Friday, February 10, 2012

သမိုင်း ဖြစ်ရပ်မှန် ဆိုသည်မှာ

စောခင်ထွန်း

ဒို့တာဝန် အရေး သုံးပါးအနက် ကျွန်တော် အသည်းစွဲတဲ့ အချက် တချက်ကတော့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ဒို့အရေး ဆိုတဲ့ အချက်ပါပဲ။ ဒီအချက် နဲ့ကို ကျန်တဲ့ အချက် နှစ်ချက် ပြည့်စုံ သွားတယ်လို့ ခံစား မိလို့ပါပဲ။ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ဘယ်လောက် အရေးကြီးလဲ ဆိုတာ ကျွန်တော် အကျယ်ချဲ့ နေစရာ လိုမယ် မထင်ပါ။ အချင်းချင်း မညီမညွတ်လို့ ကွဲကြ၊ ပြဲကြ၊ တိုက်ကြ၊ ခိုက်ကြတာလည်း နှစ်ပေါင်း ဘယ်လောက် ကြာနေပြီလဲ။ ပြန်ပြီး စဉ်းစား ဆင်ခြင်ဖို့ ဒီကနေ့  ပြည်ထောင်တွင် ရှိတဲ့ တိုင်းရင်းသား တိုင်းအတွက် ပထမ ဦးစားပေး ကိစ္စ  တစ်ရပ်ပါ။

ကျွန်တော်တို့  ပြောရရင် လူဖြစ်လာ ကတည်းက ဒုတိယ ကမ္ဘာစစ်ကြီးနဲ့  ကြုံရတယ်။ ပြီးတော့ လွတ်လပ်ရေး မတိုင်မီနဲ့ လွတ်လပ်ရေး ရပြီးကတည်းက ပြည်တွင်း သောင်းကျန်းမှုကြီး ကျွန်တော် ကရင်တဦး ဖြစ်လေတော့ ကရင်အကြောင်း ပြုပြီး ဒီကိစ္စ စဉ်းစား သွားချင်ပါသည်။ အင်္ဂလိပ် အပြေး ဂျပန်အ၀င်က စခဲ့တဲ့ ကရင်-ဗမာ ပဋိပက္ခ အခု ရှင်းသွားပြီလား။ ဒါကိုပဲ ဆင်ခြင် နေမိသည်။ တကယ် ရှိခဲ့တဲ့ ဖြစ်ရပ်မှန်ကို ဖုံးကွယ်ရုံ မြှောက်ဖျက်ရုံနဲ့ ကရင်-ဗမာအဓိကရုန်းတွင် တာဝန် မကင်းခဲ့ပါ ဆိုတဲ့ ဗိုလ်ကျော်ဇောပုံ မရှင်းနိုင်ပါဘူး။ ဟိုတုန်းက ဖြစ်ပျက်ခဲ့တာကို အကြောင်းပြုပြီး သံသယ စိတ်တွေ ကိန်းအောင်း နေမယ်ဆိုရင် ပြီးနိုင်စရာ ပြေလည်စရာ နည်းပါလိမ့်မယ်။

နည်းလမ်းကတော့ ဖြစ်ရပ်တွေကို ကောင်းကောင်း နားလည် သဘောပေါက် အဖြေရှာကြဖို့ပဲ ဖြစ်တယ်။ အဖြေကို ကျွန်တော် စဉ်းစား အဖြေရှာနေတုံး ဖြစ်ရပ်မှန် တချို့ကို (၂၀၁၁)ခုနှစ် ဇူလိုင် (၂၁)ရက်နေ့ထုတ် Northern Star ဂျာနယ်မှာ သခင်တင်မြ ရေးတဲ့ ဆောင်းပါးနဲ့ (၂၀၁၁)ခုနှစ် သြဂုတ်လ (၂၅)ရက်ပါ ကျော်ဇင်(စာနယ်ဇင်း)တို့ရဲ့ ဆောင်းပါး နှစ်ပုဒ်တို့မှာ သူတို့၏ အတွေ့အကြုံ သိရှိထားတဲ့ ကရင်-ဗမာ အရေးကိစ္စ အရှိတိုင်း ရေးချလိုက်တာကို ဖတ်ရှူလိုက်ရတဲ့အတွက် ၀မ်းလည်းသာ၊ ကျေးဇူးလည်း တင်ရပါတယ်။ ဘာကြောင့်လည်း----- ကျွန်တော် တခါမှ တိတိကျကျ သေသေချာချာ မသိခဲ့တဲ့ အကြောင်းတွေ သိလိုက်ရလို့ပဲ။ အလွန်ကောင်းတဲ့ အဖြေတခု ကျွန်တော် ရရှိလိုက်ပါတယ်။

