ဆွေမျိုးများကို တွေ့ရတဲ့အတွက် အင်မတန်မှ ဆွတ်ပျံကြည်နူးခံစားမိပါတယ်။ မိမိဒေသရပ်ရွာမှာနေခဲ့စဉ်တုန်းက လွတ်လွတ်လပ်လပ်ဆင်နွဲခဲ့ကြသလို ဒီမှာလည်း ကရင်နှစ်သစ်ကူးကို လွတ်လပ်စွာကျင်းပခွင့်ရလို့ ကြိုးစားပေးခဲ့ကြသူအားလုံးကိုလည်းကျေးဇူးအထူးတင်မိပါတယ်။ ကျနော်တို့ရဲ့ နိုင်ငံကို ပြန်လည်တမ်းတမိပါတယ်။

နောက်ပြီး ဒီနှစ် ကရင်နှစ်သစ်ကူး ဖာပွန်မှာဗုံးပေါက်ကွဲမှူတွေဖြစ်တယ်။ လူအသေအပျောက်၊ ထိခိုက်ဒဏ်ရာရမှူတွေများစွာဖြစ်ခဲ့တယ်လို့ ကြားသိရတယ်။ နအဖ စွပ်စွဲသလိုKNU ကဗုံးခွဲ တရားခံမဟုတ်ဘဲ တပ်မဟာ(၅)ကို တိုက်ခိုက်ရန် ရမယ်ရှာ စစ်ပြင်ဆင်ခြင်းသာဖြစ်လို့ DKBAနှင့် KNU တို့က ၄င်းကိစ္စကို အထူးသတိထားသင့်တယ်။ ဒီလို ကရင်နှစ်သစ်ကူးမှာ လုပ်ကြံ ဗုံးခွဲခြင်းဟာ ကရင်တမျိုးသားလုံးကို အမျိုးတုန်းသုတ်သင်ဖို့ ဖြစ်ပါတယ်။ ကျနော် အင်မတန်မှ စိတ်မကောင်းဖြစ်မိပါတယ် ဟုမဲလ်ဘမ်း ကရင်နှစ်သစ်ကူးသို့ ပါဝင် တက်ရောက်ခဲ့သူ စောဖိုးခွားမှ ပြောဆိုပါသည်။
ညနေ(၃)နာရီခန့်တွင် နှစ်သစ်ကူးအခမ်းအနားကို ရုတ်သိမ်းခဲ့ကြသည်ဟု သိရပါသည်။

DKBAတပ်ဖွဲ့ဝင် ၇ဦး KNUနှင့် ပြန်လည်ပူးပေါင်း

ဒီကေဘီအေ တပ်ရင်း (၉၀၆)မှ တပ်ဖွဲ့ဝင် ၆ဦး မိခင် ကေအဲန် ယူနှင့် ပြန်လည် ပူးပေါင်းရန် အတွက် ကေအဲန်ယူ တပ်မဟာ ၆ တပ်ရင်း ၁၇နယ်မြေတွင် လွန်ခဲ့သည့် ဒီဇင်ဘာလ ၁၇ရက်နေ့က ပြန်လည် ရောက်ရှိလာ ကြောင်း ကေအဲန်ယူ သတင်းထုတ် ပြန်ချက်အရ သိရသည်၊
အဆိုပါ သတင်း ထုတ်ပြန်ချက်အရ ဒီကေဘီကေ တပ်ဖွဲ့ဝင် ၆ဦးနှင့်အတူ အမ်-၇၉တလက်၊ အမ်-၁၆ ၃လက်၊ အေကေ ၁လက်နှင့် အမ် ၃တလက် စသည့် လက်နက်များပါ ယူဆောင် လာခဲ့သည်။
ထို့အပြင် တပ်မဟာ ၇နယ်မြေတွင်လည်း ဒီကေဘီအေ တပ်ရင်း ၇ တပ်ခွဲ ၇မှ တပ်ဖွဲ့ဝင်တဦး ကေအဲန်ယူထံ ပြန်လည် ရောက်ရှိလာသည်ဟု ကေအဲန်ယူမှ သတင်းထုတ်ပြန်ထားသည်။
ကွယ်ကလူကရင်ဝက်ဆိုဘ်မှ ကိုးကားဘာသာပြန်ဆိုထားသည်။

အိန္ဒိယနိုင်ငံတွင် ကရင်နှစ်သစ်ကူး ဆွမ်းကပ်

၂၇၄၉-ခုနှစ်မြောက် ကရင်နှစ်သစ်ကူးကို နိုင်ငံအသီးသီးတွင် စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ကြသည်။ ၂၀၀၉-ခုနှစ်၊ ဒီဇင်ဘာလ(၁၆)ရက်နေ့သည် ကရင်သက္ကရာဇ် ၂၇၄၉-ခုနှစ်တိုင်ခဲ့ပြီ။ တစ်ချို့နိုင်ငံတွင် (၁၆)ရက်တွင် ကရင်နှစ်သစ်ကူး ကျင်းပလိုသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ထိုရက်ထက်စောပြီးကျင်းပကြသလို ရက်နောက်ကျမှ ကျင်းပပြုလုပ်တာလည်း ရှိပါသည်။

