Tuesday, December 27, 2011

ငြိမ်းချမ်းပါစေ ဒေါနမြေ

အဲခေါင်သောင့်
အချိန်ကတော့ ၂၀၀၄ ဇူလိုင်လ------ တားဆီးလို့ မရနိုင်တဲ့ မိုးတွေဟာ သဲသဲမည်းမည်းကြီးနဲ့ ရွာကောင်းတိုင်း ရွာနေတဲ့ အချိန်ပေါ့။ မိုးကောင်းကင် တခုလုံး မဲမှောင်လာပြီး အရှေ့ဘက် စူးစူးကို ကြည့်လိုက်ပြန်တော့ အထီးကျန်စွာ ရှိနေတဲ့ ဒေါနတောင်တန်း ကြီးဟာလည်း မိုးရေတွေရဲ့ အောက်မှာ ပန်ချီကား ချပ်ကြီး တခုပမာ မပီဝိုးတ၀ါးနဲ့ အဝေးကနေ မြင်တွေ့ရပါတယ်။ အဲဒီဒေသထဲမှာပဲ စီးဆင်းနေပြီး နွေပိုင်း ရေလမ်းခရီး အသုံးမပြုနိုင်တဲ့ ဟောင်သရော မြစ်ဟာလည်း တောင်ကျရေ၊ မိုးရေတွေကြောင့် ရေများပြည့်လျှံလာကာ ရေလမ်းခရီး အသုံးပြုလာနိုင်သဖြင့် လူထုအကျိုး စတင် သယ်ပိုးနေပြီ ဖြစ်ပါတယ်။
ဒေါနတောင်တန်း ရှည်ကြီး နောက်ခံထားတဲ့ ဒီဒေသဟာ လှချင်တိုင်း လှနေတဲ့ သဘာဝ နေရာလေး တခုဖြစ်ပြီး နေချင်စရာ ကောင်းတဲ့ နေရာ လေးတခုလို့ မသိသူတွေ ထင်ကောင်း ထင်နေကြပါမယ်။ တကယ်တော့ဗျာ---ဒီနေရာကြီးဟာ နေချင်စရာကောင်းတဲ့ နေရာလေးတခု မဖြစ်သေးပါဘူး။ နှစ်ပေါင်းများစွာ ကတည်းက အဆိုပါ သဘာဝ တရားတွေကို ဖျက်ဆီး နှင်းချေပြီး အစားထိုး ၀င်ရောက် နေရာယူသွား တာကတော့ ပြည်တွင်းစစ် အနှစ် ခြောက်ဆယ်ရဲ့ အနိဌာရုံပဲ ဖြစ်ပါတယ်။ အဲဒီ ဒေသတွေထဲမှာ ခိုကိုးရာမဲ့နေပြီး တစုံတရာ အကူအညီရဖို့ မျှော်ကိုးရင်း မအေးချမ်းနိုင်ပဲ ပူလောင်နေတဲ့ ဘ၀တွေလည်း ရှိနေပါတယ်။ ငိုကြွေးသံ၊ ကြုံးဝါးသံနဲ့ ယမ်းငွေ့သံ တထောင်းထောင်း ထွက်နေတာကို ဒေါနတောင်တန်းကြီးက စိတ်မကောင်းကြီးစွာ မြင်နေ ကြားနေရတာ နှစ်ပေါင်း အတော် ကြာခဲ့ပြီ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးရဲ့ အရသာကို ငြိမ်းချမ်းရေး ငတ်မွန်းနေသူတွေလောက် ဘယ်သူတွေ ရယူခံစားချင်ပါမလဲ။ နှစ်ပေါင်းများစွာ ပြည်တွင်း စစ်ကြီးအတွင်း မြေဇာပင်တွေ ဖြစ်ခဲ့ရတဲ့ လူထုတွေကတော့ ၂၀၀၄ ဗိုလ်ချုပ်မြရဲ့ ရန်ကုန်ဆင်းပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှုကနေ ရရှိလာမယ့် ငြိမ်းချမ်းရေး အသီးအပွင့်တွေကို မျှော်လင့်ချက် တကြီးနဲ့ ရှိနေခဲ့တဲ့ အချိန်ပါ။ ငြိမ်းချမ်းရေး ရရှိလာရင် အပစ်အခတ် မရှိတော့တဲ့အတွက် လယ်ယာကိုင်း ကျွန်းအလုပ်ကို လွတ်လွတ်လပ်လပ် လုပ်ကိုင် လာနိုင်မယ်၊ အေးချမ်းစွာနဲ့ သွားလာ လှုပ်ရှားလာ နိုင်ကြမယ၊် သားသမီးတွေလည်း ပညာ ကောင်းကောင်း သင်ယူလာနိုင်ကြမယ် မဟုတ်ပါလား။