ဟိုတုန်းက တဆင့်စကားနဲ့ ကြားခဲ့ရတာတွေဟာ မတိကျ မရေရာတွေပါ။ မသေချာတော့ တဆင့်စကားနဲ့ တစ်ဦးအပေါ် တစ်ဦး အမုန်းပွားခဲ့ခြင်းက ကရင်-ဗမာအရေး ပေါ်ခဲ့တယ်လို့ ကျွန်တော် သုံးသပ်မိတယ်။ ဆရာကြီး နှစ်ဦးရဲ့ ဆောင်းပါးများကို ကျွန်တော် ညွန်းနေရုံနဲ့ မပြည့်စုံလို့ ယူဆတဲ့အတွက် သူတို့ရဲ့ အာဘော်အတိုင်း ဖြည့်စွက် ဖော်ပြချင်ပါတယ်။ ဆရာကြီးနှစ်ဦးကိုလည်း ဒီဆောင်းပါးထဲကနေ ခွင့်ပန်လိုပါတယ် ခင်ဗျား။

ဆရာကြီး သခင်တင်မြ ရေးသားချက် (အစဖော်ပြ) (၁၉၄၂)ခု ဧပြီလ ဆန်းလောက်တွင် ကရင်-ဗမာ ပဋိပက္ခ စတင်ဖြစ်ပွားရခြင်း ဖြစ်သည်။ မတ်လတွင် ဗြိတိသျှတပ်များ ဆုတ်ခွာသွားရာတွင် လက်နက်ကိုယ်စီဖြင့် ကိုယ့်ဒေသ၊ ရပ်ရွာများကို ပြန်လာကြသည့် ကရင်စစ်သားများသည် မိမိတို့ ကျေးရွာ ပြန်အရောက်တွင် ကျေးရွာ စည်းရိုးများကို အခိုင်အခံပြု ကတုတ်ကျင်းများ တူး၍ အစောင့် အရှောက်များကို စနစ်တကျ ချထားလေတော့သည်။ 

`ဤတွင် လွပ်လပ်ရေး စိတ်ဓါတ်ဖြင့် သွေးကြွနေသည့် ဒေသဆိုင်ရာ BIAတပ်သားများသည် ကရင်စစ်ပြေးထံမှ လက်နက်များကို အတင်းသိမ်းရာ ဤတွင် ကရင်-ဗမာ ပဋိပက္ခ ဖြစ်ပွားလာတော့သည်။ ကရင်စစ်ပြေးများသည် လက်နက်ကို ခံမင်ကြသည်ဖြစ်ရာ BIAတပ်သားများကို စစ်ပြေးကရင်များကလည်း လွတ်လပ်ရေးအတွက် စိတ်ဓါတ်ပြင်းစွာဖြင့် ဗြိတိသျှ နယ်ချဲ့သမားများကို တိုက်ခိုက် ဖျက်ဆီးသူများဟု မြင်နေသဖြင့် ကရင်-ဗမာ ပဋိပက္ခသည် ပိုမို ကျယ်ပြန့်လာတော့သည်။

ဗမာ့ လွတ်လပ်ရေး တပ်မတော် စစ်သေနာ ပတိချုပ် ဗိုလ်မှူးကြီး မိုးကြိုး (ကာနယ်ဆူဇူကီး)၏ လက်ထောက် ဂျပန်တပ်မှူး တဦး ဖြစ်သည့် ဗိုလ်အီဂျူးမားသည် ကရင်စစ်ပြေး လက်ဖြောင့် သမားတဦး၏ လက်ချက်ဖြင့် မြောင်းမြ သိလ္လာနယ်တွင် ကျဆုံးသွားခြင်းကြောင့် ဗိုလ်မိုးကြိုးတယောက် ဒေါသ အကြီးအကျယ် ထွက်ပြီး မြောင်းမြနယ်သို့ စစ်ဆင်ရေး အမိန့် ထုတ်လိုက်သည်။

ဤစစ်ဆင်ရေး အမိန့်ထုတ်သူမှာ ဗိုလ်မိုးကြိုးဖြစ်ပြီး တပ်ရင်းတရင်း ပို့ရသူသည် ဗိုလ်ကျော်ဇော ဖြစ်ပါသည်။ ထိုအချိန်က ဗမာ့တပ်မတော် မြောက်ပိုင်း ချီတပ်နှင့် အတူ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်မှူးကြီးလက်ျာ၊ ဗိုလ်မှူးကြီး ဇေယျ၊ ဗိုလ်မှူးကြီး နေ၀င်းစသည့် ဗမာ့လွတ်လပ်ရေး တပ်မတော် တပ်မှူးကြီးများသည် ရန်ကုန်တွင် မရှိကြပါ။ 

အခြေအနေ ပိုဆိုးသွားသည့် အကြောင်းမှာ မြောင်းမြသို့ ဗိုလ်မိုးကြိုးအမိန့်ဖြင့် စေလွတ်ခဲ့သည့် ဂျပန် BIAတပ်များ ရောက်သွားပြီး ကရင်ရပ်ကွက်ကို ၀ိုင်း၍ တိုက်ခိုက်ကြရာ ကရင်နိုင်ငံရေး ခေါင်းဆောင် စောဖေသာ (စစ်မဖြစ်မီက ဥပဒေပြု လွတ်တော် ဒုတိယဥက္ကဌနှင့် နန်းရင်းဝန်၊ ၀န်ကြီးချုပ် ဂဠုန်ဦးစော၏ အစိုးရ အဖွဲ့ဝင် ၀န်ကြီး)က သေနတ်ဖြင့် ခုခံတိုက်ခိုက်ရာ သူ့ဇနီး (အင်္ဂလိပ်မ)နှင့် ကလေးနှစ်ယောက်ပါ ပစ်သတ်ခံရပြီး မီးရှို့သဖြင့် သေဆုံးသွားခြင်း၊ အိမ်မဲမြို့တွင်လည်း ဗုံးကျင်းထဲ ၀င်ပုန်းနေကြသည့် ခရစ်ယာန် သီလရင်နှင့် ကရင်အမျိုးသမီး သူနာပြုများကို ယိုးဒယားပြန် ဗိုလ်လှဖေနှင့် ဗိုလ်စိန်မှန်တို့ ခေါင်းဆောင်သည့် တပ်များက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းတို့သည် မီးလောင်ရာ လေပင့်သကဲ့သို့ ဖြစ်စေခဲ့ပါသည်။ ဗိုလ်ကျောဇောသည် ဤကရင်-ဗမာ ပဋိပက္ခဖြစ်ပွားစေရန် လှုံဆော်သူ မဟုတ်ပါ။ စတင် ဖြစ်ပွားစေခဲ့ခြင်းမှာ ဂျပန် ဗိုလ်မိုးကြိုး အမိန့်ကို နာခံ၍ မိမိလက်အောက်ရှိ တပ်များကို အပ်လိုက်ရခြင်းသာ ဖြစ်ပါသည်။ သို့သော် ဗိုလ်ကျော်ဇောသည် သွယ်ဝိုက်ပြီး တာဝန်ရှိသူအဖြစ် အမြဲ နောင်တရနေသူ ဖြစ်သည်။ (အဆုံးဖော်ပြ)

ဆရာကျော်ဇင်(စာနယ်ဇင်း) ဆောင်းပါးတွင်ကား ဗိုလ်ချုပ်ကျော်ဇော၏ ကိုယ်ရေး အတ္ထုပ္ပတိမှ ဖြစ်ကြောင်း ဖော်ပြထားပါသည်။ လိုရင်းကို ထုတ်နှုတ် ဖော်ပြသွားပါမည်။

(အစဖော်ပြ) ရန်ကုန်တွင် ကျွန်တော် (ဗိုလ်ကျော်ဇော)၏ တပ်သား ချန်ထားပြီး အောက်မြန်မာနိုင်ငံ BIAတပ်ဖွဲ့များကို အုပ်ချုပ် ထိန်းသိမ်းရန်နှင့် ရန်ကုန်တွင် ကျွန်တော်က ဗိုလ်သင်တန်းတခု ဖွင့်ပြီး စစ်ဗိုလ်လောင်းများကို သင်တန်းပေး၍ နောင်တပ်သစ်များ ဖွဲ့ရာတွင် ဗိုလ်လောင်းရရှိအောင် စုဆောင်းထားရန် တာဝန်ပေးပါသည်။

ထိုကာလအတွင်းမှာ အောက် မြန်မာ နိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသတွင် BIAတပ်များက ကရင်များကို သတ်ဖြတ်ခြင်း ဆိုတဲ့ ကိစ္စ ပေါ်လာခဲ့ပါသည်။ ထိုကိစ္စ ကျွန်တော် မှတ်မိသလောက် ယခုပြန်ပြီး ရေးပါမည်။ ဒီကိစ္စ ကျွန်တော် ဗိုလ်ကျော်ဇော တာဝန် မကင်းခဲ့ပါ။ ဧရာဝတီ မြစ်ဝကျွန်းပေါ် မြောင်းမြ ခရိုင် အတွင်း ဖြစ်သည်။ ကာလက (၁၉၄၂)ခုနှစ် အလယ်လောက်မှာ ဖြစ်ပြီး အင်္ဂလိပ်တပ်များက ဂျပန်နှင့် BIAတို့၏ ထိုးစစ်ကြောင့် အိန္နိယသို့ အပြင်းဆုတ်ခွာနေချိန် ဖြစ်သည်။ ၄င်းတို့က ဆုတ်ခွာမှုကို အထောက်အကူ ပြုစေရန် ၀ါဒ ဖြန့်ခဲ့တာက တို့မတတ်သာလို့ ဆုတ်ခွာရတယ်။ သုံးလအတွင်း ပြန်လာကြမယ်။ ဒီအတွင်း မင်းတို့ ဂျပန်ကို တတ်နိုင်သလောက် ဆန့်ကျင် တိုက်ခိုက်ကြဟု လှုံဆော်ခဲ့ကြသည်။ လက်နက်အချို့ကို ထုတ်ပေးခဲ့သည်ဟု ဆိုကြသည်။ ထို့ကြောင့် ဗြိတိသျှတို့ကို လိုလား အားကိုးကြသော ကရင်အမျိုးသား အများစု ရှိရာ မြစ်ဝကျွန်းပေါ်မှာ ကရင်ပုန်ကန်မှု စတင်ဖြစ်ပွားခဲ့သည်။ သူပုန်ခေါင်းဆောင် ကရင်အမျိုးသား ရွေထွန်းကြာ ဖြစ်သည်။

တပ်ကူ လွတ်သင့် မလွတ်သင့် စဉ်းစားနေစဉ် ထိုကာလက ကျွန်တော်ရုံးကို မကြာခဏ လာတတ်ပြီး အကူအညီ အကြံဉာဏ်များ ပေးနေတတ်သည့် သခင်ဗိုလ်က “ဒီကိစ္စ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းတာ ကောင်းတယ်။ ရန်ကုန် သရက်တောတိုက်မှာ ကရင်ဘုန်းကြီး ဦးပဏ္ဍ၀ဆိုတာ ရှိတယ်။ သူဟာ နိုင်ငံရေးလည်း နားလည်၊ ကရင်တွေ အပေါ်မှာလည်း အတော် သြဇာ ရှိတယ်။ ထိုဆရာတော်ကို ကာကွယ်ဖို့ တပ်နည်းနည်း ပေးပြီး ထိုဒေသအတွင်း လှည့်လှည်ရင်း ငြိမ်းချမ်းရေး တရားဟော နားချရင် ငြိမ်းချမ်းနိုင်တယ်။”ဟု အကြံပြုပါသည်။

ကျွန်တော်သည် ကျွန်တော်တပ်မှ သင့်တော်မည့် တပ်စု(လူသုံးဆယ်)ခန့် ဆွဲထုတ်ပြီး ဗိုလ်သင်တန်းမှ အတော် ရည်မွန် ပျော့်ပြောင်းတဲ့ တက္ကသိုလ် ကျောင်းသားတဦးကို လက်ဖတင်နဲ့ ဗိုလ်ရာထူးပေးပြီး သခင်ဗိုလ် အစီအစဉ်အတိုင်း ဆရာတော် ဦးပဏ္ဍ၀နှင့် ထိုကရင်ဒေသသို့ လွတ်လိုက်ပါသည်။ ရွာတွေ လှည့်ပြီး တရားဟောကြသည်။ ဒီကြားထဲ သူပုန်ခေါင်းဆောင် ရွေကြာထွန်းက တပ်မှူးနှင့် စကားပြောလိုကြောင်း ခေါ်၍ တပ်သားနှစ်ယောက် လွတ်လိုက်ရာ သတ်ပစ်ခြင်း ခံရပါသည်။. နောက်တကြိမ်လည်း ဒီလိုပဲ ခံရသည်။ ဆရာတော်က စိတ်မပျက်ပဲ ဆက်ဟော ပြောနေသည်။ ထိုကြောင့် အခြေအနေ အတော် အေးချမ်းစ ပြုလာသည်။ 

ထိုအချိန်မှာ ဗိုလ်မိုးကြိုး(ဆူဇူကီး)၏ မီနာမီကန်မှ ဂျပန်တွေ ထိုကိစ္စ သိသွားသည်။ ဒီငြိမ်းချမ်းရေး ကိစ္စ သူတို့ လုပ်မည်ဆိုကာ ဂျပန် ဗိုလ်မှူးကြီးတဦး ခေါင်းဆောင်ပြီး ကျွန်တော့် တပ်စုလေးနှင့်အတူ ထိုဒေသသို့ ထွက်သွားကြသည်။ ယင်းဗိုလ်မှူးကြီး ထိုဒေသတွင် ကျဆုံးသွား သဖြင့် ဗိုလ်မိုးကြိုးက ကျွန်တော့်ကို ခေါ်ပြီး မြောင်းမြသို့ သွားပါသည်။ ကျွန်တော် တပ်စုလည်း အထိနာ ခေါင်းဆောင် ဗိုလ်ကလေးလည်း ကျဆုံးသွားသည်။ ဗိုလ်မိုးကြိုးက သူပုန်ရှိသည်ဟု ယူဆရသော ရွာများကို တက်သိမ်းရန် တိုက်ခိုက်တော့သည်။ ခုခံသူ အားလုံးကို သတ်ခိုင်းသည်။ တစ်ပတ်ခန့် တိုက်ခိုက်ရာ ကရင် ရွာသူရွာသား အများအပြား သေခဲ့ပါသည်။ ဗိုလ်မိုးကြိုးသည် ထိုသို့ တိုက်ခိုက်ရန် သတ်ရန် ကိုယ်တိုင် အမိန့် ပေးသလို ကျွန်တော်က တဆင့်လည်း အမိန့်ပေးပါသည်။ (အဆုံးဖော်ပြ)

ဤမျှဆိုလျှင် စာဖတ်သူအနေနှင့် သုံးသပ်စရာ အချက်အလက် ပြည့်စုံနိုင်ပေသည်။ ကျွန်တော်အနေနှင့် ဆရာကြီး သခင်တင်မြ ဖော်ပြသည့် အချက်များနှင့် ဗိုလ်ချုပ် ကျော်ဇော ကိုယ်တိုင်ရေးမှ ကောက်နှုတ်ဖော်ပြချက်အရ တာဝန်ရှိသူကို ကွက်ကွက်ကွင်းကွင်း မြင်ရပါသည်။ ကာယကံရှင်၏ ရေးသားချက်မှာ အဓိက ဖြစ်ပါသည်။ တစ်စုံတရာ ချန်လှပ်ထားခြင်း ရှိမရှိကိုတော့ ကျွန်တော် မဝေဖန်လိုပါ။ ဤမျှနှင့်ပင် ကရင်-ဗမာအရေး ဘယ်သူ တရားခံလဲ တွေ့နိုင်ပြီဟု ဆိုချင်ပါသည်။ ဗိုလ်ချုပ် ကျော်ဇောကိုယ်တိုင်က တာဝန်မကင်းပါဟု အတိအလင်း ရေးသလို ဤကိစ္စအတွက် အမြဲ နောင်တရနေကြောင်း ဆိုသည်မှာ ၀န်ခံချက်ပင် ဖြစ်သည်။ ဤတွင် ကျွန်တော်အနေဖြင့် ဗိုလ်ချုပ် ကျော်ဇောကို အပြစ်မြင်သည် ဆိုသည်ထက် ချီးကျူးလိုပါသည်။ ဤကိစ္စ သူကိုယ်တိုင် ပြော၍သာ ကျွန်တော်တို့ သိရသည်။ အမှားကို ၀န်ခံရဲသူ ရှားပါးသည်။ ဤသို့ ၀န်ခံလိုက်ခြင်းကြောင့် ကရင်-ဗမာ သမိုင်း အဖုအထစ်ကြီး ပြေသွားစေနိုင်သည်ဟု ကျွန်တော် ဤသို့ ဆိုချင်ပါ၏။

ဒီတော့ ဘာလုပ်ချင်သလဲ၊ ဗိုလ်မိုးကြိုးလည်း မရှိတော့ပါ။ ဗိုလ်ချုပ် ကျော်ဇောလည်း သူ့သဘော သူဆောင်လျှက် တပ်မတော်မှ ဇတ်သိမ်းသွားခဲ့ပြီ။ ယခုအသက်လည်း ကြီးလှပြီ။ ထို့ပြင် မြန်မာနိုင်ငံ တွင်းမှာ မနေနိုင်၍ အိမ်နီးချင်း တနိုင်ငံတွင် ခိုလှုံလျက် ဖုတ်လှိုက်ဖုတ်လှိုက် ဖြစ်နေချိန်ပါ။ ခွင့်လွတ်ကြပါ ဟူ၍ လည်းကောင်း၊ အရေးယူပါ ဟူ၍ လည်းကောင်း ပြောဆိုရမည့် အချိန် အဟုတ်တော့ပါ။ ကိုယ်ဆက်လုပ်စရာ ဘာလဲ ဆိုတာကိုသာ စဉ်းစား၍ အဖြေရှာရန် သာ ရှိပါတော့သည်။ တစ်ဦး အပေါ် တစ်ဦး အပြစ်ဆိုရေးလော၊ တစ်ဦးနှင့် တဦး ချစ်ကြည်စွာ လက်တွဲလျက် ဒို့တာဝန် အရေးသုံးပါးကို လက်တွေ့ရှိရှိ အနှစ်သာရ အကောင်အထည်ဖော်ရေးလော။
စောခင်ထွန်း (၂၇၅၀ခုနှစ်ထုတ် ကရင့်ကြေးမုံမှ ပြန်လည် ဖော်ပြသည်။)
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment