ပြည်တွင်းစစ်အမြန်ဆုံး အဆုံးသတ်နိုင်ပြီး ဖယ်ဒရယ်ပြည်ထောင်စုကြီး အမြန်ဆုံးတည်ဆောက်နိုင်ပါစေလို့ ဆန္ဒပြုရင်း။
Saturday, July 3, 2010
မယ်သဝေါ တိုက်ပွဲ ဗီဒီယိုမှတ်တမ်း
Posted by
အဲခေါင်သောင့်
at
3:36 AM
နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမရရင် စစ်ရေးနည်းနဲ့ ဖြေရှင်းရတဲ့ နောက်ဆက်တွဲဆိုတာ ဖြစ်လာရစမြဲပါ။ မြန်မာ စစ်အာဏာရှင်အဆက်ဆက်ဟာ နိုင်ငံရေးကို စားပွဲခုံပေါ်မှာ နိုင်ငံရေးနည်းနဲ့ မဖြေရှင်းချင်ပဲ စစ်ရေးနည်းနဲ့ပဲ အနိုင်ယူနိုင်ဖို့ လွဲမှားစွာပဲ ကျင့်သုံးနေတာ တွေ့မြင်ရပါတယ်။ ဒါကြောင့် မြန်မာပြည်မှာ ပြည်တွင်းစစ်တွေ ရေရှည်ဖြစ်ပေါ် လာခဲ့ရတာ ဖြစ်ပါတယ်။ အာဏာရှင် အဆက်ဆက်ဟာ မဟာ လူမျိုးကြီးစနစ် အာဏာရှင်စနစ်ကို ကျင့်သုံးပြီး နိုင်ငံတခုလုံးကို ချယ်လှယ်ချုပ်ကိုင်ချင်ကြကာ လူမျိုးစုအခွင့်အရေး တရားမျှတရေး၊ ဒီမိုကရေစီအရေးကို ဘယ်သောအခါမှ ခေါင်းထဲထည့် မစဉ်းစားခဲ့ကြပါဘူး။ ပါးစပ်ဖြားမှာ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးဆိုတဲ့ စကားလုံးကို ဟန်ပြ တကြော်ကြော်အော်နေပြီး လက်တွေ့မှာတော့ ဆီနဲ့ရေ မိုးနဲ့ မြေလိုပဲ တလွဲဆီ ဖြစ်နေပါတယ်။ ဒါကြောင့်လည်း တန်းတူအခွင့်အရေး တရားမျှတရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးတွေ ဖြစ်ပေါ်လာခဲ့ရတယ် မဟုတ်ပါလား။ ဘယ်သူမှ စစ်ကို မလိုလားကြပါဘူး။ ဘယ်သူမှလည်း စစ်ကို မတိုက်ချင်ကြပါဘူး။ ဒါပေမယ့် တိုင်းရင်းသားတွေ အတွက်ကတော့ စစ်ရေးနည်းနဲ့ တော်လှန်ရန်မှ တပါး အခြား ဘယ်နည်းမှ မရှိတော့ပါဘူး။ ပေါက်ပင် ဘာကြောင့် ကိုင်းရလဲလို့ အရင်းအမြစ်ကို ရှာနေကြသလိုမျိုး ပြည်တွင်းစစ် ဘယ်သူကြောင့် ဖြစ်လာရလဲလို့ အဲဒီအရင်းအမြစ်ကို ရှာမယ်ဆိုရင်တော့ မဟာလူမျိုးကြီးဝါဒနဲ့ အာဏာရှင်ဝါဒကို ကျင့်သုံးနေတဲ့ မြန်မာ စစ်အာဏာရှင် အဆက်ဆက်ကိုသာ လက်ညိုးထိုးရမှာ ဖြစ်ပါတယ်။ လူမျိုးစုအရေးကို ပြေပြေလည် မဖြေရှင်းနိုင်သရွေ့ မိမိတို့ မွေးရာပါ အခွင့်အရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးဆိုတာ ဆက်ရှိနေအုံးမှာဖြစ်ပါတယ်။ ယခု တိုက်ပွဲ ဗီဒီယိုမှတ်တမ်းကတော့ မြန်မာပြည် ပြည်တွင်းစစ် သက်တမ်းတလျှောက်မှာ နာမည်ကြီးတဲ့ တိုက်ပွဲ တပွဲဖြစ်ခဲ့တဲ့ မယ်သဝေါတိုက်ပွဲမှတ်တမ်းပဲ ဖြစ်ပါတယ်။
Subscribe to:
Post Comments (Atom)