ဘာလိုဘဲဖြစ်ဖြစ် ကရင်နှစ်သစ်ကူးနေ့ရက်မြတ်ကို ရောက်လေရာတိုင်းမှာ မိမိတို့ရဲ့ အမျိုးသားရေးဖြစ်တဲ့ နှစ်သစ်မင်္ဂလာကို ကျင်းပနိုင်ခြင်းဟာ ၀မ်းသာကြည်နူးစရာကောင်းလှပါတယ်။ ဒီဓာတ်ပုံတွေကတော့ ကရင်အမျိုးသားရဟန်းတော်တွေက နှစ်သစ်ကူးအထိန်းအမှတ်အနေနဲ့ အိန္ဒိယနိုင်ငံရောက် P.HD ကရင်ကျောင်းသားများက ဗာရာဏသီမှာ သံဃာတော်များကို ဆွမ်းဆက်ကပ် လှူးဒါန်းခဲ့ပါတယ်။

ဇွဲကပင်(KDA)http://kda2005.blogspot.com/ ဘလော့မှ ကူးယူသည်၊
Saturday, December 19, 2009

ဖာပွန်မြို့ဗုံးပေါက်ကွဲမှု ကေအဲန်ယူလက်ချက်ဟု နအဖ ထုတ်ပြန်

ဒီဇင်ဘာလ ၁၈ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ် ဖာပွန်မြို့၌ ဒီဇင်ဘာလ ၁၆ရက်နေ့က ကျင်းပပြုလုပ်သည့် ကရင့်နှစ်သစ်ကူးနေ့ပွဲတော်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ ၎င်းသည် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)၏ လက်ချက်ဖြစ်သည်ဟု နအဖမှ ယနေ့ သတင်း ထုတ်ပြန်ခဲ့သည်။

ဖာပွန်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းရှေ့ ကွင်းပြင်၌ ကျင်းပပြုလုပ်သည့် ၂၇၄၉ခုနှစ်မြောက် ကရင်နှစ်သစ်ကူးပွဲတော်တွင် အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် အရပ်သား ၇ဦးသေဆုံးပြီး အမျိုးသား ၁၀ဦး၊ အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အဆိုပါမိုင်းထောင်သူမှာ ဖာပွန်နှင့် နယ်စပ်ဒေသကြားတွင် လှုပ်ရှားလျှက်ရှိသည့် ကေအဲန်ယူအဖွဲ့မှ ဖြစ်ကြောင်း နအဖ စစ်အစိုးရပိုင် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြသည်။

သို့သော် ဗုံးပေါက်ကွဲမှုသည် ၎င်းတို့နှင့် ပါဝင်ပတ်သက်မှုမရှိသည့်အပြင် ယင်းသို့လုပ်ဆောင်ရန်လည်း မည်သည့်ညွှန်ကြားမှု တစုံတရာမှမရှိကြောင်း ထိုဒေသတွင် လှုပ်ရှားနေသည့် ကေအဲန်ယူ တပ်မဟာ (၅)မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစောကလယ် ဒိုက ပြောသည်။

သူက “ဗုံးပေါက်ကွဲတယ်လို့တော့ ကျနော်တို့ ကြားပါတယ်။ ဘယ်လိုပုံစံနဲ့ စတင်ပေါက်ကွဲခဲ့သလဲဆိုတာ ကျနော်တို့မသိဘူး။ အဲဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီးတော့ အောက်ခြေတပ်ရင်း၊ တပ်ခွဲတွေကို လှမ်းမေးကြည့်တော့ ဘယ်သူမှလည်း သွားလုပ်တာ မရှိသလို ကျနော်တို့ဘက်က သွားပြီးလုပ်ပါလို့လည်း ဘာညွန်ကြားမှုမျိုးမှ ကျနော်တို့မှာ မရှိပါဘူး။ အခုဖြစ်တာက နအဖရဲ့ အုပ်ချုပ်မှုဂွင်မှာဆိုတော့ စဉ်းစားစရာတခုတော့ ဖြစ်တာပေါ့နော်”ဟု ကေအိုင်စီကို ပြောသည်။

ထိုနေ့ည ၉နာရီ ၁၀မိနစ်ခန့်တွင် ပွဲတော်အတွင်းရှိ အ၀တ်အထည်များနှင့် ကလေးကစားစရာ ပစ္စည်းများ ရောင်းချသည့် ဈေး ဆိုင်တန်းမှ ပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်ပြီး ထိုနေရာတွင် အနက် ၁လက်မ၊ အချင်း ၉လက်မခန့်ရှိ မြေကျင်းတကျင်း ဖြစ်ပေါ်ခဲ့ ကြောင်း ဈေးဆိုင်တန်း ၀ါးလုံးများ၌ အချင်း ၅မီလီမီတာခန့်ရှိ သံမဏိဘောစေ့များကို တွေ့ရှိရကြောင်း၊ မိုင်းထောင်သူအား ဖမ်းဆီးရမိရေးကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်ဟု မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

ကရင်လူငယ်တဦးဖြစ်သူ စောဆာထီးကော်က “အမှန်ဆိုရင် ဒီလို နေ့ထူးနေ့မြတ်မျိုးမှာ ဘယ်ကရင်အဖွဲ့အစည်းကမှလည်း ကိုယ့်နှစ်သစ်ကူးကို ပျက်လိုပျက်စီး လုပ်ချင်မှာမဟုတ်ဘူး။ ဒီအလုပ်မျိုးက နအဖတွေပဲ လုပ်လေ့ရှိတာပါ။ အရင်ကလည်း ရန် ကုန်လိုမြို့ကြီးတွေမှာ ဗုံးပေါက်ကွဲမှုတွေ ဖန်တီးနေပြီး တခါမှ တရားခံ ဖမ်းမမိခဲ့ဘူး။ နအဖဟာ ကိုယ်ကိုးကွယ်တဲ့ ဘုန်းကြီးကို တောင် သတ်ဝံ့သေးတာပဲ။ သူ့အတိုက်အခံဖြစ်တဲ့ ကေအဲန်ယူကို အခုလို ရွေးကောက်ပွဲ နီးလာတော့ နာမည်ဖျက်တဲ့သဘော လည်း ပါနိုင်တယ်”ဟု ဆက်ပြောသည်။

ကရင်၊ ပအိုဝ်း၊ ဗမာ၊ ရှမ်း၊ တရုတ်နှင့် မွတ်ဆလင်မ်ဘာသာဝင်များ နေထိုင်လျှက်ရှိသည့် အဆိုပါဖာပွန်မြို့ပေါ်တွင် နအဖ စစ် တပ်မှ ခမရ ၃၄၀၊ ၃၄၁၊ ၄၃၄နှင့် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(ဒီကေဘီအေ) (၇၇၇)မှ ကဆော ၀ါးတပ်ရင်းတို့ အခြေချလှုပ်ရှားလျှက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၁ရက်နေ့ကလည်း ဖားအံ-ရွှေဂွန်းသွားလာသည့် ခရီးသည်တင်သင်္ဘောတစင်းအား ကေအဲန်ယူတပ် ဖွဲ့ဝင်များက လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ ခရီးသည် သုံးဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု စစ်အစိုးရပိုင်သတင်း များက ဖော်ပြခဲ့သည်။
Thursday, December 17, 2009

ဆစ်ဒနီ ဘလော့ဂါသုံးဦးနဲ့ တွေ့ဆုံတဲ့နေ့

မငယ်နိုင်ဘလော့မှ တဆင့်ခံကူးယူသည်၊
ပြီးခဲ့တဲ့ စနေနေ့ (12/12/09) က ဆစ်ဒနီမြို့ Granville Towhall မှာ ကျင်းပသွားတဲ့ ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကို သွားဖြစ်ခဲ့ပါတယ်။ အစကတော့ ဒီအကြောင်း သတင်းရေးမလို့ပါပဲ ဒါပေမဲ့ ရောက်သွားတဲ့အချိန်က တော်တော်ကို နောက်ကျနေပြီဖြစ်လို့ ဖျော်ဖြေရေး အစီစဉ်ကိုတောင်မှ တ၀က်တပြက်ပဲ မှီလိုက်လို့ သတင်းတခုအဖြစ် ရေးရလောက်အောင် အချက်အလက် မစုံတဲ့အတွက် ဆစ်ဒနီ ကရင်ဘလော့ဂါတွေနဲ့ တွေ့ဆုံခဲ့တာ အပါအ၀င် ဓါတ်ပုံ၊ ဗွီဒီယိုနဲ့ အတွေ့အကြုံတွေကို မျှဝေရင်း ကျွန်မရဲ့ အဲဒီနေ့က ကြုံတွေ့ရတဲ့ တနေ့တာ အတွေ့အကြုံလေးဖြစ်နဲ့ပဲ တင်လိုက်ပါတယ်။ သတင်းအတိအကျကို စိတ်ဝင်စားသူများ ရှိပါက ဆစ်ဒနီ ကရင်ဘလော့ဂါတွေ ဖြစ်တဲ့ စောကျော်ခွိ၊ အဲခေါင်သောင့်နဲ့ အမိကရင်မြေတို့ တင်တဲ့အချိန်မှ စောင့်ဖတ်နိုင်ပါတယ်။
အမှန်က ဒီအခမ်းအနားလုပ်မယ်ဆိုတာ စောကျော်ခွိနဲ့ အဲခေါင်သောင့် ဘလော့ဂ်တွေမှာ မကြာခဏ ကြော်ငြာထားတာကိုပါ တွေ့နေရလို့ အစီစဉ် ရှိရှိနဲ့ သွားဖို့ ပြင်ဆင်ထားခဲ့ပါတယ်။ အဲဒီနေ့မှာ သားကို Home Bush မှာ ရှိတဲ့ စနေနေ့ ကျူရှင်ပို့ပြီး အပြန်မှာ အဲဒီနားက ဆစ်ဒနီဈေးမှာ ခါတိုင်းလို အကြာကြီး ဈေးဝယ်မနေတော့ပဲ ပန်းဈေးထဲမှာ ဘုရားပန်းတစည်းနဲ့ အသီးနှံတချို့ပဲ ၀ယ်ပြီး ပြန်လာခဲ့ပါတယ်။ ပြန်ရောက်ရင် ထမင်းဟင်း ချက်မစားတော့ပဲ အခမ်းအနားကို ချက်ချင်းတန်းသွားဖို့ ရည်ရွယ်ခဲ့ပေမဲ့ ခါတိုင်း မုန့်ဟင်းခါး ကျွေးလေ့ရှိတဲ့ အခမ်းအနားမှာ အခုတော့ အုန်းနို့ခေါက်ဆွဲ ကျွေးတယ်ဆိုတော့ ကျွန်မ မစားတဲ့ အစားအစာ ဖြစ်နေတာနဲ့ ထမင်းဟင်းချက်စားပြီးမှ သွားဖို့ ဖြစ်လာရတယ်။ ရေမိုးချိုး ထမင်းဟင်း စားပြီးတဲ့အခါမှာ အချိန်ကြည့်လိုက်တော့ ကလေးကြိုချိန်က နီးနေပြီး သားသား ကျူရှင်တက်တဲ့နေရာ Home Bush နဲ့ အခမ်းအနား လုပ်တဲ့နေရာ Granville က အိမ်ကနေ အရှေ့နှင့်အနောက် ဆန့်ကျင်ဘက် အရပ်မှာ ဖြစ်နေလို့ လမ်းမကြုံဘူး။ အမျိုးသားက ကျွန်မကို အခမ်းအနားအရင်ပို့ပြီးမှ ကလေးကြိုရင် ကလေးကြိုဖို့က တော်တော် နောက်ကျသွားမယ်၊ လောလောဆယ် ကလေးကို ကြိုရင်လည်း တော်တော်စော နေသေးတယ်ဆိုတော့ ကလေးကြိုချိန်ကို စောင့်ပြီးမှ ကလေးကြိုပြီး အခမ်းအနား သွားဖြစ်တော့ ကြားမှာ ပိုနေတဲ့ အချိန်တွေက အရာမရောက် ဖြစ်သွားပါတယ်။ သားသားကလည်း အိမ်ပြန်ရောက်တာနဲ့ ခဏ နားချင်သေးတယ်ဆိုလို့ အချိန်က ထပ်ကုန်ပြန်တယ် ဒါနဲ့ပဲ ကျွန်မတို့ အဲဒီနေ့က အခမ်းအနားကို တော်တော် နောက်ကျမှ ရောက်သွားခဲ့ပါတယ်။

ကျွန်မတို့ရောက်တဲ့အချိန်မှာ ဖျော်ဖြေရေး အစီစဉ်တွေတောင် စပြီးနေပြီ။ ကျွန်မတို့ရောက်တော့ ရုံကပြည့်နေပြီ ထိုင်စရာ ခုံသိပ်မရှိတော့ဘူး။ ကရင်ဝတ်စုံ ၀တ်ထားတဲ့ ကရင်တွေကတော့ အများဆုံးပေါ့။ ဒါပေမမဲ့ ဗမာနဲ့ မြန်မာနိုင်ငံသား တခြားတိုင်းရင်းသားတွေ၊ ဒေသခံ သြစကြေးလျား လူမျိုးတွေအပြင် ကျွန်မတို့ လုပ်တဲ့ အခမ်းအနားတွေမှာ တွေ့ရခဲလှတဲ့ အိန္ဒိယတွေ၊ ကပ္ပလီတွေ တချို့ကိုလည်း တွေ့လိုက်ရတော့ ဆစ်ဒနီကရင် အသိုင်းအ၀ိုင်းရဲ့ စည်းလုံးညီညွတ်ပုံနဲ့ စည်းရုံးရေး ကောင်းပုံကို ကျွန်မစိတ်ထဲမှာ မချီးကျူးပဲ မနေနိုင် ဖြစ်ရပါတယ်။ မြန်မာ တိုင်းရင်းသားတွေထဲမှာတော့ ဆစ်ဒနီမြို့မှာ နေထိုင်သူတွေအပြင် နယူးဆောက်ဝ်ဝေး ပြည်နယ်ထဲမှာ ရှိတဲ့ တခြားမြို့တွေကလည်း လာကြတာ တွေ့ရတယ်။ ဖျော်ဖြေရေးမှာ မဲလ်ဘုန်းက ကရင်အဖွဲ့တွေလည်း လာရောက်ဖျော်ဖြေကြတော့ ဒီအခမ်းအနားဟာ လူကတော်တော် စုံပါတယ်။

ကျွန်မတို့ ရောက်တဲ့အချိန်မှာ စုံတွဲဒုံးအက ကနေကြတယ်။ သားနဲ့ အမျိုးသားကတော့ ထိုင်ဖို့ ထိုင်ခုံနေရာ လိုက်ရှာနေကြတယ်။ ကျွန်မကတော့ ရောက်ရောက်ချင်း ထိုင်ခုံရှာဘို့လည်း သတိမရ၊ ကလေးနဲ့ ယောက်ျားကိုလည်း လှည့်ကြည့်မအားတော့ပဲ ဓါတ်ပုံရိုက်ဖို့ အရှေ့ကိုပဲ တက်လာလိုက်တယ်။ ကတဲ့အဖွဲ့တွေက စတိတ်စဉ်မြင့်ပေါ်မှာမဟုတ်ပဲ အောက်မှာ ကနေကြတယ်။ စဉ်မြင့်ပေါ်မှာတော့ ခေတ်ပေါ်တွေးဂီတ အစီစဉ်အတွက် အဆင်သင့် ပြင်ထားတဲ့ တူရိယာ တန်ဆာပလာတွေနဲ့ ပြည့်နေအောင် နေရာချထားတာ တွေ့ရပ့ါတယ်။ စဉ်မြင့်ရဲ့ နောက်ခံပန်းချီကားကို ကြည့်လိုက်တော့ ဆွဲထားတဲ့ ဖားအံ စွဲကပင်တောင်ပုံနဲ့ မီးရောင် မိတ်တုတ်မိတ်တုတ် ဖြစ်အောင် စံမံထားတဲ့ ကရင်အမျိုးသား အမှတ်အသား ဖါးစည်ကို စွဲကပင်တောင်အပေါ်မှာ တင်ပြီး ဆွဲထားတာ တွေ့ရတယ်။ အောက်ဘက်မှာတော့ စွဲကပင်တောင်ရဲ့ ဘယ်ဘက်နဲ့ ညာဘက် တဘက်စီမှာ ကရင်မောင်မယ်နှစ်ဦးပုံကို ဘယ်နှင့်ညာမှာ တယောက်စီ ဆွဲထားထာ တွေ့ရတယ်။ ပန်းချီက တော်တော်လေး အသက်ဝင်ပြီး လက်ရာကောင်းတာ တွေ့ရပါတယ်။ ကျွန်မက ဒီဘက်ဒေါင့်က ဓါတ်ပုံရိုက်နေတဲ့အချိန်မှာ ကရင်ဘလော့ဂါ စောကျော်ခွိ တယောက်လည်း ဟိုဘက်ထောင့်ကနေ ဓါတ်ပုံတွေ၊ ဗွီဒယိုတွေ စဉ်မြင့်ပေါ်ကတလှည့် အောက်မှာတလှည့် ချိန်ပြီး လိုက်ရိုက်နေတာ တွေ့ရတယ်။

ဒုံးအက ပြီးတာနဲ့ အစီစဉ် တခုနဲ့ တခုကြားကြေညာနေတဲ့ အချိန်မှာ ကျွန်မက အရှေ့ဆုံးမှာ ခုံအလွတ်တချို့ တွေ့တာနဲ့ ၀င်ထိုင်လိုက်တယ်။ ခဏကြာတော့ စောကျော်ခွိကလည်း ကျွန်မဘေးနားက ခုံမှာ လာထိုင်နှုတ်ဆက်ပြီး သူသီချင်းဆိုတဲ့ အလှည့်ရောက်ရင် ဗွီဒယို ရိုက်ထားပေးပါလို့ ပြောလာတယ်။ ကျွန်မက ရိုက်ထားပေးတာတင်မကဘူး ရိုက်ပြီး ဘလော့ဂ်မှာပါ တင်ပေးမယ်လို့ ပြောထားတယ်။ စောကျော်ခွိက "အဲခေါင်သောင့်နဲ့ တွေ့ပြီးပြီလား" လို့ မေးတော့ ကျွန်မက "ဘယ်တွေ့မလဲ ခုနကမှ ရောက်တယ် ပြီးတော့ အဲခေါင်သောင့်ကို တခါမှတောင် မတွေ့ဖူးသေးဘူးလို့" ပြောပြီး နောက်ကျရတဲ့ အကြောင်းအရင်းကို ရှင်းပြခဲ့တယ်။ ခဏနေတော့ စောကျော်ခွိ မိတ်ဆက်ပေးလို့ အဲခေါင်သောင့်ကို တွေ့ရတယ်။ အဲခေါင်သောင့်ဆိုလို့ ကြည့်လိုက်တော့ ခုနက ကဖွဲ့မှာပါနေတဲ့ တယောက် ဖြစ်နေတယ်။ စောကျော်ခွိရော အဲခေါင်သောင့်ပါ နှစ်ယောက်စလုံးက ကျွန်မ စတွေ့ဖူးချိန်မှာ ထင်ထားတာထက် အများကြီး ငယ်တဲ့ လူငယ်တွေ ဖြစ်နေတာတွေ့ရတယ်။ သူတို့နှစ်ယောက်စလုံးက "အစ်မကိုပဲ သိပ်မတွေ့တာ ကိုကျော်နိုင်ကို ကျတော့ အမြဲတွေ့နေတယ်" လို့ ပြောတယ်။ သူတို့နှစ်ယောက်နဲ့ စကားပြောနေစဉ် နောက်ထပ်တယောက်က ကျွန်မကို "အစ်မယောက်ျားဆီက အစ်မဘလော့ဂ်လိပ်စာရလို့ ကျွန်တော် အစ်မဘလော့ဂ်ကို အမြဲရောက်ပါတယ် နှုတ်ပဲ နှုတ်ဆက်ဖြစ်တာ" လို့ ပြောပြီး တွေ့ရတာ ၀မ်းသာကြောင်း လာနှုတ်ဆက်တော့ ဘယ်သူမှန်းမသိ ဖြစ်ပြီး ဘာပြန်ပြောရမှန်း မသိပဲ ဖြစ်နေချိန်မှာ စောကျော်ခွိက "အဲဒါ အမိကရင်မြေလေ အစ်မ မသိဘူးလား" လို့ မေးမှ မသိဘူး၊ ဘယ်တုန်းကရောက်လဲ ဘယ်မှာနေလဲလို့ ဘလော့ဂ်က ဘယ်တုန်းကစဖွင့်လဲလို့ ပြန်မေးရတယ်။ ဆစ်ဒနီမှာ ကရင်ဘလော့ဂါဆိုလို့ စောကျော်ခွိနဲ့ အဲခေါင်သောင့် နှစ်ယောက်ပဲ ရှိတယ်ထင်နေတာ နောက်တယောက် ရှိသေးတယ်ဆိုတာ သိရလို့ ကျွန်မ အံ့လည်းအံ့သြ ၀မ်းလည်းသာမိတယ်။

ဒီအခမ်းအနားမှာ ဘလော့ဂါသုံးဦးအပြင် အရင်က သြစကြေးလျားမရောက်ခင်နှင့် ရောက်ခါစက သိခဲ့ဖူးတဲ့ ကရင်မိတ်ဆွေဟောင်းတချို့ကိုပါ ပြန်တွေ့ရပါတယ်။ ကျွန်မကို သားသားက အိမ်ပြန်ချင်တယ်နဲ့ ခဏခဏ လာခေါ်ပြီး ဂျီတိုက်နေလို့ အခမ်းအနားကလည်း မပြီးသေးတာနဲ့ "ပြန်ချင်ရင် သားသားတို့သားအဖ ပြန်နှင့်တော့ မေမေ ရထားနဲ့ပဲ ပြန်လာတော့မယ်" ဆိုပြီး ပြောလိုက်တယ်။ နောက်မှ ကျွန်မ၀တ်ထားတဲ့ ရိုးရာအ၀တ်အစားကို သတိရပြီး ဒီအ၀တ်အစားဝတ်ပြီး ရထားနဲ့ မပြန်ချင်တာနဲ့ အနောက်ကို ကြည့်လိုက်တော့ သားအဖနှစ်ယောက် ထိုင်ရာမှာ မရှိတော့ပဲ အခန်းထဲက ထွက်ဖို့တံခါးဝမှာ ရောက်နေပြီ။ အဲဒါနဲ့ အတင်းပြေးခေါ်ပြီး "စောကျော်ခွိ သီချင်းပထမတပုဒ် ဆိုပြီးတာနဲ့ ပြန်မယ် ခဏစောင့်ပါ" လို့ ပြေးပြောရတယ်။

ကျွန်မ ရထားနဲ့ မပြန်ချင်ရတဲ့ အဓိကအကြောင်းအရင်းက ကျွန်မ၀တ်ထားတာ ကရင်စတိုင် ယက်ကန်းယက်လုပ်ထားတဲ့ ချဉ်အ၀တ်စကို မြန်မာစတိုင် ရင်ဖုံးအင်္ကျီပြန်ချုပ်ဝတ်ထားတော့ ကရင်အ၀တ်အစားကို ဗမာမှုပြုထားတဲ့ ကရင်ထမိန်ကို သင်တိုင်းနဲ့ မဟုတ်ဘဲနဲ့ ဗမာရင်ဖုံးအင်္ကျီနဲ့ ၀မ်းဆက်အဖြစ် ၀တ်ထားတော့ ထူးခြားနေပါတယ်။ ဒီအခမ်းအနားမှာတော့ အတော်များများက တိုင်းရင်းသားဝတ်စုံတွေ ၀တ်ထားကြတာ ဘာမှ သိသာထင်ရှားမှု ထူးခြားမှု မရှိပေမဲ့ ဘူတာရုံကို လမ်းလျှောက်သွားရင်တော့ ကျွန်မအသွင်ပြင်က လူအများ သတိထားမိလောက်အောင် ပေါ်လွင်နေလိမ့်မယ်။ ပြီးတော့ ကျွန်မက လမ်းလျှောက်မြန်သူပီပီ ထမိန်ဝတ်ပြီး လမ်းလျှောက်ရင် အမြဲတမ်း ထမိန်စဆွဲရတဲ့ အခက်အခဲရှိတော့ လမ်းလျှောက်ရတာ သက်တောင့်သက်သာ မရှိဘူး။ ဒါအပြင် ရိုးရာအ၀တ်အစား ၀တ်ပြီးသွားရင် အမြဲကြုံတွေ့ရတတ်တဲ့ အတွေ့အကြုံအရ လမ်းမှာ၊ ရထားထဲမှာ လူအများ အာရုံစူးစိုက်မှုကို ခံရပြီး တွေ့တဲ့သူအတော်များများက လှတယ်လို့ ပြောကြလိမ့်မယ် ဒါဆိုရင် ကျေးဇူးမတင်ပဲနဲ့ ဓလေ့အရ ကျေးဇူးတင်ပါတယ်နဲ့ ခဏခဏ ဟန်ဆောင်ပြီး ပြန်ပြောနေရလိမ့်မယ်။ ဒီစိတ်ကျဉ်းကြပ်တဲ့ ဒဏ်ကိုမခံနိုင်လို့ သူတို့သားအဖကို စောင့်ခိုင်းပြီး စောကျော်ခွိ သီချင်းဆိုလို့အပြီးမှာ သားတော်မောင် မျက်နှာငြိုးတာ မခံနိုင်လို့ စောကျော်ခွိတယောက်ကိုပဲ ကပြာကယာ နှုတ်ဆက်ပြီး တခြားဘယ်သူ့ကိုမှ နှုတ်ဆက်ချိန်မရလိုက်ဘဲ ပြန်လာလိုက်ရတယ်။ ဒီလိုနဲ့ပဲ ကိုယ်လုပ်ချင်တဲ့ ရည်ရွယ်ချက်အတိုင်း ပြီးအောင် မလုပ်နိုင်ပဲ သားတော်မောင်အတွက် ဖဲ့ပေးရတာ မနည်းတော့ပါဘူး။ စောကျော်ခွိ ဒုတိယတပုဒ် သီချင်းဆိုတဲ့အထိ မနေခဲ့တာ၊ အဲခေါင်သောင့်နဲ့ အမိကရင်မြေတို့ကို နှုတ်မဆက်ပဲ ပြန်လာလိုက်တာတွေအတွက် စိတ်မကောင်း ဖြစ်မိတယ်။

အိမ်ပြန်ရောက်တော့ ရိုက်လာတဲ့ ဗွီဒယိုတွေ၊ ဓါတ်ပုံတွေကို ကွန်ပြူတာထဲသွင်းပြီး ပြန်ကြည့်တော့ စောကျော်ခွိ သီချင်းဆိုတဲ့အချိန်မှာ ရိုက်ထားတဲ့ ဗွီဒယိုက အသံလည်းမရှင်း ပုံလည်းမရှင်း ဖြစ်နေတာကို တွေ့လို့ သုံးလို့မရတာကို တွေ့ရတယ်။ စောကျော်ခွိက အဆိုလည်းကောင်းတယ်၊ သံလည်းကောင်းပါတယ် အဲဒါ ကျွန်မ ကင်မရာကြောင့် ဖြစ်ရတာပါ။ ဒါကြောင့်မို့ ကျွန်မအတွက် ကြည့်တိုင်း ဘယ်တော့မှ မရိုးနိုင်လောက်အောင် စိတ်ဝင်စားတဲ့ ကရင်ဝါးညှပ်အကနဲ့ တိုင်းရင်းသားအကတွေထဲမှာ အကြိုက်ဆုံး နှစ်ခုထဲက တခုဖြစ်တဲ့ ဒုံးအကကိုပဲ အားလုံးကြည့်ရှုခံစားလို့ ရအောင် မျှဝေပြီး တင်ပေးလိုက်ပါတယ်။ ဒီအခမ်းအနားမှာ မိတ်ဆွေဟောင်းတွေနဲ့ တွေ့ရသလို မိတ်ဆွေအသစ်တွေနဲ့လည်း တွေ့ရတယ်၊ မတွေ့ဖူးခဲ့တဲ့ ဘလော့ဂါနှစ်ဦးနဲ့လည်း တွေ့ရတဲ့အတွက် အမှတ်တရ ရှိနေမှာ အမှန်ပဲ။ ကရင်နှစ်သစ်ကူးနေ့ အခမ်းအနား စီစဉ်သူအားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။ ဒါပေမဲ့ နောက်နှစ်တွေ လုပ်ရင်တော့ နွေခေါင်ခေါင် ပူအိုက်လှတဲ့ ရာသီမှာ လုပ်တဲ့ အခမ်းအနားမှာ ဧည့်ခံကျွေးမွေးရေး အစီစဉ်အတွက် အုန်းနို့ခေါက်ဆွဲတက် မုန့်ဟင်းခါးက ကျန်းမာရေးနဲ့လည်း ညီညွတ်၊ မြန်မာတိုင်းရင်းသားအားလုံး အကြိုက်လည်း ဖြစ်လို့ မုန့်ဟင်းခါး ကျွေးတာသာ အသင့်တော်ဆုံး ဖြစ်ကြောင်း နောက်နှစ်မှာ အခမ်းအနား ဖြစ်မြောက်ရေးကော်မရှင် ဖြစ်လာမည့် သူတွေကို ကြိုတင်ပြီး အကြံပြုလိုက်တယ်။

တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍကို ဒီထက်မက မြှင့်တင်နိုင်ပါစေ။
ဆစ်ဒနီမြို့နေ မငယ်နိုင်(http://nge-naing.blogspot.com/)ဘလော့မှ ကူးယူသည်၊

မလေးရှာနိုင်ငံ ကွာလာလမ်ပူမြို့ ၈ကြိမ်မြောက် ကရင် နစ်သစ်ကူး စည်ကားသိုက်မြိုက်စွာကျင်းပခဲ့

မလေးရှားနိုင်ငံရောက် ကရင်လူမျိုးများ စုပေါင်းပြီး ကရင်လူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် ကရင်နစ်သစ်ကူးအခမ်းအနားကို ကွာလာလမ်ပူမြို့ chiness Assembly hall N0. 1 jalan Maharajalela ၌ ဒီဇင်ဘာ ၁၆ ရက် ၂၀၀၉ . ၁၀ နာရီမှ ၅ နာရီ အထိ စည်ကားသိုက်မြိုက်စွာကျင့်ပခဲ့ပါသည်။


ကရင်နစ်သစ်ကူးအခမ်းအနားကို ပြည်ပမှာ ရောက်ရှိနေကြတဲ့ ကရင်ညီအစ်ကိုမောင်နှမများ စည်းလုံး ညီညွတ်စွာဖြင့် တက်ရောက်အားပေးကြပါသည်၊ ထိုအပြင် UNHCR နှင့် NGOS အဖွဲဝင်များ malaysia emergency medical support association အဖွဲ့များ အားလုံးသော တိုင်ရင်းသားခေါင်းဆောင် ကိုယ်စာလှယ်များစုံညီစွာ တက်ရောက်ခဲ့ကြပါသည်




စောကျော်လေးဘလော့မှ ကူးယူသည်၊
Tuesday, December 15, 2009

ကရင်သက္ကရာဇ် ၂၇၄၉ခုနှစ် ဆစ်ဒနီ ကရင်နှစ်သစ်ကူး ပွဲတော် မှတ်တမ်းဓါတ်ပုံ

ကရင်ကွန်မြူနတီ(ဆစ်ဒနီ) ဂျာနယ်

Monday, December 14, 2009

ဆစ်ဒနီကရင်နှစ်သစ်ကူးပွဲတော် အောင်မြင်စွာ ကျင်းပပြီးစီး

ကရင်သက္ကရာဇ်၂၇၄၉နှစ်မြောက် ကရင်နှစ်သစ်ကူးပွဲတော်အခမ်းအနားကို ဆစ်ဒနီရောက် ကရင်အမျိုးသားများက လွန်ခဲ့သည့် ဒီဇင်ဘာလ ၁၂ရက်နေ့(စနေနေ့)တွင် စည်ကားစွာဖြင့် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်၊

ဆစ်ဒနီမြို့ရှိ Granvill Townhall တွင် ကျင်းပပြုလုပ်သည့် အဆိုပါအခမ်းအနားတွင် ဟောပြောရေးအစီအစဉ်၊ ယဉ်ကျေးမှုအစီအစဉ်နှင့် ခေတ်ပေါ်တေးဂီတအစီအစဉ်များဖြင့် အစီအစဉ် ၃ပိုင်းခွဲကာ ကျင်းပပြုလုပ်ခဲ့ကြသည်၊

အဆိုပါအခမ်းအနားသို့ ဆစ်ဒနီရှိ ကရင်အမျိုးသားများ၊ မြန်မာပြည်ဖွားတိုင်းရင်းသားများ၊ သြစတြေးလျားနိုင်ငံသားများ၊ ဗစ်တိုးရီးယားပြည်နယ်မှ ကရင်ဒုံးယိမ်းအဖွဲ့များနှင့် ကွင်းစလန်း ပြည်နယ်မှ ကရင်အမျိုးသားများမှ တပျော်တပါးဖြင့် ဆစ်ဒနီကရင် နှစ်သစ်ကူးပွဲတော်ကို လာရောက်ဆင်နွဲခဲ့ကြသည်၊

ထို့အပြင် အထူးဧည့်သည်တော်အဖြစ် ဆစ်ဒနီကို ရောက်ရှိလာသည့် ကေအဲန်ယူကိုယ်စားလှယ် ပဒိုသူရဲမှ အမှာစကားများ ပြောကြားသွားခဲ့သည်၊

ဆစ်ဒနီကရင်နှစ်သစ်ကူးပွဲတော်မှတ်တမ်းဓါတ်ပုံ၊ အခြားသော သတင်းအချက်အလက်များနှင့် ပြခန်းနှင့် ယဉ်ကျေးမှုဆပ်ကော်မတီမှ ထုတ်ဝေသည့် နှစ်သစ်ကူးအထူးထုတ်ဂျာနယ်များကိုလည်း ဆက်လက်ဖော်ပြသွားပါမည်။ (မကြာမှီမျှော်)

Thursday, December 3, 2009

KPF ဥက္ကဌ စောသုမုဟဲ ကျန်းမာရေး အလွန်ဆိုးရွားနေ


ကရင်ပြည်နယ်၊ ဟောင်သရောအထူးဒေသ ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ ကေပီအက်ဖ်တပ်ဖွဲ့၏ ဥက္ကဌဖြစ်သူ အသက် ၆၀ကျော်အရွယ်ရှိ စောသုမူဟဲသည် ကျန်းမာရေး ဆိုးရွားစွာ ခံစားနေရသည်ဟု ကေပီအက်ဖ်သတင်းများအရ သိရသည်။

လွန်ခဲ့သည့် နိုဝင်ဘာလ (၁၅)ရက်နေ့တွင် ကျန်းမာရေး အခြေအနေကြောင့် ရန်ကုန် မင်္ဂလာဒုံ စစ်ဆေးရုံ၌ ဆေးကု သမှု ခံယူခဲ့ရာ တလနီးပါးကြာပြီဖြစ်သော်လည်း ယခုအချိန်ထိ သက်သာလာခြင်းမရှိသေးကြောင်း အမည်မဖော်လို သည့် ကေပီအက်ဖ်တပ်ဖွဲ့နှင့် အလွန်နီးစပ်သူတဦးက ပြောသည်။


သူက “သူ့လူတွေပြောပြချက်အရဆိုရင် ဆေးရုံတက်တာ ၁လနီးပါးတောင်ရှိနေပြီ။ ဘာဖြစ်လို့လဲဆိုရင် ပြီးခဲ့တဲ့ နိုဝင် ဘာလဆန်းပိုင်းက ကေပီအက်ဖ် တပ်ရင်း(၃)မှူး စောလေးဝါး(ဟောင်း)နဲ့ စောဝါးချယ်တို့ကြားမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ တုန်းကလည်း စကားတောင်မပြောနိုင်တော့ဘူး။ ဗိုလ်မှူးလေးဝါးကို အနားပေးဖို့ တာဝန်လွှဲပြောင်းစာထဲမှာလည်း နံမည် ဆိုင်းထိုးဖို့တောင် အနိုင်နိုင်ပဲလေ။ ကြားသိရသလောက်ဆိုရင် အခုချိန်ဆို သူ(သုမုဟဲ )ရန်ကုန် မင်္ဂလာဒုံ စစ်ဆေးရုံမှာပဲ ရှိနေသေးတယ်”ဟု ပြောသည်။

လက်ရှိအချိန်တွင် ဥက္ကဌဖြစ်သူ စောသုမုဟဲ ကျန်းမာရေး အလွန်ဆိုးရွားနေသောကြောင့် ကေပီအက်ဖ်တပ်ဖွဲ့၏ ဥက္ကဌ နေရာကို ဒုဥက္ကဌဖြစ်သူ စောဒေါဒေါက ယာယီတာဝန်ယူထားသည်ဟု အတည်မပြုနိုင်သည့် ကေပီအက်ဖ် သတင်းရပ် ကွက်က ဆိုသည်။

စောသုမုဟဲသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအဲန်အယ်လ်အေ) တပ်ရင်း(၁၆) တပ်ရင်းမှူး ဟောင်းဖြစ်ပြီး ၁၉၉၇ခုနှစ်တွင် စစ်သည်အင်အား (၅၀)ကျော်နှင့်အတူ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိတ် ကျေးရွာ၌ နအဖစစ်အစိုးရထံတွင် လက်နက်ချငြိမ်းချမ်းရေးယူခဲ့သည်။

စောသုမုဟဲ ဦးဆောင်သည့် ကေပီအက်ဖ်တပ်ဖွဲ့သည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် အခြေချခဲ့ရာ တပ်ရင်း (၃)ရင်း၊ လူအင်အား(၃၅၀)ကျော်ဖြင့် ဖွဲ့စည်းထားပြီး နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရန်အတွက် နှုတ်ကတိအားဖြင့် သဘောတူထားသော ကရင်ငြိမ်းချမ်းရေးအဖွဲ့တဖွဲ့ ဖြစ်သည်။