ဟောင်သရော ကမ်းနဘေးမှာ ရှိနေတဲ့ သုံးဆယ်သုံးဆူလို့ ခေါ်တဲ့ ရွာတန်းရှည်ကြီးမှာ အခြေချထားတဲ့ မိမိတို့ရဲ့ KNLA တပ်မဟာ ၆ လက်အောက်ခံ တပ်ရင်း ၁၈က တပ်မှူး ရဲဘော်တွေဟာလည်း အများပြည်သူတွေ နည်းတူ ငြိမ်းချမ်းသာယာလာမယ့် အချိန်၊ အပစ်အခတ် ရပ်စဲလာမယ့် အချိန်ကို မျှော်လင့်တကြီး ရှိခဲ့ကြပါတယ်။ ဘယ်သူမှ စစ်ကို မလိုလားပါဘူး။ စစ်ဖြစ်ရင် လူ့အသက်တွေ ဆုံးရှုံးမယ်။ ထိခိုက် ပျက်စီးမှုတွေ ရှိလာမယ်။ စစ်ဆိုတာ မကောင်းပါဘူး။ နိုင်ငံရေးနည်းတွေ ဖြေရှင်းမရလို့ စစ်ဆိုတာ ဖြစ်လာရသလို နိုင်ငံရေးနည်းတွေ ဖြေရှင်းပြေလည်လာတဲ့ အချိန်မှာတော့ စစ်ဆိုတာလည်း ရှိတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် နိုင်ငံရေး နည်းတွေ ဖြေရှင်းဖို့ ဟာ လည်း နိုင်ငံရေးစားပွဲဝိုင်းတွေပေါ် နှစ်ဖက် ရောက်ရှိလာဖို့က အရေးကြီးတာကြောင့် ယခုစားပွဲဝိုင်းပေါ် ပြန်ရောက်လာခဲ့တဲ့အပေါ် ကြိုဆိုရမည်သာ ဖြစ်ပါတယ်။ ကောင်းတဲ့ နိုင်ငံရေး အဖြေ ထွက်ရှိလာမှသာ စစ်ဆိုတာကိုလည်း ရပ်တန့်သွားနိုင်ပါမယ် မဟုတ်ပါလား။

အထူးသဖြင့် အသက်ကို ဖက်နဲ့ ထုတ်ပြီး အခန့်မသင့်ရင် မျက်စိတမှိတ်ထဲ သေမင်းထံ အသက်ကိုပင် အပ်နှံရနိုင်တဲ့ လက်နက်ကိုင် စစ်သားကြီးတွေ စစ်ကို ဘယ်လောက်ထိ မုန်းတီး လိုက်မလဲဆိုတာ စဉ်းစားအဖြေရှာလို့ ရပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေး ရောင်နီ သန်းလာမယ့်နေ့ကို မျှော်လင့်တကြီးနဲ့ ကြိုဆိုနေကြမယ် ဆိုတာကတော့ မြေကြီးလက်ခ မလွဲပါဘူး။ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ ကာလမို့လို့ မိမိတို့ တပ်ရင်း ထိမ်းချုပ်ရာ နေရာတွေမှာ သေနတ်သံ မကြားရပေမယ့်လည်း မိမိတို့နဲ့ နီးစပ်နေတဲ့ တပ်ရင်း ၁၇၊ ၁၆။ ကေအဲန်ဒီအို ရင်း၆ ဆက်စပ် နယ်မြေတွေမှာတော့ သေနတ်သံတွေ ကြိုကြားကြိုကြား ကြားနေရဆဲပါ။

ဒါ့အပြင် မိမိတို့ နယ်မြေမှာ ရန်သူ့ရဲ့ စစ်ရေး လှုပ်ရှားမှုတွေကတော့ ရပ်တန့်သွားတာ မတွေ့ရပဲ ပိုလိုပင် တိုးလာတာကို တွေ့ရပါတယ်။ ဒါကြောင့်လည်း သတိဆိုတာ ပိုသည်မရှိ ဆိုသလို ရန်သူ့ရဲ့ လှုပ်ရှားမှု ခြေလှမ်းတွေကို သတိဝိရိယ ရှိကြဖို့ သက်ဆိုင်ရာ အထက်လူကြီးတွေက ညွန်ကြားခဲ့ကြပါတယ်။ မသေချာ မရေရာသေးတဲ့ အပစ်အခတ် ရပ်စဲရေး လမ်းကြောင်းပေါ်မှာ မပစ်မခတ်ကြပဲ စောင့်ကြည့်နေ ကြတဲ့အချိန် ရန်သူဟာ လက်နက်နဲ့ ရိက္ခာတွေ ဖြည့်တင်း လာကြပါတယ်။ ရေလမ်း အသုံးပြုလို့ရတဲ့ ဟောင်သရောမြစ်ကို အသုံးချပြီး ကော့ကရိတ်ကနေ ကျိုက်ဒုံအထိ ရိက္ခာတွေပို့ဖို့ ကြိုးစားလာပါတယ်။ မိုးတွင်းပိုင်း အရင်ကထက်ပင် စစ်ရေး လှုပ်ရှားမှုတွေ ပိုလို့ပင် တိုးလာပါတယ်။

တကယ်တော့ ကော့ကရိတ်မြို့နဲ့ တမိုင်အကွာ တမိုင်ကုန်းဆိုတဲ့ ရွာကနေ ကော့ကရိတ် တောင်ဘက်ခြမ်း တလျှောက် မိမိတို့ရဲ့ တပ်ဖွဲ့ဝင်တွေ လှုပ်ရှား ထိန်းချုပ်ထားနိုင်ပြီး အင်အား အသာစီး ရှိနေတဲ့ ရန်သူက အဲဒီဒေသကို ထိန်းချုပ်နိုင်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ပါဘူး။ လူသူလက်နက် အသာစီး ရှိပြီး အဲဒီ ဒေသကို ဘာဖြစ်လို့ မထိမ်းနိုင်ရလဲဆိုတာ လူထု ထောက်ခံမှု မရှိရတဲ့ အခြေခံ အကြောင်းရင်းပဲ ဖြစ်ပါတယ်။ ကော့ကရိတ်တောင်ပိုင်း တလျှောက်မှာ ကရင်ရွာတွေချည်းပဲ ရှိနေတာ မဟုတ်ပါဘူး။ ဗမာ၊ ရှမ်း၊ မွန်၊ ပအို့ဝ်တွေလည်း နေထိုင်နေကြပြီး အနည်းနဲ့အများ မြန်မာ စစ်တပ်တွေ အဆက်ဆက်ရဲ့ နှိမ့်စက်မှု ဒဏ်ကို ခံခဲ့ရကာ မုန်းတီး ရွံရှာလာခဲ့ကြပါတယ်။

ဒါကြောင့် လူထု ထောက်ခံမှု မရှိတဲ့ စစ်တပ်ဟာ နယ်မြေ ထိမ်းချုပ်နိုင်ဖို့ အတွက် အပစ်အခတ် ရပ်စဲဖို့ ကြိုးစားနေတဲ့ ကာလကို အခွင့်ကောင်းယူပြီး ကောက်ကျစ် ညစ်ပတ်တဲ့ ဥာဏ်နီဥာဏ်နက်တွေ ထုတ်သုံး လာပါတော့တယ်။ တဖက်က စစ်အင်အားတွေ တိုးချဲ့လာသလို တဖက်မှာလည်း သွေးခွဲရေးမူကို ကျင့်သုံးကာ အောက်ခြေ တပ်ဖွဲ့တွေကို ဖဲ့ထုတ်ဖို့ ကြိုးစားလာတာကို တွေ့ရပါတယ်။ နိုင်ငံရေး အားနည်းပြီး တော်လှန်ရေး စိတ်ဓါတ် မခိုင်သူတွေ ယိမ်းယိုင်သွားနိုင်အောင် အရက်ကြိုက်ရင် အရက်၊ မိန်းမကြိုက်ရင် မိန်းမနဲ့ ငွေကြိုက်ရင် ငွေပုံအော ပေးပြီး ဖဲ့ထုတ်ဖို့ ကြိုးစားလာခဲ့တာ အဲဒီအချိန်က အများအသိပင် ဖြစ်ပါတယ်။ ဖွင့်ထားတဲ့ အိမ်ရှေ့ ပေါက်ကနေ မလာပဲ နောက်ဖေးပေါက်ကနေ လာပြီး ဖဲ့ထုတ် စည်းရုံးမှုတွေ လုပ်ဆောင် လာခဲ့ကြပါတယ်။

ဒါတွေကို ကြည့်ခြင်းအားဖြင့် ရန်သူဟာ ငြိမ်းချမ်းမှုကို အကောင်အထည်ဖော်တဲ့နေရာမှာ စေတနာ မမှန်ကန်ဘူးလို့အကြမ်းဖျင်း သုံးသပ်လို့ရပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေး ပေါ်လာမယ့် မိမိတို့ရဲ့ မျှော်လင့်ချက်ကိုတော့ ပျောက်ဆုံး မသွားစေခဲ့ပါဘူး။ ငြိမ်းချမ်းရေး ဆွေးနွေးနေချိန်ကို အခွင့်အကောင်းယူပြီးး နယ်မြေစိုးမိုးရေး၊ စစ်ရေးအသာ ရရေးအတွက် လှုပ်ရှားလာတာတွေက မဆုံးနိုင်တဲ့ ပြည်တွင်းစစ်မီးကြီးကို တဖန် ဆက်လက် လောင်ကျွမ်းစေပြီး သက်ဆိုးရှည် သွားစေခဲ့တာက ဖုန်းကွယ်လို့ ရတဲ့ အရာ တခုမဟုတ်ပါ။ ဒါကြောင့် ငြိမ်းချမ်းရေးကို အကောင် အထည် ဖော်တဲ့နေရာမှာ စေတနာမှန်ဖို့ အဓိက လိုအပ်ပါတယ်။ စေတနာ မမှန်ပဲ အပေါ်ယံ ရွေမှန့်ကြဲထားတဲ့ အတုအယောင် ငြိမ်းချမ်းရေးကိုပဲ ဆက်ပြီး လုပ်နေအုံးမယ် ဆိုရင်တော့ ဒေါနမြေကြီးဟာ ဘယ်လိုမှ ငြိမ်းချမ်း သာယာမှုကို မရလာနိုင်သကဲ့သို့ အဲဒီဒေသက ပြည်သူတွေ၊ တော်လှန်သူတွေ အတွက်ကတော့ ယုံကြည်မှုကို တော်ရုံနဲ့ ပြန် တည်ဆောက်ယူဖို့ မလွယ်ကြောင်း တင်ပြလိုက်ရပါတယ်။
(စာရေးသူရဲ့ ဖြတ်သန်းမှုလေးတွေကို ပြန်လည်ရေးသား တင်ပြမှု တရပ်သာ ဖြစ်ပြီး အဲဒီအချိန် အပစ်အခတ်ရပ်စဲရေးကာလ ဖြစ်ပျက်မှုတွေဆီက သင်ခန်းစာတချို့ ရယူနိုင်မယ်လို့ မျှော်လင့်ပါတယ်)
အဲခေါင်သောင့်
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment